မောင်သိန်းဆိုင်
၁၅-၄-၂၀၂၂ ရက်နေ့မှအဆက်
ယခုမူ သွေးအေးလာပြီဖြစ်သည်။ တွေးတော့ စဉ်းစားဖို့ အချိန်ရလာသည်။ တွေးတောစဉ်းစား ၍လည်း နေမိချေပြီ။
စင်စစ် ဒေါ်ရေနံ့သာခင်ခင်ကြီးထံမှ ရရှိသော ငွေမှာ ထင်သလောက် မလွယ်ပါကလားဟု ကိုကျော့မောင် တွေးမိလာသည်။ မတွေးဘဲနေလျှင် တော့ ပြဿနာ အဘယ်သို့ရှိမည်ကို မသိနိုင်။ တကယ်တမ်း နက်နက်နဲနဲတွေးကြည့်ခဲ့လျှင်ကား ပြဿနာပေါ်ပေါက်လာနိုင်မည်ကို တွက်ဆ၍ ရသည်။
အကယ်၍ ကိုမောင်မောင်ဦးနှင့် ဒေါ်ရေနံ့သာ ခင်ခင် ကြီးတို့ တစ်ကြောင်းမဟုတ်တစ်ကြောင်းဖြင့် ဆုံမိကြမည်။ တစ်နည်းမဟုတ် တစ်နည်းဖြင့် မျက်နှာချင်းဆိုင်မိကြမည်ဆိုလျှင် ငွေတစ်သောင်း အကြောင်းသည် ပေါ်ပေါက်လာချေတော့မည်။ မိမိအနေနှင့် မတရားရယူခဲ့ကြောင်း ကိုမောင် မောင်ဦးသိသွားတော့မည်။ မိမိကိုယ်ကို မောင်မောင်ဦးဟူ၍လည်းကောင်း၊ ယင်းအမည်ဖြင့် ဒေါ်ရေနံ့သာခင်ခင်ကြီးထံ ငွေညှစ်ခဲ့ခြင်းများသည် လည်းကောင်း ဘူးပေါ်သလို ပေါ်လာပေလိမ့်မည်။
ယင်းငွေဖြင့် သူ့အကြွေးကိုဆပ်ခဲ့ခြင်းက ပို၍ဆိုး သည်။ ကိုမောင်မောင်ဦးအနေနှင့် နှစ်ထပ်ကွမ်း အညာခံရခြင်းနှင့်မခြားအောင် ဖြစ်လာပေလိမ့် မည်။
စင်စစ် ကိုကျော့မောင်သည် ကိုမောင်မောင်ဦး အပေါ် သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ခဲ့ သည်။ ဘဝတစ်လျှောက်လုံးတွင် သူငယ်ချင်း ဖြစ်သူ၏ အငြိုအငြင်မခံဘဲ နေခဲ့သည်။ သူငယ် ချင်းနှင့်ပတ်သက်လာလျှင် အနွံအတာခံခဲ့သည် မှာလည်း အကြိမ်ကြိမ်၊ သူငယ်ချင်း၏ အလိုလိုက်၍ အကြိုက်ဆောင်ခဲ့သည်မှာလည်း အခါခါပင်။
တစ်သက်လုံးကကောင်းခဲ့သမျှ သည်တစ်ကွက် နှင့် နာမည်အပျက်ခံရမည်ဆိုတော့လည်း ကိုကျော့ မောင်မှာ မထွေးနိုင်၊ မအံနိုင်၊ မရှူနိုင်၊ မကယ်နိုင် ဖြစ်လာရသည်။ စိတ်မှာ စိုးရိမ်ကြောင့်ကြစိတ်များ ဝင်လာသည်။
သို့ဖြင့် သူသည် ကောင်းစွာအိပ်မပျော်ဘဲ တလူးလူးတလှိမ့်လှိမ့် ဖြစ်နေရသည်။
တစ်ခါတစ်ရံတွင်မူ ကိုမောင်မောင်ဦးနှင့် ဒေါ်ရေနံ့သာခင်ခင်ကြီးတို့၏အကြောင်းကို အစင်း သိထားသူပီပီ သူတို့ချင်း မည်သည့်အခါမျှ ပြန်လည်တွေ့ဆုံနိုင်မည်မဟုတ်ဟု တွေးမိပြန် သည်။ ငွေကိစ္စသည် သူ့အလိုလို ပြီးစီးမေ့ပျောက် သွားလိမ့်မည်ဟု ထင်မိပြန်သည်။
သို့ပေမဲ့ လောကတွင် ထင်မှတ်သောအရာတို့ ဖြစ်မလာဘဲ မထင်မှတ်သောအရာတို့ ဖြစ်ပျက် လွယ်တတ်သည်ကို နှလုံးပိုက်မိလာပြန်သည်။
ကြည့်လေ။ ယခုငွေကိစ္စ။
ဒေါ်ရေနံ့သာခင်ခင်ကြီးလို မိန်းမတစ်ယောက်ထံမှ ခြူးတစ်ပြားပင် ရလာနိုင်လိမ့်မည်ဟု အစက သူမထင်။ ရေနံချောင်းမှ ထွက်လာခဲ့ပြီး နှစ်ပေါင်းမြောက်မြား စွာ ကွဲကွာခဲ့ရပြီးနောက် သည်မိန်းမနှင့် အကြောင်း တစ်စုံတစ်ရာ ပတ်သက်လာနိုင်စကောင်းသည်ဟု လည်း မမျှော်လင့်ခဲ့။ သို့စင်လျက် ယခုတော့ မမျှော် လင့် မထင်မှတ်သောအရာတို့ ဖြစ်ပျက်လာခဲ့သည်။
သည်တော့လည်း ကိုမောင်မောင်ဦးနှင့် ဒေါ်ရေနံ့သာ ခင်ခင်ကြီးတို့ တစ်ကြိမ်မဟုတ်တစ်ကြိမ် ပြန်လည် မဆုံတွေ့နိုင်ဟု ယတိပြတ်ပြော၍မရ။ မဆုံဘဲနေချင် လည်း နေနိုင်သည်။ ဆုံချင်လျှင်လည်း ဆုံနိုင်ကြသည် ပင်။ ကမ္ဘာဟူသည် အကျဉ်းမြောင်းသားကလား။ တမင်တကာ မဟုတ်သည့်တိုင် တတ်နိုင်သမျှ မျက်နှာချင်းမဆိုင်လိုသူတို့အတွက် ကမ္ဘာဟူသည် ပို၍ကျဉ်းမြောင်းတတ်သည်မဟုတ်လား။
ကိုကျော့မောင် ဘဝင်မကျတော့နိုင်။
သူသည် အိပ်ရာမှထထိုင်လိုက်သည်။ ခုတင်ချင်း ယှဉ်အိပ်နေသော ကိုမောင်မောင်ဦးကို နှိုးသည်။ ကိုမောင်မောင်ဦး အိပ်ရာမှထလာသည်။
“မင်းကို အိပ်ရာကနှိုးလိုက်ရတာ ခွင့်လွှတ်ပါ သူငယ်ချင်း၊ ငါ့မှာပြောစရာစကားရှိနေတယ်။ အဲဒါ ကို မနက်ကျမှပြောရင်လည်းရပါတယ်။ ဒါပေမဲ့ အခု ချက်ချင်းမပြောရရင် ဒီတစ်ညလုံး ငါအိပ်လို့ရတော့မှာ မဟုတ်ဘူး”
ကိုကျော့မောင်၏စကားကြောင့် ကိုမောင်မောင် ဦးမှာ ဆန်းကြယ်သလို ဖြစ်သွားရသည်။
“ဘာပြောမှာလဲ ကျော့မောင်”
ကိုကျော့မောင်၏မျက်နှာကို စိုက်ကြည့်ရင်း မေး လိုက်သည်။
“မင်းရဲ့ အကြွေးပြန်ဆပ်တဲ့ငွေနဲ့ပတ်သက်ပြီး ပြောချင်တာ”
“အေး၊ အဲဒီငွေအတွက် ငါလည်း မင်းကိုမေးချင်နေ တာနဲ့အတော်ပဲ။ ဆိုပါဦး”
ကိုမောင်မောင်ဦး၏ စကားကိုကြားရသောအခါ ကိုကျော့မောင်မှာ ပို၍ အနေရကျဉ်းကျပ်သွားသည်။ သည်ငွေကိစ္စကို သူကြိုသိနေလေပြီလား။ သိလျက် နှင့် မသိချင်ယောင်ဆောင်နေလေသလား တွေးသည်။
“ဒီငွေတွေ ဘယ်ကရတယ်လို့ထင်သလဲ မောင်မောင်ဦး”
“ငါတော့ ကိုငှက်ရိုးဆီကလို့ထင်တာပဲ။ မင်းသူ့ဆီ က ချေးခဲ့တာလားဟင်”
“ကိုငှက်ရိုးလား ဒီလောက်ငွေကို ချေးနိုင်မှာလား”
“ဒါဖြင့် မင်း ဘယ်လို မဟုတ်တရုတ်အလုပ်တွေ များလုပ်ခဲ့သလဲကွာ”
သူငယ်ချင်းဖြစ်သူက စိုးရိမ်မကင်းမေးလာသော အခါ ကိုကျော့မောင်မှာ သူ၏အပြစ်အတွက် မျက်နှာမထားတတ်အောင် ဖြစ်ရသည်။ ဝမ်းနည်း သွားရသည်။
“ငါပြောပြမယ် သူငယ်ချင်း၊ မင်း စိတ်အေးအေး ထားပြီးနားထောင်။ ဒီငွေတွေဟာ အခြားဘယ်သူ့ရဲ့ ငွေမှမဟုတ်ဘူး။ ဒေါ်ရေနံ့သာခင်ခင်ကြီးလို့ အခု လူအများခေါ်နေကြတဲ့ ခင်ခင်ကြီးရဲ့ငွေတွေ”
“ခင်ခင်ကြီးရဲ့ငွေ”
ကိုမောင်မောင်ဦးသည် ကိုကျော့မောင်၏စကားကို တအံ့တသြ ပဲ့တင်ထပ်သည်။ သူ၏မျက်နှာမှာ ဆန်း ကြယ်မှုကိုခံစားရသောအရိပ်အယောင် လွှမ်းသွား သည်။
“ဟုတ်တယ်။ ဒီကနေ့ည ခင်ခင်ကြီးဆီက ငွေတစ် သောင်းရလိုက်တယ် မောင်မောင်ဦး”
“နေစမ်းပါဦးကွာ၊ မင်းနဲ့ ခင်ခင်ကြီးက ဘယ်လို ဆက်စပ်သွားမိကြတာလဲ”
ကိုကျော့မောင် သက်ပြင်းရှိုက်သည်။
“အဲဒါကိုပြောမလို့ပါ”
ကိုကျော့မောင်သည် ကိုငှက်ရိုးနှင့် အရက်ဆိုင်တွင် စတင်သိရှိကြသည်မှစ၍ ပြောပြသည်။ ငွေရပေါက် ရလမ်း ထွင်မိသည့်အကြောင်း၊ ငွေရလာသည့် အကြောင်း စသည်ဖြင့်။
ကိုမောင်မောင်ဦးသည် ကိုကျော့မောင်၏စကား များကို ငြိမ်သက်စွာနားထောင်နေသည်။ စိတ်ဝင် တစားနှင့် တအံ့တသြ နားထောင်နေခြင်းဖြစ်သည်။
“ကိုငှက်ရိုးကတစ်ဆင့်ပြောပြလို့သိရတဲ့ ခင်ခင် ကြီးရဲ့စကားကတော့ ကြက်သီးမွေးညင်းထချင်စရာပဲ သူငယ်ချင်း။ သူ့အနေနဲ့က ချစ်ခြင်းမေတ္တာကို ဒီထက် မကအဖိုးတန်လိမ့်မယ်ထင်ခဲ့တာတဲ့။ ဒီထက်မက တန်ဖိုးထားခဲ့တာတဲ့။ ဒီငွေတစ်သောင်းဟာ သူ အရပ် တကာလှည့်ပြီး ဘုရားဖူးရင်း သူတောင်းစားတွေကို စွန့်ကြဲသလောက်ပဲရှိသတဲ့”
ကိုမောင်မောင်ဦး၏မျက်နှာတွင် ကြေကွဲသော အရိပ်အသွင် လွှမ်းလာသည်။
“မင်း ဒီစကားကို မနက်ကျမှပြောဖို့ကောင်းတယ် ကျော့မောင်”
“ငါပြောပြီးပါပကော၊ အခုလို မပြောရရင် ဒီည ငါအိပ်ပျော်မှာမဟုတ်ဘူးလို့”
“မင်းအဖို့ကတော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ဒီစကားတွေကြားရတဲ့နောက်ပိုင်းမှာ ငါ ဒီညအိပ် လို့ပျော်ပါတော့မလား ကျော့မောင်ရာ။ မင်း စဉ်းစားကြည့်ပါဦး”
ကိုကျော့မောင်၏ရင်ထဲတွင် နောင်တတရားများ ဂယက်ထန်နေသည်။ စိတ်မှာလည်း မချမ်းမမြေ့ ဖြစ်ရသည်။
“အေးကွာ၊ အစကတော့ ငါကလည်း ပေါ့ပေါ့တန် တန်သဘောထားပြီး လုပ်မိတာပါပဲ”
ကိုမောင်မောင်ဦး သက်ပြင်းရှိုက်သည်။
“ငါနဲ့ ခင်ခင်ကြီးရဲ့ အကျိုးပေးဟာ ဘယ်လို အကျိုးပေးလဲ မသိပါဘူးကွ။ တို့နှစ်ယောက်အကြား မှာ ဘယ်အချိန်ကတည်းက တင်နေတဲ့ ဝဋ်ကြွေး တွေရှိခဲ့သလဲ မသိဘူး။ အဆင်ပြေပြေသာ မဖြစ် တာ၊ အဆင်မပြေဖို့ကတော့ အလိုလို ကြံဖန်ပြီး ဖြစ်လာတတ်တယ်သိလား။ ဒီတစ်ခါတင်မကဘူး။ ဒါမျိုးတွေ ငါ့ဘဝမှာ အကြိမ်ကြိမ်ပေါ်ပေါက်ခဲ့ပြီး သားပဲ ကျော့မောင်”
“ငါ တကယ်စိတ်မကောင်းပါဘူး မောင်မောင်ဦး ရာ၊ ငါ့အပြုအမူတွေက ရေနစ်တဲ့လူ ဝါးကူထိုးသလို ဖြစ်နေသလား မသိဘူး။ ဒီလိုလုပ်ကွာ။ ဒီငွေကို ငါတစ်ပြားတစ်ချပ်မှ မယူဘူး။ မင်းပဲအကုန်ယူ လိုက်တော့။ ငါ့ကြွေးကို ငါ့ဟာငါ ရှာဆပ်မယ် ဟုတ်ပြီလား”
ကိုမောင်မောင်ဦးသည် ကိုကျော့မောင်၏မျက်နှာ ကို နာကြည်းသောအပြုံးဖြင့် ပြုံးကြည့်သည်။
“မင်းငါနဲ့ ဒီအသက်အရွယ်အထိ ပေါင်းခဲ့ကြပြီး ငါ့ကို နားမလည်နိုင်တာ အံ့သြစရာပဲ ကျော့မောင်”
“ဟင် ”
“ငါ့ဘဝမှာ ဒီလောက်မကတဲ့ငွေတွေအကြိမ်ကြိမ် ရဖူးတယ်။ အကြိမ်ကြိမ်ကုန်ဖူးတယ်ဆိုတာ မင်းသိပါတယ်။ ငါ ဒီငွေကို မက်မောမယ်များ ထင်သလား”
ကိုကျော့မောင် ဘာမျှမပြောတတ်တော့။
“အထူးသဖြင့် ခင်ခင်ကြီးရဲ့ငွေကို ငါမယူရက်ပါ ဘူး။ ယူဖို့လည်း မကောင်းပါဘူး။ နောက်တစ်ခုက ခင်ခင်ကြီးကို ချစ်တဲ့အချစ်ဟာ ဘယ်လိုအရာမျိုးနဲ့ မှ ဆက်လို့မရဘူးဆိုတာ ငါ့ကိုယ်ငါ အသိဆုံးပါ”
“ဒီတော့ မင်းဘာလုပ်ချင်သလဲ မောင်မောင်ဦး။ ငါ့အနေနဲ့ ကိစ္စအားလုံးကို မင်းရဲ့လက်ထဲပုံထည့် ပေးချင်တယ်။ မင်းစိတ်ကြိုက်သာလုပ်ပေတော့”
ကိုမောင်မောင်ဦးထံမှ စကားသံ ရုတ်တရက် ပေါ်မလာ။ သူသည် ငြိမ်သက်တိတ်ဆိတ်စွာ စဉ်းစားနေသည်။ ကိုကျော့မောင်မှာ သူငယ်ချင်း ဖြစ်သူ၏မျက်နှာကို အားတုံ့အားနာ ကြည့်နေမိ သည်ကလွဲ၍ ဘာမျှမလုပ်တတ်တော့။
“ငါ ဒီလိုလုပ်ချင်တယ် ကျော့မောင်။ ဒီငွေတွေ ပြန်ပေးလိုက်ချင်တယ်”
“ပြန်ပေးမယ်”
“ဟုတ်တယ်။ ပြန်ပေးလိုက်မယ်။ အဲဒီလိုပေး လိုက်ရင် တို့များအပေါ်မှာ သူ့ကစိဖတ် မတင်နိုင် တော့ဘူးပေါ့”
“ဒါပေမဲ့ ကိုငှက်ရိုးကိုပေးခဲ့တဲ့ငွေတစ်ထောင်က”
“ကိစ္စမရှိပါဘူး။ ငါ့မှာသုံးဖို့ ငွေပါပါသေးတယ်။ အဲဒီငွေအထဲက စိုက်ပေးလိုက်တာပေါ့။ ကိုငှက်ရိုး ဆိုတဲ့လူဆီက ပြန်တောင်းလို့ရရင်လည်း ရပေါ့။ မရရင်လည်းနေပေါ့ ”
“မင်းသဘောပဲလေ”
ကိုမောင်မောင်ဦးသည် လက်ဆွဲအိတ်ထဲမှ စောစောက ကိုကျော့မောင်ပေးခဲ့သောငွေကို ထုတ်ယူသည်။
ဆက်လက်ဖော်ပြပါမည်။