ရေနံချောင်း ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းကြက်သွန်နီသီးနှံ ၃၂၃၈ ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအချိန်ထိ ၂၂၄၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ် ဆောင်းကြက်သွန်နီ စိုက်ပျိုးရာတွင် အရည်အသွေးပြည့်မီသည့် သီးနှံများထွက်ရှိရေး၊ အထွက်နှုန်း တိုးတက်ကောင်းမွန်ရေး၊ တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက လိုအပ်သည့် နည်းပညာများ ကူညီပံ့ပိုးပေးကြောင်းနှင့် သဘာဝဓာတ်မြေဩဇာ၊ ဓာတ်မြေဩဇာ၊ စိုက်ပျိုးစရိတ်လုပ်အားခ ကုန်ကျစရိတ်များရှိသဖြင့် သီးနှံပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ကာ ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦးထံက သိရသည်။
ရေနံချောင်းမြို့နယ်၌ ယခုတစ်ပတ်အတွင်း အပင်စိုက်ကြက်သွန်နီခေါ် နွေကြက်သွန်နီ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ရောင်းချရပြီး လက်လီဝယ်ယူသူများရှိသလို အလှူပွဲရာသီဖြစ်သည့်အတွက် အလှူပွဲပြုလုပ်သူများက လာရောက်ဝယ်ယူလျက်ရှိရာ အရောင်းအဝယ်ကောင်းနေကြောင်းနှင့် နွေကြက်သွန်နီကို မတ်လနှင့် ဧပြီလများတွင် နှုတ်သိမ်းခဲ့ပြီး ကုန်သည်ပွဲစားများက ဝယ်ယူကာ လှောင်လက်ကတစ်ဆင့် ရောင်းချသလို တောင်သူများ ကိုယ်တိုင်လည်း ရောင်းချလျက်ရှိကြောင်း ကြက်သွန်နီရောင်းဝယ်လုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)