ရေနံချောင်းမြိုနယ်အတွင်း ကျေးရွာ ၁၆ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်

ရေနံချောင်း ၂၃   နိုဝင်ဘာ 

 

မကွေးတိုင်ဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁၆)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ကျေးရွာ၏ အဓိကလိုအပ်ချက်များဖြစ်သော ဖွံ့ဖြိုးရေးစီမံချက်လုပ်ငန်းများကို ရေးဆွဲစေပြီး အဆိုပါ စီမံချက်လုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် သတ်မှတ်ကာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)အဖြစ် ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀ဝ ထောက်ပံ့ကာ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင်ထံမှ သိရသည်။

 

“ကျနော်တို့ ရေနံချောင်းမြို့နယ်အတွင်း ယခုဘဏ္ဍာရေးနှစ်အတွင်းမှာတော့ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကို ကျေးရွာ(၁၆)ရွာ၌ ငွေကျပ်သိန်း ၁၀ဝ စီထောက်ပံ့ကာ ကျေးရွာ ဖွံ့ဖြိုးရေးစီမံချက်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများထဲမှ ကျေးရွာ(၈)ရွာမှာ စီမံကိန်းမိတ်ဆက်ရှင်းလင်းတာတွေ၊ ဖွံ့ဖြိုးရေးကော်မတီ ဖွဲ့စည်းတာတွေ ဆောင်ရွက်ပြီးဖြစ်တယ်လို့” မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင်က ပြောသည်။

 

ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို ယခုဘဏ္ဍာရေးနှစ်တွင် စမ်းမြိုင်လယ်၊ နတ်ကန်ဦး၊ အောင်သာ၊ လယ်ကျဉ်းရိုး၊ တည်ပင်စခန်း၊ သရက်တော၊ သဖန်းချောင်း၊ ညောင်ပင်အိုင့်၊ ညောင်ကုန်း၊ သပြေပင်၊ ချောင်းမကြီး၊ ဖရဲကျွန်းရွာမ၊ ညောင်ပင်ခါး၊ ညောင်ဇောက်ချောင်း၊ ခြံကန်တောင်၊ ကမ္မကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်

 

၁