ရေနံချောင်း ၂၆ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက် စေရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ(VDP)ဖြင့် ကျေးရွာ ၁၆ ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာ တစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀ဝ နှင့် ဒေသခံပြည်သူများ၏ ထည့်ဝင် ငွေနှင့် လုပ်အားများ စုပေါင်းကာ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်များ အကောင်အထည် ဖော်ဆောင်ရွက်သွား မည်ဖြစ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့ကျေးရွာ၏ အဓိကလိုအပ်ချက်များပါဝင်သော ဖွံ့ဖြိုးရေးစီမံ ချက်များကို ကျေးရွာသားများ ကိုယ်တိုင်ရေးဆွဲပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာများ ပံ့ပိုးပေးသွားမည်ဖြစ်သည်။
ရေနံချောင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ(VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများမှာ စန်းမြိုင်လယ်၊ နတ်ကန်ဦး၊ အောင်သာ၊ လယ်ကျင်းရိုး၊ တည်ပင်စခန်း၊ သရက်တော၊ သဖန်းချောင်း၊ ညောင်ပင်အိုင့်၊ ညောင်ကုန်း၊ သပြေပင်၊ ချောင်းမကျည်း၊ ဖရဲကျွန်းရွာမ၊ ညောင်ပင်ခါး၊ ညောင်ဇောက်ချောင်း၊ ချန်ကန်တောင်၊ ကမ္မကျေးရွာတို့ ဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်လင်းနိုင်နှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက် ပေးလျက်ရှိရာ ကျေးရွာ ၈ ရွာတွင် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ တိုးတက်လာစေရန် ဘဏ္ဍာနှစ်အလိုက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၃၅ ရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၄ ရွာ စုစုပေါင်း ကျေးရွာပေါင်း ၄၉ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်း-ကိုစိုးကြီး
ဓာတ်ပုံ-ကျေးလက်


