ရေနံချောင်း ၂၄ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဧရာဝတီမြစ်အတွင်း ဇူလိုင်၂၃ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က ဖရဲကျွန်းကျေးရွာမှ စက်လှေတိမ်းမှောက်ပြီး လူ (၃၉) ဦးပျောက်ဆုံးခဲ့ရာမှ ယနေ့နံနက်တွင် (၄) ဦး သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်။
ဖြစ်စဉ်မှာ ရေနံချောင်းမြို့နယ် ဖရဲကျွန်းကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသား (၁၅၀) ခန့်သည် ဇူလိုင် ၂၃ ရက် ညနေ (၃) နာရီ (၁၅) မိနစ်ခန့်က ကန်သာကျေးရွာသို့ စက်လှေနှစ်စီးဖြင့် ရောက်ရှိလာပြီး အငြင်းပွားလျက် ရှိသော မြေပေါ်တွင် ဆောက်လုပ်ထားသည့် ဦးဝင်းဦးနှင့် ဦးမောင်ဝင်းတို့၏ နေအိမ်နှစ်လုံးနှင့် ပတ်သက်၍ ကန်သာကျေးရွာမှ ကျေးရွာသားများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး လေးခွ၊ တုတ်များဖြင့် အပြန်အလှန်ပစ်ခတ်ကာ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်တွင် ဖရဲကျွန်းကျေးရွာသို့ ပြန်လည်ထွက်ပြေးစဉ် ဧရာဝတီ မြစ်အတွင်း စက်လှေတိမ်းမှောက်ပြီး လူ ၃၉ ဦး ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
''ကျေးရွာနှစ်ရွာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဖရဲကျွန်းကျေးရွာသားများက စက်လှေနဲ့ပြန်လည်ဆုတ်ခွာတဲ့ အချိန်မှာ တိမ်းမှောက်ခဲ့တာပါ။ စက်လှေပေါ်ပါတဲ့ လူ ၃၉ ဦး ပျောက်ဆုံးနေပြီး ယနေ့ ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီ ဝန်းကျင်က ရေထဲကနေ ကျား ၂ ဦး၊ မ ၂ ဦး သေဆုံးလျက်ပြန်လည်တွေ့ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေလည်း ဆောင်ရွက်နေပါတယ်''ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟောက ပြောသည်။
အဆိုပါနေရာသို့ မကွေးခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့မှူးများနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက နယ်မြေအေးချမ်းရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN