ရေနံချောင်း  ၂၉  ဇန်နဝါရီ

 

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင် သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်း ရေနံချောင်းမြို့နယ် စခန်းကန်ကျေးရွာအုပ်စု စခန်းကန်ကျေးရွာ ဘုန်တော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

 

66+

 

အဆိုပါ ဆိုင်ကယ်ပြင် သင်တန်းဆင်းပွဲတွင် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အမှတ်(၁)နှင့် အမှတ်(၂) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်နှင့် ဦးသိန်းလှတို့က သင်တန်းဆင်း အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင်က သင်တန်းမှ သင်ကြားပေးလိုက်သော ဆိုင်ကယ်ပြင်ပညာအား မိသားစုဝင်ငွေတိုးတက်လာစေရန် လက်တွေ့အသုံးချစေလိုကြောင်း မှာကြားသည်။

 

ထို့နောက် အဖွဲ့လိုက် ဆိုင်ကယ်ပြုပြင်မှုတွင် ထူးချွန်ဆုရရှိသော အဖွဲ့များအားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ သင်တန်းဆင်း လက်မှတ်များနှင့် သင်ထောက်ကူပစ္စည်းများကို လည်းကောင်း တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ပြီး အဖွဲ့လိုက် ဆိုင်ကယ်ပြုပြင် သရုပ်ပြမှုအား ကြည့်ရှုအားပေးခဲ့သည်။

 

အဆိုပါသင်တန်းတွင် စခန်းကျေးရွာ၊ လွန်ပင်လျှိုကျေးရွာ၊ အောင်သာကျေးရွာ၊ အင်တောကျေးရွာ၊ တယ်ပင်စခန်းကျေးရွာ၊ ကန်သာကျေးရွာနှင့် ညောင်ပင်ခါးကျေးရွာတို့မှ သင်တန်းသား ၂၇ ဦး တက်ရောက်ခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်မှ ၂၉ ရက်အထိ  ၂၀ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုစိုးကြီး