ရေနံချောင်း၊ ၁၉ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ်၌ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဒီဇင်ဘာ ၁၉ ရက်မှစ၍ ဆိုင်ထိုင်ရောင်းချခြင်းစနစ်မှ ပါဆယ်စနစ်ဖြင့် ပြန်လည်ရောင်းချရမည် ဖြစ် ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို ဒီဇင်ဘာ ၅ ရက်ကစပြီး ဆိုင်ထိုင် စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုခဲ့သည်။ ယခုအခါ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက် ပြန့်ပွားမှု ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဒီဇင်ဘာ ၁၉ ရက်မှ ၃၁ ရက်အထိ ဆိုင်ထိုင်စနစ်မှ ပါဆယ်စနစ်ဖြင့် ပြန်လည်ရောင်းချရန်နှင့် မြို့တွင်းကူးစက်မှုအပေါ်မူတည်၍ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းကို ရက်တိုးမြှင့်သတ်မှတ်ခြင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၈ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ပြုလုပ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။
ရေနံချောင်းမြို့နယ်တွင် ဒီဇင်ဘာ ၁၈ ရက်အထိ မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ အထက်တန်းသူနာပြု ဆရာမတစ်ဦးအပါအဝင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူ ၉၉ ဦးထိရှိလာပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၈၈ ဦးရှိကာ ဆေးကုသမှုခံယူဆဲလူနာ ၉ ဦးရှိကြောင်း သိရသည်။
ကိုစိုးကြီး


