ရေနံချောင်း ၁၈ စက်တင်ဘာ
လူမှုဝန်ထမ်းဦးစီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွက် ရေနံချောင်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် အဘိုးအဘွား ၆၉၂ ဦးအား သက်ကြီးလူမှုရေးပင်စင်ထောက်ပံ့ငွေများကို အဘိုးအဘွားများ လက်ဝယ်အရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။
"ထောက်ပံ့ငွေတွေကို စက်တင်ဘာ ၁၆ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ကျွန်တော်တို့ကို ပေးတယ်။ ကျွန်တော်တို့က တစ်ဆင့် ရပ်ကွက်/ကျေးရွာ လူမှုကာကွယ်စောင့်ရှောက်ရေး ကော်မတီဝင်များနဲ့အတူ သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် လိုက်လံပေးပါတယ်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ကျွန်တော့်ရပ်ကွက်အတွင်းမှာရှိတဲ့ အဘိုးအဘွား ၄၀ ကို ပေးအပ်ပြီးပါပြီ"ဟု ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ကိုက ပြောသည်။
အဆိုပါထောက်ပံ့ငွေများကို အဘိုးအဘွားတစ်ဦးလျှင် တစ်လငွေကျပ် ၁၀ဝ၀ဝ နှုန်းဖြင့် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ လတို့အတွက် ပေးအပ်ခြင်းဖြစ်ပြီး ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက် ၁၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၉ အုပ်စုမှ အသက် ၈၅ နှစ်အထက် အဘိုးအဘွား ၆၉၂ ဦးအတွက် ထောက်ပံ့ငွေ ၂၀၇၆၀ဝ၀ဝ ကျပ်ကို အဘိုးအဘွားများ လက်ဝယ်အရောက် ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး


