ရေနံချောင်း   ၂၀  အောက်တိုဘာ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် စိန်ပန်းပင်ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ချန်ကန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့သည်။

အဆိုပါ လူထုတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာချို၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်နှင့် ဦးသိန်းလှတို့က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ လွှတ်တော်အတွေ့အကြုံများကိုလည်းကောင်း အသီးသီး ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် စိန်ပန်းပင်ကျေးရွာ အုပ်စုအတွင်းရှိ ဝဂ္ဂေါင်း၊ ချန်ကန်၊ ဇီးပင်ရိုး စသည့် ကျေးရွာများမှ တက်ရောက်လာသည့် ဒေသခံများက ကျေးရွာချင်းဆက်လမ်း ရရှိရေး၊ ကျေးလက်ကျန်းမာရေး ဌာနခွဲများရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆရာ ဆရာမ အင်အားလုံလောက်စွာရရိရေး စသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးကြရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြား ရှင်းလင်းခဲ့သည်။

အဆိုပါ လူထုတွေ့ဆုံပွဲသို့ ရေနံချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟောနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိန်ပန်းပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အုပ်စုအတွင်းရှိ ဒေသခံပြည်သူ ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး