ရေနံချောင်း ၂၉ မေ
ရေနံချောင်းမြို့နယ် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် တတိယအကြိမ် စေတနာ့ဝန်ထမ်း ဆင့်ပွားသင်းတန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံ (၁၀)စုံ၊ နှာခေါင်းစည်း(၃)ဘူး၊ Hand Gel (၂)ဘူး၊ မျက်မှန်တစ်ခုတို့အား မြို့နယ်အဆင့် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့သို့ ပေးအပ်လှူဒါန်းရာ ရေနံချောင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ ရေနံချောင်းမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းနှင့် တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်နန္ဒာနွယ်၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဆန်းထွန်းနှင့် လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ကြသည်။
သင်တန်းတွင် သင်တန်းဆရာမ ဒေါက်တာနှင်းအိဖြူက စေတနာ့ဝန်ထမ်းတစ်ဦး၏ တာဝန်နှင့် လုပ်ငန်းဆောင်ရွက် မှုနည်းလမ်းများကို သင်ကြားပို့ချခဲ့ရာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ သင်တန်းသား ၄၀ ဦးတက်ရောက်ခဲ့သည်။
ရေနံချောင်းမြို့နယ်တွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် စာရင်းပေးသွင်းထားသူ ၃၄၆ ဦးရှိပြီး ယခု သင်တန်းသား ၃၅ ဦးအား သင်ကြားပို့ချပြီးဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး


