မောင်သိန်းဆိုင်

 

 

“ဪ၊ ဪ”

 

ဦးမြတ်စံဆိုသူ ခေါင်းတညိတ်ညိတ် လုပ်နေသည်။ တစ်ဖက်ခုံမှ သူ၏အဖော် တင်တင်ရီတို့ ခုံသို့ ကူးလာသည်။

 

“သူ့နာမည် ကိုသော်တာလို့ခေါ်တယ်”

 

ထိုသူ့ကို တင်တင်ရီနှင့် မိတ်ဆက်ပေးနေပြန်သည်။

 

“သီချင်းဆိုတာကို ဆရာတွေဘာတွေနဲ့ သင်ဖူးသလားဟင်”

 

ကိုသော်တာ မေးသည်။

 

“အနည်းအကျဉ်းပါ”

 

“ကကော ကတတ်သလား”

 

ဦးမြတ်စံမေးသည်။

 

“အနည်းအကျဉ်းလောက်ပါပဲ”

 

ဦးမြတ်စံနှင့် ကိုသော်တာတို့ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်ကြသည်။ သူတို့ချင်းသာ နားလည်နိုင်သည့် မျက်နှာထားမျိုးဖြစ်လာသည်။

 

ထိုနောက် သူတို့ ထပ်မံစပ်စုခြင်း မရှိကြတော့။ စကားပင်မပြောဖြစ်။

 

မီးရထားသည် အရှိန်အဟုန်ပြင်းစွာ ပြေးဆဲ။

 

မန္တလေးနှင့် ဝေးသည်ထက် ဝေးလာရပြီကို သိသည်။ ယခုအခါ အတိတ်ဟူသည် မှုန်ဝါးခဲ့ရုံမက ပျောက်ကွယ်၍ပင် သွားခဲ့ချေပြီ။ အနာဂတ်သည်သာ မျှော်လင့်အားထားရာ ဖြစ်ခဲ့ရပြီထင်သည်။

 

တင်တင်ရီ၏ရင်မှာ ထွက်လာခဲ့မိခြင်းအတွက် မှား၍များနေလေပြီလားဟု ပထမဆုံးအကြိမ်အဖြစ် စဉ်းစားမိသည်။ စိုးရွံ့ထိတ်လန့်ရခြင်းများသည် တင်တင်ရီအား ကြီးစိုးလာသည်။

 

ရှေ့တွင် မည်သို့ ကြုံရဦးမည်မသိ။ အနာဂတ် သည် မည်သို့သောပုံစံမျိုးဖြင့် မိမိအားစောင့်ကြိုနေလေမည် မတွေးတတ်နိုင်။ လှပသော အနာဂတ်ပင် ဖြစ်လေမည်လား၊ အကျည်းတန်သော အနာဂတ်ပင် ဖြစ်လေမည်လား မပြောတတ်။

 

တစ်စုံတစ်ယောက်အပေါ် အားကိုးချင်စိတ် အလိုလိုပေါ်လာသည်။ ရေနစ်သူကဲ့သို့ ကောက်ရိုး တစ်မျှင်ကိုပင်ဖြစ်စေ အားကိုးအားထားတစ်ခုအနေနှင့် ဆွဲကိုင်ချင်သည်။

 

သို့ဖြင့် တင်တင်ရီသည် ဦးမြတ်စံတို့အား စကားရော ဖွဲရော ပြုမိလေတော့သည်။

 

ဤသည်မှာလည်း အကြောင်းရှိသည်။ သူတို့ နှစ်ယောက်သည် တင်တင်ရီအား လိုလားနှစ်သက်ပုံပြသည်။ ရိုးသားတည်ကြည်သည့် မျက်နှာထားရှိသည်။ အသက်အရွယ် ကြီးရင့်သူများလည်း ဖြစ်ကြသည်။ ထိုအတွက် တင်တင်ရီ ရောနှောမိခြင်းဖြစ်သည်။

 

“အဘက ရန်ကုန်ကပဲလားဟင်”

 

တင်တင်ရီ မေးသည်။ ဦးမြတ်စံက ခေါင်းညိတ်ပြသည်။

 

“ဒါထက် သမီးက ရန်ကုန်ဘယ်အပိုင်းကို သွားမှာ လဲ” ပြန်မေးသည်။

 

တင်တင်ရီ လိပ်စာစာရွက်ထုတ်ယူရသည်။ သွားမည့် နေရာကို ပြောရသည်။

 

“အဲဒီနေရာကို သွားတတ်တယ်ပေါ့နော်”

 

တင်တင်ရီ ရုတ်တရက်မဖြေတတ်။

 

နောက်မှဆိုမိသည်။

 

“အမှန်ပြောရရင်တော့ အဲဒီနေရာကို ကျွန်တော်မသွားတတ်ပါဘူးအဘ။ ရန်ကုန်ရဲ့ ဘယ်နေရာကိုမှ မသွားတတ်ပါဘူး။ ကျွန်တော် ရန်ကုန်ကို တစ်ခေါက် မှ မရောက်ဖူးပါဘူး”

 

တင်တင်ရီ၏ စကားကို ဦးမြတ်စံ အံ့သြဟန်မပြပေ။

 

“ထင်ပါတယ်။ ဒါကြောင့်မေးတာ။ အဲဒီအိမ်က သမီးနဲ့ ဘာတော်သလဲဟင်”

 

“ဘာမှ မတော်ပါဘူး။ အိုတစ်ခါမှတောင် မြင်ဖူး ကြတာမဟုတ်ဘူး”

 

“ကျွတ်၊ ကျွတ်”

 

ဦးမြတ်စံညည်းသည်။

 

“ကလေးရယ်၊ မသမာတဲ့ လူတွေနဲ့များ တွေ့သွားရင် ကလေးရဲ့ဘဝကို တွေးရဲစရာတောင်မရှိဘူး။ ရန်ကုန်ဆိုတာ မြို့ကြီးကွယ့်။ အင်မတန်လည်းရှုပ်ပွေတယ်။ မိုက်ရူးရဲလုပ်တယ်ဆိုတာ နေရာတကာ တိုင်းမှာ ကောင်းတတ်တာမျိုး မဟုတ်ဘူး”

 

ယခုမှပင် တင်တင်ရီမှာ ပို၍ကြောက်လန့်လာသည်။ ပို၍ချောက်ချားလာသည်။ မငိုမိစေရန် မနည်း ချုပ်တည်းထားရသည်။

 

“ဒါပေမဲ့ အခုမှတော့ မပူပါနဲ့ကွယ်။ အဘတို့ ကူညီပါ့မယ်။ ရန်ကုန်ရောက်လို့ သမီးသွားမယ့်အိမ်ကို သွားချင်သွား၊ အဘတို့အိမ်မှာ တည်းချင်တည်း၊ ဒါမှမဟုတ်လို့ မန္တလေးပြန်မယ်ဆိုရင်လည်း ပြန်ပေါ့”

 

သည်တော့လည်း တင်တင်ရီမှာ ဦးမြတ်စံကို ထိုင်ကန်တော့ချင်လောက်အောင် ဖြစ်လာသည်။

 

ဦးမြတ်စံတို့က တင်တင်ရီအတွက် နံနက်စာဝယ်ကျွေးသည်။ လမ်းတစ်လျှောက်လုံး စားသောက်ဖွယ် တွေ့လျှင်ဝယ်၍ တယုတယကျွေးကြသည်ပင်။

 

“အဘတို့ မန္တလေးကလာတာ မဟုတ်လား”

 

တင်တင်ရီ၏ အမေး။

 

ဦးမြတ်စံတို့ကို ကြည့်ရသည်မှာ များစွာရွှင်ရွှင်ပျပျ မရှိလှကြောင်း တင်တင်ရီတွေ့ရသည်။ သူတို့သည် တစ်စုံတစ်ခုအတွက် စိတ်အနှောင့်အယှက်ဖြစ်ရဟန်တူသည်။ တင်တင်ရီနှင့် ရယ်မောပြောဆိုနေသော်လည်း တစ်ခါတစ်ရံ မျက်နှာများ အိုစာသွားတတ်သည်။ သူတို့၏ရှိရင်းစွဲ ဒုက္ခကို မကြာခဏ သတိရမိကြပုံပေါ်သည်။

 

ထိုကြောင့်လည်း ၎င်းတို့၏ ဒုက္ခကို ဝေမျှခံစားနိုင်ရန် တင်တင်ရီ စကားစမိခြင်းဖြစ်သည်။

 

“ဟုတ်တယ် မန္တလေးကလာတာ”

 

“နေတာကတော့ ရန်ကုန်မှာပေါ့”

 

“ဒါပေါ့”

 

“မန္တလေးကို ဘာလာလုပ်တာလဲ ဟင်”

 

စောစောကတော့ သူတို့က မေးခွန်းထုတ်သူ၊ တင်တင်ရီက အဖြေပေးရသူ၊ ယခုမူ ပြောင်းပြန်ဖြစ်နေသည်။ တင်တင်ရီအမေးကို သူတို့ပြန်ဖြေနေရသည်။

 

“အဘတို့ မန္တလေးကို လာရတဲ့အကြောင်း ပြောရမှာက အရှည်သားကွယ့်။ ဒီလို၊ အဘတို့က အငြိမ့် ထောင်တယ်။ ဒါနဲ့ အသက်မွေးဝမ်းကျောင်းလာတာ ကြာလှပြီ။ ဒီနှစ်အငြိမ့်ကဖို့အတွက် နယ်က စရန်ငွေတွေ ဘာတွေယူ၊ ဇာတ်လည်းအသားကျ တိုက်ထားပြီးနေပြီ။ အဲဒီအချိန်မှာ အဘတို့အငြိမ့်က ခေါင်းဆောင်မင်းသမီး ယောက်ျားနောက်လိုက်ပြေးတယ်။ အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်ပြုတယ်ဆိုတာ မဆန်းပါဘူး။ သူ့ကို အဘတို့ ခွင့်လွှတ်ပါတယ်။ တင့်တောင်းတင့်တယ် လက်ထပ်ဖြစ်အောင် ကူညီခဲ့တယ်။ ဒါပေမဲ့ ခက်တာက သူအငြိမ့်ပြန်မကတော့တာပဲ။ သူ့ယောက်ျားက ဆရာဝန်ဆိုတော့ အငြိမ့်ပြန်ကမှာကို မလိုလားဘူး။ စပေါ်ငွေကို ပြန်လျော်တယ်။

 

“ဒီလိုနဲ့ ခေါင်းဆောင်မင်းသမီး အရှာထွက်ရင်း အဘတို့ရဲ့ ကျေးဇူးမကင်းတဲ့ မင်းသမီးတစ်လက် မန္တလေးမှာရှိတာ သတိရလို့ မန္တလေးကိုလာတာ။ ဒီကျတော့ သူက အဘတို့ကို ကူညီချင်စိတ်ရှိပါတယ်။ အကြာကြီးမဟုတ်တောင် တစ်နှစ်လောက်ကပေးချင်တယ်။ ခက်တာက သူ့အနေနဲ့ မန္တလေးကမခွာနိုင် တာဘဲ။ အဘတို့ အနေနဲ့ကလည်း မန္တလေးကို ပြောင်းလာလို့ကမဖြစ်။ ဒီလိုနဲ့ တပ်လန်ပြန်ကြရ တယ်ဆိုပါတော့”

 

ဦးမြတ်စံတို့၏ အခက်အခဲမှာ မသေးလှပါကလား ထင်သည်။ ပူမည်ဆိုလျှင် ပူစရာပင်။

 

“အဲဒီတော့ ဘယ်လိုလုပ်မလဲ အဘ”

 

“ ဒါကြောင့် ဦးနှောက်ခြောက်နေတာပေါ့။ မတတ် သာတဲ့အဆုံး စရန်ငွေပြန်လျော်ပြီး အငြိမ့်အဖွဲ့ကို ဖျက်ပစ်ရတော့မှာပဲ”

 

တင်တင်ရီမှာ ဦးမြတ်စံတို့အတွက် စိတ်မကောင်း ဖြစ်လာရသည်။ သက်ပြင်းရှိုက်မိသည်။

 

“စိတ်ညစ်လို့ မြစ်ကမ်းနံဘေး သွားထိုင်နေလိုက်ပါ၊ မြစ်လယ်က သပွတ်အူတစ်ထွေး မျောလာရောဆို တာလို ဖြစ်နေပြီလားတင်တင်ရီ”

 

ကိုသော်တာကမူ ရယ်စရာပြောနိုင်ပေသေးသည်။

 

ဦးမြတ်စံ၏မျက်နှာသည် တည်ကြည်နေသည်။ ငြိမ်သက်နေသည်။ အဝေးဆီသို့ ငေးကြည့်ရင်းမှ တစ်စုံတစ်ရာကို စဉ်းစားနေဟန်ရှိသည်။

 

အတော်ချည်းကြာမှ လှုပ်ရှားလာသည်။ တင်တင်ရီ ၏မျက်နှာကို စူးစိုက်ကြည့်သည်။

 

“ဒီမယ် အဘတို့ သမီးကိုကူညီတာက တစ်ပိုင်းထား။ အဘအနေနဲ့ သမီးကို အားထားချင်တာ တစ်ခုရှိတယ်။ ဒါကို အကူအညီပေးတဲ့အတွက် ပြန်ပြီးတောင်းခံတာလို့ မထင်စေချင်ဘူး”

