ရေနံလျှော့ချထုတ်လုပ်ရေး အိုပက် - ရုရှားတို့ သဘောတူ

ဗီယင်နာ ၁၁ ဧပြီ

 

ရေနံတင်ပို့ရောင်းချသူ နိုင်ငံများ အသင်း (အိုပက်)နှင့် မဟာမိတ် ရုရှားဦးဆောင်သည့် မဟာမိတ်များ သည် ကိုဗစ်-၁၉ ကြောင့် ရေနံဈေးကွက် ကျဆင်းခြင်းကို ရပ်တန့်ရန် ရေနံထုတ်လုပ်မှု လျှော့ချရေးကို ဧပြီ ၉ ရက်က သဘောတူခဲ့ကြသည်။

 

မက္ကဆီကိုနိုင်ငံကမူ ရေနံလျှော့ချထုတ်လုပ်ရန် သဘောမတူဘဲ ယင်းသဘောတူညီမှုကို ထောက်ခံ ခြင်းမပြုခဲ့ပေ။ မက္ကဆီကိုနိုင်ငံမှအပ အခြားသောအဖွဲ့ဝင်နိုင်ငံများသည် မေ ၁ ရက်မှ စတင်ကာ တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၀ သန်းထုတ်လုပ်မှု လျှော့ချရေးကို အရေးပေါ်အွန်လိုင်း အစည်းအဝေး ခေါ်ယူကာ ဆုံးဖြတ်ခဲ့ကြသည်ဟု အိုပက်အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဧပြီ ၁၀ ရက်က ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

 

လာမည့်ခြောက်လတာအတွင်း ရေနံစည်ပေါင်း တစ်နေ့လျှင် ရှစ်သန်း ထုတ်လုပ်မှုလျှော့ချရန် သဘောတူထားသည်။ ၂၀၂၁ ဇန်နဝါရီ ၁ ရက်မှ ၂၀၂၂ ဧပြီ ၃၀ အထိ ၁၆ လတာကာလအတွင်း တစ်နေ့လျှင် ရေနံစည်ပေါင်း ခြောက်သန်း ထုတ်လုပ်မှု လျှော့ချရန် လည်းသဘောတူထားသည်။

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ယင်းသတ်မှတ်ချက် တိုးချဲ့ခြင်း ရှိ မရှိကို ဆက်လက် သုံးသပ်သွားမည်ဟု ဖော်ပြထားသည်။ ကိုဗစ် -၁၉ သည် မမြင်ရသည့် သားရဲတိရစ္ဆာန်ဖြစ်ပြီး ၎င်း၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ထိခိုက်ခံစားရစေသည်ဟု အိုပက် အထွေထွေအတွင်းရေးမှူး မိုဟာမက် ဘာကင်ဒိုကပြောသည်။ ဝယ်လိုအား နှင့် ရောင်းလိုအားမှာ ကွာခြားလွန်းနေကြောင်း၊ ယခင်တုန်းက မကြုံဖူးသည်များကို ကြုံတွေ့နေရကြောင်း ဘာကင်ဒိုက ဆက်လက်ပြောကြားခဲ့သည်။

 

ယခုကြုံတွေ့နေရသည့် အခက်အခဲကို အတူတကွ ကျော်လွှားကာ ရေနံထုတ်လုပ်သူ နိုင်ငံများ အနေဖြင့် လုပ်ငန်းကြီး ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေး အတူတကွပါဝင် ကြရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။

 

ဆင်ဟွာ