မကွေး   ၂၂   ဧပြီ

 

မကွေးတိုင်းမှထွက်ရှိသည့် ရေနံများအား မုံရွာ၊ ကျောက္ကာရွာရှိ ရေနံချက်ဖိုများဆီသို့ မျောစာဖြင့် သယ်ယူနေကြသည့် လုပ်ငန်းရှင်များအနေဖြင့် ကပ်ရောဂါကာလအတွင်း မပို့ဖြစ်လျင် မျောပြန်အပ်နိုင်ပြီး လုပ်ငန်းပြန်စချိန်တွင် သက်တမ်း တိုးပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့မှ သိရသည်။

 

မုံရွာမြို့၊ ကျောက္ကာကျေးရွာအုပ်စုတွင်ရှိသော ဒေသန္တရရေနံချက်ဖိုများအား ဧပြီ ၂၀ ရက်နေ့မှ မေ ၃၁ ရက်နေ့ထိ ယာယီရပ်ဆိုင်းထားရန် စစ်ကိုင်းတိုင်းအစိုးရက အကြောင်းကြားထားသည့်အတွက် မကွေးတိုင်းဘက်မှ မျောစာဖြင့် ရေနံသယ်ယူသည့် လုပ်ငန်းများ၌လည်း အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။

 

“သူတို့ဆီက ချက်ဖိုမရှိဘူးဆိုရင် မျောမပေးရုံပဲရှိတာပေါ့။ မနေ့က ကား(၅၆)စီး စာလက်မှတ်ထိုးပေးပြီးပြီ။ ဟို ကို သွားလို့မရဘူးဆိုရင် ကျွန်တော်တို့ဆီမှာ မျောအပ်ထားပါ။ နိုင်ငံတော်ကိုရော အခွန်ဆောင်ပြီးပြီ။ ကျွန်တော်တို့တိုင်းအတွက်လည်း Transport Pass ဖိုးတွေ သွင်းပြီးဖြစ်တဲ့အတွက် သက်တမ်းတိုးပေးရမှာပေါ့” ဟု မကွေးတိုင်းအစိုးရအဖွဲ့ ၊ သဘာဝပတ်ဝန်းကျင်၊ သယံဇာတ နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

 

ရေနံလုပ်ငန်းခွင်လုပ်သားများ၏ စားဝတ်နေရေးအတွက် ယာယီပြေလည်စေရန် မျောစာဖြင့် ပို့ဆောင်လိုပါကလည်း တိုင်းအစိုးရအချင်းချင်းချိတ်ဆက်ကာ လုပ်ဆောင်ပေးမည်ဖြစ်ပြီး ဧရာဝတီတိုင်း နှင့် မန္တလေးတိုင်းမှ ရေနံချက်ဖိုများက လက်ခံပါက လုပ်ငန်းရှင်များကို ပို့ဆောင်ခွင့်ပြုထားကြောင်း ဝန်ကြီးထံမှ သိရှိရသည်။

 

ဇေယျတု(မကွေး)