ရေနံချောင်း ဇွန် ၁၉
မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အမှိုက်အမျိုးအစားအလိုက် စနစ်တကျခွဲခြားစွန့်ပစ် ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲ အခမ်းအနားကို ဇွန် ၁၇ ရက်က ရေနံချောင်း တက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများက အမှိုက်များကို စနစ်တကျခွဲခြား စွန့်ပစ်ခြင်းဖြင့် ပြန်လည်အသုံးပြုနိုင်မှု၊ ပတ်ဝန်းကျင်အတွက် ဘေးကင်းစေမှု၊ ကျန်းမာရေး ကောင်းမွန်မှု၊ စွမ်းအင်နှင့် သယံဇာတချွေတာမှု စသည်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောသည်။ ထို့နောက် အမှိုက်ခြောက်များကို အဝါရောင်အမှိုက်ပုံးတွင် လည်းကောင်း၊ အမှိုက်စိုများကို အစိမ်းရောင်အမှိုက်ပုံးတွင် လည်းကောင်း၊ ဘေးအန္တရာယ်ရှိ အမှိုက်များကို အနီရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ ပလတ်စတစ်အမှိုက်များကို အပြာရောင် အမှိုက်ပုံးတွင်လည်းကောင်း စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းကို သရုပ်ပြသပြီး ကျောင်းသား ကျောင်းသူများက လက်တွေ့လိုက်ပါဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူ များက ကြည့်ရှုအားပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီချုပ်က အမှိုက်အမျိုးအစားလိုက် စနစ်တကျခွဲခြားစွန့်ပစ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး (ဝဲပုံ) ရေနံချောင်းတက္ကသိုလ်ကျောင်း၏ Documentary ကိုပြသကာ ပါမောက္ခချုပ် ဒေါက်တာ အေးအေးသန့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
အလားတူ အထက(၁) ကျောင်းတွင်လည်း အမှိုက်အမျိုးအစားအလိုက် စနစ်တကျခွဲခြားစွန့်ပစ်ခြင်း ဆိုင်ရာ အသိပညာပေးဟောပြောသရုပ်ပွဲကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)