ရေနံချောင်း ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ ထန်းတက်တောင်သူများ ထန်းဖိုဦးရာသီဖြစ်၍ ထန်းစပြင်လုပ်ငန်းများ စတင်လုပ်ကိုင်လျက်ရှိကြောင်း ဒေသခံတောင်သူများထံက သိရသည်။
ယခင်နှစ် လက်ကျန်ထန်းလျက်အဟောင်း တစ်ပိဿာကို လက်ရှိပေါက်ဈေး ၄၀၀၀ ကျပ်ရှိပါတယ်။ မကြာမီ အသစ်ပေါ်ထွက်မည့်ထန်းလျက်စျေးမှာ စျေးကောင်းရနိုင်သောကြောင့် ထန်းတက်လုပ်ငန်း လုပ်ကိုင်သူ ပိုများလာနိုင်ကြောင်း ရေနံချောင်းမြို့နယ်မှ ထန်းတက်တောင်သူတစ်ဦးက ပြောသည်။
ရေနံချောင်းမြို့နယ်တွင် ထန်းပင်စိုက်ဧက ၁၅၆၇ ဧက စိုက်ပျိူးထားရှိကာ ထန်းလျက်ထွက်သည့် ထန်းပင် ၁၂၃၆ ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနစာရင်းများအရ သိရသည်။
အညာဒေသတွင် ထန်းပင်များကို ယာခင်းစည်းရိုးများ၌ စီတန်းစိုက်ပျိုးလေ့ရှိပြီး ထန်းပင်မှ ထန်းလျက်၊ ထန်းရည် ရရှိသည့်အပြင် ထန်းရွက်ကို အမိုးအကာပြုလုပ်နိုင်ခြင်း၊ ထန်းလက်များကို ထန်းလက်ကုလားထိုင်၊ ထန်းလက်စားပွဲ၊ ထန်းလျှော်၊ ခြံစည်းရိုးကာရံခြင်း၊ ပင်စည်ကို အိမ်ဆောက်ပစ္စည်း၊ အိမ်ထောင်ပရိဘောဂ၊ နွားစားဂျင်းပြုလုပ်နိုင်ခြင်း၊ ထန်းသီးများကို နွားစာကျွေးခြင်း၊ အညာဒေသ၏ ရာသီစာအဖြစ် ထန်းမြစ်စိုက်ပျိုး ရောင်းချနိုင်ခြင်းတို့ကြောင့် ထန်းပင်တစ်ပင်လုံး၏ အစိတ်အပိုင်းများအားလုံး အသုံးဝင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)