 

ဦးမြတ်စံက အလေးအနက်ဆိုသည်။ တင်တင်ရီသည် သူ၏စကားကို အလေးအနက်နားထောင်ရသည်။

 

“ဒီလို၊ စောစောပိုင်းက သမီးလုပ်သွားပုံကလေးကို အဘတော်တော်သဘောကျမိတယ်။ အဘတို့ ဇာတ်ခုံမှာဆိုရင်တော့ ရုပ်ပြောင်းရုပ်လွဲ လုပ်တာပေါ့။ ပြီးတော့ သမီးရဲ့အသံနဲ့ ဆိုပေါက်ဆိုလက်ဟာလည်း ပါရမီအခံရှိတယ်ဆိုတာကို ပြနေတယ်။ ဒီတော့”

 

ဦးမြတ်စံ စကားကိုဖြတ်ထားသည်။ ဆက်၍ပြော ရမည့်စကားကို ပိုမိုလေးနက်စေချင်ပုံရသည်။ တင်တင်ရီမှာ အသက်မရှူရဲလောက်အောင် ဦးမြတ်စံ ၏စကားကို စိတ်စောစွာ နားစွင့်မိသည်။

 

“သမီးကို အဘတို့ စမ်းကြည့်ချင်တယ်။ အငြိမ့်မှာ သုံးကြည့်ချင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် အဘတို့မှာ လိုအပ်နေတဲ့ ခေါင်းဆောင်မင်းသမီးနေရာကို တင်ချင်တယ်”

 

တင်တင်ရီ၏ရင်မှာ များစွာလှုပ်ရှားသွားသည်။ မမျှော်လင့် မထင်မှတ်သောစကားကို ကြားရသည့်အတွက် မိမိနားကိုပင် မယုံချင်။ ဘာပြန်ပြောရမည်လည်း မသိတတ်။

 

စင်စစ် တင်တင်ရီ ကျောင်းကပွဲများ၌ ပါဝင်ခဲ့သည်။ ဇာတ်ခုံပေါ်သို့ တက်ခဲ့သည်ဆိုခြင်းမှာ ဝါသနာအရသော်လည်းကောင်း၊ စိတ်ရှုပ်ထွေးနောက်ကျိခြင်းများကို ဖြေဖျောက်နိုင်ရန်လည်းကောင်း တက်ရောက်ခဲ့မိခြင်း ဖြစ်သည်။ ယင်းအလုပ်ဖြင့် အသက်မွေးရန် ရည်ရွယ်ရင်းစွဲမရှိ။ မိမိကိုယ်ကို အကယ်တန္တိ မင်းသမီးဖြစ်လာလိမ့်မည်ဟုလည်း မထင်မှတ်ခဲ့ချေ။ အငြိမ့်ခုံပေါ်တက်ဖို့ဆိုသည်ကို အိပ်မက်မျှမမက်စဖူး။

 

“ဒါ၊ ဒါတော့ ဖြစ်နိုင်မယ်မထင်ဘူး အဘ။ ကျွန်တော် ဒီ၊ ဒီလောက်စွံမှာမဟုတ်ပါဘူး”

 

တင်တင်ရီ အထစ်ထစ် အငေါ့ငေါ့ ပြန်ပြောမိသည်။

 

“ဖြစ်မှာပါကွယ်။ မင်းရဲ့ ရုပ်ရည်ကလေးနဲ့ အချိုးအဆက်နဲ့ဆိုရင် ဖြစ်မှာပါ။ အသံကလည်း အကောင်းသားပဲဟာ”

 

ကိုသော်တာက ဝင်ရောက်တိုက်တွန်းသည်။ သို့တိုင်အောင် တင်တင်ရီ ငြင်းမြဲ။ ဘူးခံမြဲ။ ခေါင်းခါမြဲ။

 

မည်သို့မျှ ဖျောင်းဖျ၍မရခဲ့။ သည်တစ်ချက်ကို တင်တင်ရီ ခေါင်းမာစွာငြင်းသည်ပင်။

 

သို့ဖြင့် ဦးမြတ်စံရော ကိုသော်တာပါ တင်တင်ရီ ကို လက်မြှောက်သွားခဲ့ကြရသည်။ အရှုံးပေးခဲ့ကြရသည်။

 

ဆက်လက်ဖော်ပြပါမည်။