ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

 

သို့ပေမဲ့ စေတနာပျက်ဟန်ကိုမူ မပြခဲ့ကြ။

 

အဆုံးသတ်ခရီးဖြစ်သော ရန်ကုန်မြို့သို့ ဆိုက်ရောက်လာသည်။

 

တင်တင်ရီအဖို့ ရန်ကုန်သည် ဆန်းကြယ်သည်။ ရှုပ်ထွေးသည်။ အကယ်၍ တစ်ကိုယ်တည်းသာဆိုလျှင် မသွားတတ် မလာတတ်နှင့် အဘယ်မျှဒုက္ခ ရောက်ရမည်ဆိုခြင်းကို တွေးတတ်လာသည်။ ထို့ကြောင့်လည်း ဦးမြတ်စံတို့ကို ပို၍အားကိုးမိသည်။ ပို၍တွယ်တာမိသည်။

 

သူငယ်ချင်းဖြစ်သူနှင့် တိုင်ပင်ခဲ့သည့်အတိုင်း သူငယ်ချင်း၏ အဒေါ်အိမ်သို့သွားရန် တင်တင်ရီ ဆုံးဖြတ်သည်။ ဦးမြတ်စံတို့က လိုက်ပို့ပေးမည်ဆိုကာ အငှားကား ငှားသည်။ လိပ်စာအတိုင်း လာခဲ့ကြသည်။

 

သူငယ်ချင်း၏အဒေါ်အိမ်မှာ လူကုံထံရပ်ကွက်တွင်ရှိသည်။ နန်းတော်တမျှ ခမ်းနားသည်။ အိမ်အတွင်း ဝင်ရောက်ဖို့ပင်မလွယ်။ သံတံခါးနှင့်၊ အစောင့်နှင့်၊ အယ်လ်ဆေးရှင်းခွေးနှင့်။ သည်အိမ်မှာ အဆင်ပြေ၊ မပြေ မပြောနိုင်သေးသဖြင့် တင်တင်ရီသည် သူနှင့်အတူ ဦးမြတ်စံတို့ကို အိမ်အတွင်း အပါခေါ်ခဲ့သည်။

 

သူငယ်ချင်း၏အဒေါ်မှာ ရွှေမျက်မှန်တဝင်းဝင်း နှင့် အသားဖြူဖြူ။ ဝဝရွှဲရွှဲ မိန်းမကြီးတစ်ယောက် ဖြစ်သည်။ မြင်ရုံနှင့်ပင် ကိန်းခန်းကြီးမည့်အမျိုးအစားဖြစ်ကြောင်း သိသာသည်။

 

တင်တင်ရီတို့အား နေရာထိုင်ခင်းမပေး။ အလေးတယူ စကားပြောလိုပုံလည်းမပေါ်။ ဦးမြတ်စံတို့ကို အထင်သေးစွာကြည့်သည်။

 

တင်တင်ရီသည် သူငယ်ချင်းဖြစ်သူ၏စာကို ပြရသည်။

 

“‌ဪ၊ ညည်းလား အစေခံလုပ်မယ်ဆိုတာ”

 

စာဖတ်ပြီးလျှင် မိန်းမကြီးက မေးသည်။

 

“ဟုတ်ကဲ့”

 

“ဟုတ်ကဲ့ရှင့်” လို့ ဖြေရတယ်။ ပြန်ဖြေစမ်း “ဟုတ်ကဲ့ရှင့်” လို့

 

တင်တင်ရီသည် လာလာချင်းဆောက်နှင့်အထွင်း ခံရလေပြီဟု နားလည်လိုက်သည်။ တင်တင်ရီသည် ရိုင်းစိုင်းတတ်သူမဟုတ်။ “ဟုတ်ကဲ့ရှင့်” ဆိုသည်မှာလည်း တင်တင်ရီတို့ မန်းသူများ၏ အသုံးအနှုန်းပင်။ သို့ရာတွင် “ခင်ဗျား” နှင့် “ကျွန်တော်” နှင့် ပြောနေကျသဖြင့် “ရှင်” ဆိုသောစကားကို အသုံးအစွဲနည်းခဲ့သည်။

 

တင်တင်ရီသည် သူ့သဘောကျ ပြန်ပြောရသည်။

 

“ညည်း တကယ် အစေခံလုပ်မလို့လား”

 

အမေးကို တင်တင်ရီ ခေါင်းညိတ်ပြသည်။

 

မိန်းမကြီးသည် မပြုံးဘဲ ဝါးလုံးကွဲရယ်သည် ဆိုသည့်နည်းမျိုးဖြင့် ရယ်ချလိုက်သည်။

 

“အမလေးဟဲ့၊ ဒီရုပ်ဒီရည်များ အစေခံလုပ်မလို့တဲ့။ အရပ်ကတို့ရေ လာကြည့်ကြပါဦး”

 

တင်တင်ရီမှာ မိန်းမကြီး ရုတ်တရက်ရူးသွပ်သွားလေပြီလား ထင်သည်။

 

“စာထဲမှာ ဆယ်တန်းဖြေတယ်လို့လည်းပါတယ်။ အမှန်ပဲလားဟင်”

 

“ဟုတ်၊ ဟုတ်ကဲ့ရှင့်”

 

“ဟား ဟား၊ ငါတော့ အူတက်လို့သေတော့မှာပဲ။ ဆယ်တန်းဖြေထားတဲ့လူက အစေခံလုပ်မလို့တဲ့”

 

မိန်းမကြီးသည် အားပါးတရရယ်ပြီးနောက် ချက်ချင်းဆိုသလို မျက်နှာမှာ တည်ကြည်သွားသည်။

 

“မဖြစ်ဘူး ကျောင်းအမရေ။ မဖြစ်ရေးချမဖြစ်ပဲ။ ဒါမျိုးတွေ ကြုံဖူးပေါင်းများလှပြီ။ ဘယ်တော့မှ ထောင့်ကျိုးတတ်တဲ့ အစားတွေမဟုတ်ဘူး။ လူလိုချင်တယ်ဆိုတာက အရုပ်ကလေးတစ်ရုပ်လို ထိုင်ကြည့် နေဖို့မဟုတ်ဘူး။ ခိုင်းဖို့၊ ငါလိုချင်တာက နကန်းတစ် လုံးမှမတတ်တဲ့ဟာမျိုး၊ အရုပ်ဆိုးဆိုး အကျည်း တန်တန်ဟာမျိုး၊ အဲဒါမျိုးကမှ နကန်နာတာ။ အပိုးကျိုးတာ”

 

မိန်းမကြီး၏ စကားမဆုံးမီမှာပင် တင်တင်ရီ သေတ္တာကို ကောက်ယူပြီးသားဖြစ်နေသည်။ ပြန်ခွင့် မတောင်းမိ။ နှုတ်ဆက်ဖို့လည်း သတိမရ။ ချာကနဲလှည့်ကာ အိမ်ထဲမှထွက်လာခဲ့သည်။ သူ့နောက်မှ ဦးမြတ်စံတို့ လိုက်ပါလာသည်ကို သတိမထားမိ။

 

ခြံအပြင်သို့ရောက်လာမှပင် ဦးမြတ်စံတို့ကို ရပ်စောင့်မိသည်။ စိတ်တွင် ဘယ်လိုအမျိုးအစားနှင့်များ လာတွေ့ရပါလိမ့်ဟု စဉ်းစားသည်။ သည်အိမ်သို့သွားရန် ညွှန်လိုက်လေသော သူငယ်ချင်းဖြစ်သူကိုပင် အပြစ်တင်ရတော့မလို စိတ်ဆိုးရတော့မယောင်ယောင်နှင့်။

 

ဦးမြတ်စံက ယခုမှ စိတ်လက်ပေါ့ပါးသွားသလို သက်ပြင်းချလိုက်သည်။

 

“ကဲ၊ ဘယ်လိုလုပ်ကြမလဲ သမီး”

 

တင်တင်ရီ ဘာပြန်ပြောရမည်မသိတတ်။

 

“ကဲလေ၊ အဘတို့အိမ်ကိုပဲ လိုက်ခဲ့ဦးပေါ့၊ ဟုတ်လား။ ဖြည်းဖြည်းစဉ်းစားပေါ့”

 

တင်တင်ရီတွင် ဦးမြတ်စံ၏အကြံထက် ကောင်းသော အကြံမရှိ။ ယင်းနည်းလမ်းမှတစ်ပါး အခြားရွေးချယ် စရာမတွေ့။

 

သို့နှင့်ပင် တင်တင်ရီသည် ဦးမြတ်စံတို့အိမ်သို့ ရောက်ခဲ့ရလေသည်။

 

ဦးမြတ်စံ၏ဇနီးသည် တင်တင်ရီကို မြင်လျှင် မြင်ချင်းပင် သမီးတစ်ယောက်ကောက်ရသည့် နှယ်ရှိသည်။

 

ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။ ထို့ကြောင့်ပင် ယင်းအိမ်တွင် တင်တင်ရီ သောင်တင်နေရသည်။

 

နေသားမကျခင်က တင်တင်ရီမနေတတ် မထိုင်တတ်ဖြစ်ရသည်။ အငြိမ့်ထောင်ဆရာအိမ်ဆိုတော့ လူအဝင်အထွက်များသည်။ အငြိမ့်စင်နှင့်ပတ်သက်သော ပစ္စည်းပစ္စယများ၊ ဆိုင်းများ ဗုံများဖြင့် စုံလင် နေသည်။ လူပြက်၊ ယိမ်းသမ၊ အငြိမ့်မင်းသမီး၊ ဆိုင်း ဆရာ၊ ကားဆွဲ စသောလူတန်းစားများကို မြင်နေရသည်။

 

သီချင်းတိုက်သံ ဆိုင်းသံဗုံသံကို အစဉ်ကြားရမြဲ။

 

အစသော် တင်တင်ရီသည် မီးဖိုခန်းမှမထွက်။ အိမ်၏ ဝေယျဝစ္စများကို ဆောင်ရွက်နေသည်။ ယင်းနေရာသည်သာ မိမိ၏နေရာမှန်ဟု ထင်ခဲ့သည်။

 

တစ်နေ့ လူစုံသောအခါ ဦးမြတ်စံသည် တင်တင်ရီအား မီးဖိုခန်းမှ ခေါ်ထုတ်သည်။ ဦးမြတ်စံကိုယ်တိုင် ပတ္တလားမှာ ထိုင်သည်။ တင်တင်ရီကို “အိုကြော့ဆုံးမယ်” ချီ လွမ်းချင်းဆိုခိုင်းသည်။ တင်တင်ရီ မငြင်းပယ်နိုင်ဘဲ ဆိုရသည်။ နောက်တော့ ဆိုင်းအဖွဲ့နှင့် အတူ ယိုးဒယားကန်တော့ခန်းအက ကပြရသည်။

 

ပြီးလျှင်မူ လူတကာကပင် တင်တင်ရီအား မင်းသမီး ဖြစ်နိုင်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ကြသည်။

 

“ကဲ သမီး၊ သမီးရဲ့ အခက်အခဲကို အဘတို့သိတယ်။ တတ်နိုင်သမျှ အကူအညီပေးခဲ့တယ်။ အခု အဘတို့ ကြုံနေရတဲ့ အခက်အခဲကိုလည်း သမီးအသိအမြင်ပဲ။ ဒီအခက်အခဲမှာ သမီးမကူညီရင် မဖြစ်နိုင်ဘူးဆိုတာလည်း နားလည်ပါလိမ့်မယ်ကွယ်။ အဘဒီလောက်ပဲ ပြောပါရစေ”

 

ဦးမြတ်စံက စကားကို တိုတိုတုတ်တုတ်ဆိုသည်။

 

“ကျွန်တော်လည်း အဘတို့အခက်အခဲကို ကူညီချင်ပါတယ် အဘရယ်။ ဒါပေမဲ့ အငြိမ့်ခုံဆိုတာ ကျွန်တော့်အတွက် စိမ်းလွန်းနေမလားလို့ပါ”

 

သည်တွင် ကိုသော်တာက ဆိုသည်။

 

“တို့တစ်တွေ ရှိသားပဲဟာ၊ တို့ဝိုင်းထိန်းပေးမှာပေါ့ ဟုတ်လား”

 

တင်တင်ရီတွင် ငြင်းပယ်ရန် အင်အားမရှိတော့။

 

ဦးမြတ်စံ၏ဇနီး ယိုးဒယားမယ်မြမှာ မင်းသမီးဟောင်းကြီးဖြစ်သည်။ ကိုယ်တိုင်သင်နိုင်ပြနိုင်သည်။ တင်တင်ရီအား သူကိုယ်တိုင် အကပညာကို လက်ပွန်းတတီးသင်ပေးသည်။ တစ်ဖွဲ့သားလုံးကလည်း ရိုင်းရိုင်းပင်းပင်း ကူညီကြသည်။

 

သို့ဖြင့် တင်တင်ရီသည် အရှင်မွေး၊ နေ့ချင်းကြီးဆိုသလို ဖြစ်ရသည်။ နေ့ချင်း ညချင်းပင် အငြိမ့်ခေါင်း ဆောင်မင်းသမီး ဖြစ်လာရသည်။ အထူးသဖြင့် ယိုးဒယားမယ်မြကိုယ်တိုင် ကျွမ်းကျင်နိုင်နင်းစွာ ကပြနိုင်သည်။ ကိန္နရီကတွင် ပိုမိုထူးချွန်သည်။

 

“မင်းသမီးတော့ဖြစ်ပြီ။ မင်းသမီးနဲ့တူတဲ့ နာမည် လေးဘာလေးလည်း ပေးကြပါဦး”

 

တင်တင်ရီဆိုသည်။

 

သည်တွင် ဦးမြတ်စံက မဆိုင်းမတွ အမည်ပေး သည်။

 

“နာမည်ပေးတာများ ဘာခက်တာလိုက်လို့ “နန်းကိန္နရီ” ဆို ပြီးရောမဟုတ်လား”

 

“နန်းကိန္နရီ”

 

အားလုံးက ယင်းနာမည်ကို ပဲ့တင်ထပ်သည်။

 

တင်တင်ရီသည် သူ၏အမည်ကို ခပ်တိုးတိုးရွတ် ဆိုကြည့်သည်။

 

“နန်းကိန္နရီ” တဲ့။

 

 “အဲဒါဟာ အရီရဲ့ဘဝ အပြည့်အစုံပဲ ဒေါ်ဒေါ်ဝင်း။ အရီ့အကြောင်းပဲ။ ဒီနောက်ပိုင်းက အကြောင်းတွေ ကိုတော့ ဒေါ်ဒေါ်ဝင်း သိပြီးသားပဲမဟုတ်လား။ ပြောစရာမလိုတော့ဘူး မဟုတ်လား”

 

နန်းကိန္နရီ၏ စကားဆုံးလေလျှင် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။ ငြိမ်သက်သွားသည်။ အသက်ရှူသံများသည်ပင် ကျယ်လောင်သောအသံ ဖြစ်နေရသည်။

 

လဝန်းသည် ရှမ်းရိုးမကို ကျော်လွန်မြင့်တက်လာလေပြီ။ လရောင်သည် ရွှန်းမြလာခဲ့ပြီ။ သစ်ရွက် သစ်ခက်များအကြားမှ ယိုဆင်းကျလာသော လရောင်သည် မြေပြင်မှာ ပြောက်ပြောက်ကျားကျား အကွက်များအဖြစ်ထင်နေသည်။ လရောင်အကွက် ကလေးများထဲမှ တစ်ကွက်သည် နန်းကိန္နရီ၏ မျက်နှာပေါ်သို့ တိုက်ရိုက်ထိုးကျလာသည်။ ယင်း လရောင်ဖြင့် နန်းကိန္နရီ၏မျက်နှာမှာ နာကြည်းရခြင်း၊ ကြေကွဲရခြင်း အရိပ်အသွင်များကို ဒေါ်ဝင်းရီ မြင်နေရသည်။

 

`“ဘယ့်နှယ်လဲ ဒေါ်ဒေါ်ဝင်း၊ အရီ့ရဲ့အဖြစ် အပျက်ကိုကြားရတာ ရင်မောစရာမကောင်းဘူး လားဟင်”

 

ဒေါ်ဝင်းရီသည် နန်းကိန္နရီအား အဖြေမပေးမီ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

 

“စိတ်မောစရာတော့ အမှန်ပဲကွယ်။ ဒါပေမဲ့ အရီရယ်။ အရီ့မှာ ဖြေသာစရာတွေ ရှိနေပါပြီ။ လူ့ဘဝဆိုတာကလည်း အမြဲတမ်း သာယာဖြောင့်တန်းနေတတ်တာမျိုးမှ မဟုတ်ဘဲကလား။ အခက် အခဲနဲ့ တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ဆုံရမြဲ မဟုတ်လား”

 

“ဒါကို အရီနားလည်ပါတယ် ဒေါ်ဒေါ်ဝင်း၊ အရီရဲ့ အတိတ်ကာလဟာ အရုပ်ဆိုးခဲ့တယ်။ အကျည်း တန်ခဲ့တယ်။ ပစ္စုပ္ပန်ဟာတော့ လှပနေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အနာဂတ်ဟာ ဘယ်လိုရှိ နေဦးမယ်ဆိုတာ မပြောတတ်နိုင်သေးဘူး”

 

ဒေါ်ဝင်းရီသည် ထိုင်ရာမှ ရုတ်တရက်ထရပ် လိုက်သည်။ နန်းကိန္နရီ၏လက်ကိုဆွဲ၍ ရပ်စေသည်။ တစ်ဆက်တည်းမှာပင် ရယ်ရင်းမောရင်းပြောသည်။

 

“ကိုင်း... ကိုင်း တော်ကြပါစို့ အရီရယ်။ အတော်ကြာ အတွေးလွန်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်တွေ ဖြူကုန်ပါဦးမယ်။ အဘွားကြီးအိုလေး ဖြစ်နေပါလိမ့်မယ်”

 

နန်းကိန္နရီသည် ဒေါ်ဝင်းရီနှင့် ရောနှောရယ် မောလိုက်လေသည်။

 

ဆက်လက်ဖော်ပြပါမည်။