ရေနံချောင်း ၁၃ ဧပြီ
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ် ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် ဆန်ရှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲတစ်ပိသာ၊ ကြက်သွန်နီတစ်ပိသာတို့ကို ရေနံချောင်းမြို့နယ် အတွင်း ဧပြီ ၁၀ ရက်နေ့က စတင်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက် ကျေးရွာများ အရောက် လိုက်လံဖြန့်ဝေပေးလျက်ရှိရာ ကျန်ရှိနေသော အိမ်ထောင်စုဝင်များအား ယမန်နေ့က ဖြန့်ဝေပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။
ရေနံချောင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စားသောက်ကုန်ပစ္စည်းငါးမျိုးထောက်ပံ့ရန် စာရင်းများကောက်ယူရာတွင် မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်တွင် အခြေခံအိမ်ထောင်စု ၂၇၈၆ စု၊ ကျေးရွာအုပ်စု ၂၉ အုပ်စုတွင် အိမ်ထောင်စု ၅၆၆၀ ကောက်ယူရရှိပြီး စုစုပေါင်း အခြေခံအိမ်ထောင်စု ၈၄၄၆ စုမှ လူဦးရေ ၃၆၃၀၉ ဦးအတွက် ဆန် ၂၈၁၅.၃၃ အိတ်၊ ဆီ ၄၂၂၃ ပိသာ၊ ဆား ၄၂၂၃ ပိသာ၊ ပဲ ၈၄၄၆ ပိသာ၊ ကြက်သွန်နီ ၈၄၄၆ ပိသာတို့ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး


