မောင်သိန်းဆိုင်
ယမန်နေ့မှအဆက်
ကိုငှက်ရိုး၏ရင်တွင် စိုးရိမ်ကြောင့်ကြရမှုများ လည်း ရှိနေရပြန်သည်။ ၎င်းမှာ မြလွှာရုံနှင့် သည် တစ်နှစ်ဆုံးအောင်မှ ကပြနိုင်ပါ့မလားဟူသော အတွေးဖြစ်သည်။ နန်းကိန္နရီနှင့် ကပြရစဉ်ကဆို လျှင် အလှူပွဲဆိုလျှင်လည်း လူစည်သည်။ ရုံသွင်း လျှင် ရုံပြည့်သည်ပင်။ ဗန်းစကားနှင့် ဆိုရလျှင်တော့ နန်းကိန္နရီနှင့်တွဲကြစဉ်က အလုပ်ဖြစ်သည်။ မြလွှာရုံနှင့်ဆိုလျှင် အလုပ်မှဖြစ်ပါ့မလား မသိ။ ထိုက်သင့်သောဝင်ငွေကိုမရလျှင် ကန်ထရိုက်တို့ ညည်းမည်။ နောင်နှစ်တွက် အခက်တွေ့နိုင်သည်။ အငြိမ့်အဖွဲ့ ပျက်နိုင်သည်။ မိုးမကျမီမှာပင် ဇာတ်ခေါင်းကွဲသွားနိုင်သည်။ ယခုကတည်းက အခြားအဖွဲ့ တစ်ဖွဲ့နှင့် စကားကမ်းလှမ်းထားလေမှ ဖြစ်တော့မည်ဟု ကိုငှက်ရိုးတွေးသည်။
လူပြက်ဆိုသည် ဇာတ်ခုံပေါ်မှာ ရယ်စရာ မောစရာ တွေ ပြောနေရပေမဲ့ အပူအပင် အကြောင့်အကြ ကင်းကြသူများမဟုတ်။ မတ်တတ်စာသာရှိသည်။ တုံးလုံးစာမရှိဆိုသည့် လူစားမျိုးပင်ဖြစ်သည်။ ကိုယ့်အထွာနှင့်ကိုယ်ဆိုသလို ဝမ်းရေးအတွက် ပူရသည်ပင်။
ယင်းသို့ဖြင့် စိတ်တွင် မတင်မကျ မရောင့်မရဲနှင့် ပင် ကိုငှက်ရိုးအငြိမ့်ထောင်ဆရာအိမ်မှ ပြန်ခဲ့ရ သည်။ နန်းကိန္နရီကန်တော့ခဲ့သော ငွေတစ်ရာ အနက်မှ ငွေအစိတ်ဖယ်ထားကာ ကျန်ငွေကို ဇနီး လက်သို့ အပ်လိုက်သည်။ ထို့နောက် ထုံးစံအတိုင်း အရက်ဆိုင်သို့ ထွက်လာခဲ့လေသည်။
အရက်ဆိုင်တွင် သူမျှော်လင့်မထားသူနှင့် တွေ့ရသည်။
“ဟေး ... ကိုမောင်မောင်ဦး”
ကိုငှက်ရိုး ဝမ်းပန်းတသာ နှုတ်ဆက်သည်။
“ေဩာ်၊ ခင်ဗျားကိုး” တစ်ဖက်မှ ပြန်၍ နှုတ်ဆက်ရင်း
“လာဗျာ၊ ထိုင်” ဆိုကာ နေရာပေးသည်။
ကိုငှက်ရိုး စားပွဲတွင်ဝင်ထိုင်သည်။ စားပွဲတွင် အခြား မျက်နှာစိမ်းဧည့်သည်တစ်ဦးရှိနေကြောင်း တွေ့ရသည်။
ကိုငှက်ရိုးက အိတ်နှိုက်ကာ ငွေထုတ်မည်ပြု သည်။
“နေ၊ နေ ကိုငှက်ရိုး။ ဒီတစ်ခါ ကျုပ်အလှည့်၊ ကျုပ်တိုက်မယ်” ဆိုကာ အရက်မှာပေးသည်။
“ခင်ဗျား ဘယ်သွားနေတာလဲဗျ။ တစ်ခါတည်း စူဠလိပ်ရေထဲလွှတ်လိုက်သလို ပျောက်သွားလိုက် တာ”
ကိုငှက်ရိုး စကားစသည်။ သူနှင့်အကျွမ်းတဝင် မရှိသေး သူ၏မျက်နှာကို အကဲခတ်သလို ကြည့် လိုက်သည်။ ထိုအခါ အကြည့်ချင်းဆုံရသည်။ ထိုသူ၏မျက်နှာကို တစ်နေရာရာ၌ မြင်ဖူးသလို ထင်မိသည်။ ရိုင်းရာကျမည်စိုးသဖြင့် မျက်လွှာချ လိုက်ရသည်။
မောင်မောင်ဦးဆိုသူသည် ကိုငှက်ရိုး၏စကားကို အဖြေမပေး။ သူပြောလိုရာကိုသာ ပြောသည်။
“ခင်ဗျားပြောတဲ့ မိန်းကလေး။ အဲ၊ သူ့နာမည် ဘာရီ”
“နန်းကိန္နရီ”
“ဪ၊ ဟုတ်ပြီ။ အဲဒီမိန်းကလေးနဲ့ ကျုပ်တို့ တွေ့ လို့ရမလား ကိုငှက်ရိုး”
သည်စကားကိုကြားရလေလျှင် ကိုငှက်ရိုး သဲ့သဲ့မျှ ပြုံးမိသည်။ နန်းကိန္နရီနှင့်ပတ်သက်သော အတွေးကို သူ့စိတ်မှာ ပြန်လည်ပေါ်ပေါက်လာသည်။
“ခင်ဗျား တစ်ရက်တည်းပဲ နောက်ကျသွားတယ်”
ကိုငှက်ရိုး၏စကားကို မောင်မောင်ဦးဆိုသူ နားလည်ပုံမရ။
“ဗျာ” ဟု ပြန်မေးသည်။
“ဒီကနေ့ပဲ နန်းကိန္နရီ ကျုပ်တို့အငြိမ့်အဖွဲ့က ထွက်သွားပြီ။ ဒေါ်ရေနံ့သာ ခင်ခင်ကြီးရဲ့အိမ်ကို ရောက်သွားပြီ”
ကိုငှက်ရိုး၏စကားကြောင့် မောင်မောင်ဦးဆိုသူ ၏မျက်နှာမှာ ရုတ်တရက် စိတ်ပျက်လက်ပျက်ဖြစ် သွားရပုံပေါ်သည်။ သူ့နံဘေးမှ အဖော်၏မျက်နှာမှာမူ တစ်စုံတစ်ခုသောအကြောင်းကြောင့် ဝင်းပလာသည် ဟု ထင်ရသည်။ မျက်လုံးများမှာ အရောင်တောက်လာ သည် ထင်ရ၏။
ကိုငှက်ရိုး ဇာတ်ကြောင်းလှန်ရသည်။ ဇာတ်စုံခင်းရ သည်။ နန်းကိန္နရီအငြိမ့်မကတော့ကြောင်း ဒေါ်ရေနံ့ သာခင်ခင်ကြီးက အပြီးအပိုင် မွေးစားလိုက်ပြီဖြစ် ကြောင်း။
ကိုငှက်ရိုး၏စကားကို သူတို့ များစွာစိတ်ဝင်တစား ရှိပုံမပြပေ။ စကားမဆုံးခင်မှာပင် ဖြတ်မေးခြင်းခံရ သည်။
“ဒါထက်။ ခင်ဗျားနဲ့ ဒေါ်ရေနံ့သာခင်ခင်ကြီးတို့ အဆက်အသွယ်မရှိဘူးလားဟင်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီးရဲ့အိမ်ကို အဝင်အထွက်မရှိဘူးလား”
“ဒါတော့ဗျာ သူစိတ်ဝင်စားတာက ကျုပ်တို့မှ မဟုတ်ဘဲ။ နန်းကိန္နရီကိုသာ အရေးတယူလုပ်တာပါ။ နန်းကိန္နရီ အငြိမ့်အဖွဲ့က ထွက်သွားပြီဆိုတာနဲ့ တစ်ပြိုင်နက် ကျုပ်နဲ့ ဘယ်လိုမှအဆက်အသွယ်မရှိ နိုင်တော့ဘူးပေါ့ ”
ကိုငှက်ရိုး သာမန်မျှသာ အဖြေပေးသည်။
သူတို့သည် စိတ်အိုက်သွားကြပုံရသည်။
“ဒါနဲ့ ခင်ဗျားက ရေနံချောင်းကဆို။ ဒေါ်ရေနံ့သာ ခင်ခင်ကြီးနဲ့ သိတယ်ဆို။ ဒေါ်ရေနံ့သာခင်ခင်ကြီးရဲ့ အိမ်ကို ခင်ဗျားဘာသာ သွားလို့မဖြစ်ဘူးလား”
ကိုငှက်ရိုး မကျေနပ်နိုင်သလို ဆိုသည်။
“မဖြစ်လို့ပေါ့ဗျ။ မဖြစ်တဲ့အကြောင်းတွေ ရှိနေလို့ ပေါ့။ ကဲပါလေ။ ထားပါတော့။ ခင်ဗျားအနေနဲ့ နန်းကိန္နရီဆိုတဲ့ မိန်းကလေးအကြောင်း ဘာများ သိထားသလဲဟင်”
“ကျုပ်လား၊ သိပ် ရေရေရာရာမသိလှပါဘူးဗျာ”
မောင်မောင်ဦးဆိုသူ သက်ပြင်းရှိုက်လိုက်သည်။
“ကဲ ကိုငှက်ရိုး၊ ခင်ဗျားကို အသုံးလိုတဲ့ တစ်နေ့ကျ ရင်ပြောပါမယ်။ အဲဒီအခါကျရင်တော့ အကူအညီပေး ရမယ်နော်”
“စိတ်ချ။ ဒီကတိကိုတော့ ကျုပ် အသေအချာပေး တယ်။ ငှက်ရိုးကို ခိုင်းချင်တာခိုင်း”
လျှာသွက်လာပြီဖြစ်သော ကိုငှက်ရိုးသည် အလွယ် တကူ ကတိပေးသည်။
သို့ဖြင့် နန်းကိန္နရီနှင့်ပတ်သက်သော စကားအစား၊ အခြားသောစကားများကိုသာ ပြောဖြစ်ကြတော့ သည်။ အကြောင်းအရာ လွှဲပြောင်းလိုက်ကြသည်။
ထိုနေ့ညတွင်လည်း အတော်ချည်းညဉ့်နက်လေ မှပင် ကိုငှက်ရိုး အိမ်သို့ပြန်ဖြစ်သည်။ အဘယ်မျှ မူးဝေနေသည်ဆိုစေ ကိုငှက်ရိုး၏ အသိအာရုံတွင် နန်းကိန္နရီနှင့်စပ်လျဉ်းသော အကြောင်းရပ်တို့ ပျောက်ကွယ်သွားခြင်းမရှိ။ နန်းကိန္နရီနှင့်ပတ်သက် သောအတွေး မဆုံးသေး။ နန်းကိန္နရီတို့အကြားတွင် တစ်စုံတစ်ခုသော အနှောင်အဖွဲ့ အတွယ်အတာတို့ ရှိနေသည်ဟု မှတ်ထင်နေမိဆဲပင်။
x x x x x
[ ၇ ]
ညသည် လရောင်ဖြင့် ရွှန်းမြနေလေသည်။
မကြာသေးမီက မိုးရွာထားသဖြင့် သစ်ပင်ပန်းပင် တို့မှာ သန့်စင်နေသည်။ စိမ်းမြနေသည်။ သစ်ရွက် ဖျားတွင် မိုးစက်ရေစက်ကလေးများ ခိုသီးနေဆဲဖြစ် သည်။ လရောင်နှင့် ရွက်ဖျားမှ ရေစက်ကလေးများ ထိတွေ့လိုက်သောအခါ ပြိုးပြိုးပြက်ပြက် အရောင် လက်လာတတ်သည်။
ရေငွေ့မကင်းသောလေသည် ပန်းရနံ့အချို့ကို သယ်ဆောင်လျက် နန်းကိန္နရီရပ်နေရာဝရန်တာသို့ ရောက်ရှိလာသည်။ လေသည် တရုတ်စံကားပင်မှ ရနံ့ကို ဆောင်လာလေသည်လား။ ရွှေတူငွေတူ စသော ဖယောင်းပန်းမှရနံ့ကိုယူ လာလေသည် လား၊ နှင်းဆီ စံပယ်စသော ပန်းတို့ရနံ့ကို သယ်လာ လေသည်လား မပြောတတ်။ သို့မဟုတ်လျှင်လည်း အားလုံးသော ပျံ့နှံ့ထွေးထွေးမွှေးကြလေသည့် ပန်းပေါင်းစုံတို့မှ ရနံ့များကို သယ်ဆောင်လာခြင်း ပင်ဖြစ်မည်ထင်ရသည်။ လေသည် ရနံ့ပေါင်းစုံဖြင့် ပျံ့မွှေးကြူအေးနေသည် အမှန်ပင်။
နန်းကိန္နရီသည် လရောင်ဖြင့် သာတောင့်သာယာ ရှိနေသော ည၏အလှအပတွင် အာရုံယစ်မူးနေ သည်။ ပန်းချီ ဆေးစပ်ပျဉ်ပြားမှ ရောင်စုံဆေးစက် ကလေးများပမာဖြစ်သော သရက်ထည် ပန်း ကလေးများကိုလည်းကောင်း၊ ယိမ်းကသည့်နှယ် လေအဝှေ့တွင် ညာဘယ်လွန့်လူး လှုပ်ရှားနေတတ် သည့် ပိန်းနှင့် ဂမုန်းပင်များကိုလည်းကောင်း စူးစိုက်ကြည့်နေမိသည်။
ညသည် ရွှန်းလက် ပျံ့မွှေးနေသည်သာမကသေး၊ တိတ်ဆိတ်ငြိမ်သက်လျက်လည်း ရှိလေသည်။ တစ်ခါတစ်ရံမှသာ လမ်းမှဖြတ်သန်းမောင်းနှင်သွား သော မော်တော်ကား အသံကို ကြားရတတ်သည်။ တိတ်ဆိတ်လှသဖြင့် သစ်ရွက်ဖျားမှ စုစည်းခိုသီး နေသော မိုးရေစက်ကလေးများ အခြားသစ်ရွက် ပေါ်သို့ ဖြောက်ခနဲ ဖြောက်ခနဲလိမ့်လျှောကျရောက် လာသောအသံကိုပင် ကြားရသည်။
နန်းကိန္နရီသည် ဝရန်တာ၌ ကြာမြင့်စွာကတည်း က ရပ်နေသည်။ တစ်နေရာတည်းတွင် တည်ငြိမ်စွာ ရပ်လျက် တစ်နေရာသို့ ကြာမြင့်စွာ စူးစိုက်ကြည့်နေ မိသည့်တိုင် နန်းကိန္နရီ၏စိတ်သန္တာန်မှာ တည်ငြိမ် ခြင်းမရှိလှပေ။ စိတ်အစဉ်မှာ တွေးတောစဉ်းစား ဖွယ်ရာများဖြင့် ပြည့်နှက်နေသည်။ လှုပ်ရှားပျံ့လွင့် နေသည်။
စင်စစ်တွင်လည်း သည်နေ့မှာ နန်းကိန္နရီ၏ဘဝ အတွက် ကြီးစွာသော အပြောင်းအလဲဖြစ်ရသည့်နေ့ ဖြစ်သည်။ ဘဝအကွေ့အချိုးနှင့် ကြုံဆုံရခြင်းဖြစ် သည်။ သူမအနေနှင့် မည်သို့မျှ မျှော်လင့်ထားခြင်း မရှိသောအခြေအနေသို့ ရောက်ရခြင်းဖြစ်သည်။
နန်းကိန္နရီသည် ယနေ့ ရေနံ့သာ၏အိမ်သား တစ်ဦးအဖြစ်သို့ လုံးလုံးလျားလျား ရောက်ရှိလာခဲ့ သည်။ ရေနံ့သာသည် နန်းကိန္နရီနှင့် ပတ်သက်လာရ သည်။ တစ်နည်းတစ်ဖုံအားဖြင့် ရေနံ့သာကို ပိုင်ဆိုင်ခြင်းသဘောမျိုး သက်ဝင်လာရသည်။ သည် နေ့မှအစပြု၍ မိမိဘဝကို ရေနံ့သာတွင် အခြေချ ရပေတော့မည်ဟု မှတ်ယူသည်။ ထိုအတွက် နန်းကိန္နရီ၏ရင်၌ ထွေးနွေးသော ဝေဒနာတစ်ရပ် ပေါ်ပေါက်လာသည်။ ရှေ့ခရီးတွင် ကြုံဆုံရမည့် ကိစ္စရပ်များ၊ ဆက်ဆံထိတွေ့ရမည့်သူများအတွက် လည်း စိတ်လှုပ်ရှားနေရသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးက နန်းကိန္နရီအား အငြိမ့်အဖွဲ့မှ နုတ်ထွက်ရန် စကားဆိုခဲ့စဉ်က နန်းကိန္နရီ ငြင်းပယ်ခဲ့မိသေးသည်။ ရေနံ့သာသို့ အပြီးအပိုင်ပြောင်းလာရန် စီစဉ်စဉ်ကလည်း နန်းကိန္နရီမှာ အလွယ်တကူ ဆုံးဖြတ်ချက်မချနိုင် သေးဘဲရှိသည်။
တကယ်တမ်းတွင်မူ နန်းကိန္နရီကိုယ်၌ကလည်း တစ်သက်လုံးအငြိမ့်ကရန် မရည်ရွယ်၊ နောက်ပြီး ရေနံ့သာသို့ အခေါက်ခေါက်အခါခါ ရောက်ရလေ သောအခါ ရေနံ့သာ၏ အငွေ့အသက်ကို တွယ်တာ လာခဲ့သည်။ ရေနံ့သာတွင်နေရသည်ကို စိတ်မှာ သာယာချမ်းမြေ့မိသည်။ ထို့ကြောင့်ပင် ငြင်းပယ် ရန် အင်အားအလိုလိုလျော့ပါးနေရသည်။
ဆက်လက်ဖော်ပြပါမည်။