ရေနံချောင်း ဖေဖော်ဝါရီ ၃

 

အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်တန်းများတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမတွင် ကျင်းပလျက်ရှိသည်။

 

ဒုတိယအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားတွင် မြန်မာ့ဆိုင်းတူရိယာအဖွဲ့ဖြင့် ဘွဲ့နှင်းသဘင်အခမ်းအနား လုပ်ထုံးလုပ်နည်းများအတိုင်း ဖွင့်လှစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျင်းပခဲ့သည့် သင်တန်း စာမေးပွဲများတွင် ကောင်းစွာအောင်မြင်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေငြာပြီးဖြစ်သည့် နေ့သင်တန်းသား ဘွဲ့ရဦးရေ(၅၅၅)ဦးနှင့် အဝေးသင်သင်တန်းသား ဘွဲ့ရဦးရေ(၁၀၆၃)ဦးတို့အား မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ ဝိဇ္ဇာရိုးရိုးဘွဲ့၊ သိပ္ပံရိုးရိုးဘွဲ့တို့ကို ရေနံချောင်း တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က ဘွဲ့လက်မှတ်များပေးအပ်သည်။

 

ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီ ၂၊ ၃၊ ၆၊ ၇၊ ၈ ရက်နေ့များတွင် အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပလျက်ရှိပြီး ရေနံချောင်းတက္ကသိုလ်အနေဖြင့် တက္ကသိုလ်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၅၅၈ ဦးနှင့် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် (၁၆၁၈)ဦးရှိပြီး ယနေ့အထိ စုစုပေါင်း ဘွဲ့ရဦးရေ ၂၁၇၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားသို့ ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ်များနှင့် သဟာယအဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများ၊ သင်ကြား/စီမံ(ဌာမမှူး)များနှင့် ဆရာ ဆရာမများ၊ ဘွဲ့ရ မောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

(မြို့နယ် ပြန်/ဆက်)