ရေနံချောင်း  ၁၈   ဇွန်

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့နေသည့် ကံသာကျေးရွာနှင့် မိန်းမလှကျေးရွာတို့မှ နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနဧည့်ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

မြစ်ကမ်းပြိုမှုကြောင့် ဘေးအန္တရာယ်ကျရောက်နိုင်သဖြင့် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကံသာကျေးရွာမှ နေအိမ် ၁၃ လုံးနှင့် မာန်မြေကျေးရွာအုပ်စု မိန်းမလှကျေးရွာမှ နေအိမ် ၂ လုံးတို့ကို ဇွန် ၁၇ ရက်က မူလနေရာ၏ အနောက်ဘက် ပေ ၃၃၀ အကွာရှိမြေလွတ်များသို့ ကြိုတင်ပြောင်းရွှေ့မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါကျေးရွာနှစ်ရွာမှ ပြောင်းရွှေ့နေအိမ် ၁၅ လုံးအတွက် နေအိမ်တစ်လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်သိန်းကျပ်နှင့် လူဦးရေ ၅၄ ဦးအတွက် တစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေ ၂၁၀၀ ကျပ် စုစုပေါင်း ထောက်ပံ့ငွေ ၁၆၁၃၄၀၀ ကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောနှင့် မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာန ရေနံချောင်းမြို့နယ်တာဝန်ခံ ဒေါ်အိသီရိမွန်တို့က ပေးအပ်ရာ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဇော်ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ကိုစိုးကြီး