ရေနံချောင်း ၁၆ မေ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ရွှေတုတ်ကန်ကျေးရွာအုပ်စု ဝါးရိုးကျေးရွာ စာသင်ကျောင်းတွင် ယာယီပြောင်းရွေ့နေထိုင်လျက်ရှိသော မီးဘေးသင့်ပြည်သူများအတွက် မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနက အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို မေ ၁၅ ရက်(မီးလောင်မှုဖြစ်ပွားသည့်နေ့)က ပြည်သူများ လက်ဝယ်အရောက် ချက်ခြင်းလာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ် ဝါးရိုးကျေးရွာတွင် မေ ၁၅ ရက် နံနက် ၁ နာရီခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၂ လုံး၊ နွားနှစ်ကောင်နှင့် ဝက်တစ်ကောင် မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၁၄ စုမှ လူဦးရေ ၆၀ ဦး မီးဘေးသင့်ခဲ့သည်။
အဆိုပါမီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် ရေနံချောင်းမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာမြင့်နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအဖွဲ့များက မီးဘေးသင့် အိမ်ထောင်စု ၁၄ စုအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် ၁၃ သိန်း၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ၁၂၆၀ဝ၀ ကျပ်နှင့် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကိုလည်းကောင်း၊ မြို့နယ်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အိမ်ထောင်စုတစ်စုလျှင် ဆန်ရှစ်ပြည်၊ ဆီတစ်ပိဿာ၊ ကြက်သွန်တစ်ပိဿာ၊ ဆားငါးဆယ်သား၊ ငါးခြောက်တစ်ပိဿာ၊ ရေသန့်တစ်ကတ် တို့ကိုလည်းကောင်း မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး


