ရေနံချောင်း၊ ၂၂ ဇန်နဝါရီ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု စတီး/သံဂဟေဆက်နည်း သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် နံနက် ပိုင်းက နဂါးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းဆင်းပွဲတွင် ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဦးဇော်လင်းနိုင်က ယခုအခါသစ်နှင့်ဝါးများ ရှားပါးလာသည့်အတွက် အိမ်ဆောက်ပစ္စည်း၊ ခုတင်၊ ထိုင်ခုံနှင့် အခြားအသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရာတွင် သစ်/ဝါးများအစား စတီးနှင့်သံထည်ပစ္စည်းများကို အသုံးများ လာသည့်အတွက် စတီး/သံဂဟေဆက်နည်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပို့ချပေးလိုက်သော စတီး/သံဂဟေဆက်နည်းများကို အကျိုးရှိရှိအသုံးချစေလိုကြောင်းနှင့် သင်တန်း ကာလ ပြီးဆုံးသည်အထိ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသည့် သင်တန်းသားအား ကျေးဇူးတင်ကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေး မှူး ဦးဇော်လင်းနိုင်နှင့် တက်ရောက်လာသောဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသားတစ်ဦးခြင်းစီအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။

အဆိုပါသင်တန်းကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ သင်တန်းဆရာသုံးဦးက စတီး/သံဂဟေဆက်ခြင်းနှင့် ပတ်သက်၍ တေ့ဆက်၊ ထိပ်ဆက်၊ထောင့်ဆက်၊T ပုံစံအဆက်၊အနားစောင်းအစွန်းဆက် စသည့်ဂဟေဆက်နည်း အမျိုးမျိုးကို သင်တန်းသား ၂၃ ဦးအား သင်တန်းကာလနှစ်ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး