မောင်သိန်းဆိုင်
၈-၆-၂၀၂၂ ရက်နေ့မှအဆက်
သို့ပေမဲ့ ပူစူးမအတွက် ကိုးနှစ်အရွယ် မှသည် အသက်ကြီးပြင်းလာသည်အထိ နှလုံးသား၌ ဖျက်၍မရသော အမှတ် ကြီးတစ်ခုသဖွယ် အိပ်ရာဝင်လေတိုင်း ဘုရားသခင်ထံ မိမိအားခွင့်လွှတ်ပါ ဟု ထာဝရတောင်းပန်ရလောက်အောင် စိတ်ထိခိုက်ဖွယ်ဖြစ်ရပ်သည် ထိုညက ဖြစ်ပျက်ခဲ့သည်။
ပူစူးမတို့ အိမ်သို့ပြန်ရောက်သောအခါ မိုးရွာဆဲပင် ရှိသေးသည်။ လေသည် ပြင်းထန်စွာ တိုက်ခက်ဆဲရှိသေးသည်။
အိမ်၌ ပူစူးမ၏လေးလေး မရှိတော့။ ကိုမောင်မောင်ဦးကို မမြင်တွေ့ကြရ တော့။ အိမ်နီးနားချင်းတို့၏ ပြောစကား အရ၊ ထမင်းချက်မိန်းမ၏ဆိုစကားအရ သူသည် မိုးရွာထဲသို့ အဆောင်းအကာ မပါဘဲ ထွက်သွားသည်ဟု ဆိုသည်။ သူ ရယ်လို့ မသေချာဘဲ ဝိုးတဝါးအနေ အထားဖြင့် ထွက်သွားသည်ကို တွေ့ လိုက်ကြရသည်။
ပူစူးမမှာ မိမိကြောင့် သည်သို့ဖြစ်ရ သည်ထင်ကာ ကြီးပြင်းလာသည့်အထိ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်အောင် ရှိခဲ့ သည်။ ထိုနေ့က အဖြစ်အပျက်များကို လွမ်းလွမ်းဆွတ်ဆွတ်ကြီး အမှတ်ရ နေမိတတ်သည်။
အစကတော့ သူသည် အခါတိုင်းက လိုပင် အသိမပေးဘဲ၊ နှုတ်မဆက်ဘဲ ထွက်ခွာသွားကာ တစ်နေ့တွင် မမျှော် လင့်ဘဲ၊ မထင်မှတ်ဘဲ ပြန်လာလိမ့်မည် ဟု အားလုံးက ယုံကြည်မိခဲ့ကြသည်။ ထိုသို့ဖြစ်စေရန်လည်း အားလုံးက ဆုတောင်းမိကြသည်။
သို့တစေ။
ကလေးတို့၏လေးလေး သို့မဟုတ် ဂျော့တို့၊ မေဘယ်တို့၏ ကိုမောင်မောင်ဦး သည် ထိုနေ့ကစ၍ သူတို့၏ထံပါးမှ ထာဝရပျောက်ဆုံးသွားခဲ့လေသည်။
x x x x x
[ ၅ ]
ပုရွက်အုံကို တုတ်နှင့်ဆွလိုက်သည့် ပမာဖြစ်သည်။ ရုပ်ရှင်ပြီးသည်နှင့် တစ်ပြိုင်နက် လူတို့သည် ရုံအတွင်းမှ လမ်းမပေါ်သို့ ဝေါခနဲ လျှံကျလာသည်။ ပလက်ဖောင်းပေါ်တွင် အတိုးတိုး အဝှေ့ဝှေ့ ဖြစ်နေကြသည်။
ရုပ်ရှင်ကားကလည်း နာမည်ကြီး ကား။ နိုင်ငံခြားရုပ်ရှင်ကား၊ အပစ် အခတ်၊ အထိုးအကြိတ်၊ အနမ်းအရှုပ် တို့ဖြင့် ပြည့်နှက်နေသောကား။ သို့မို့ ကြောင့်လည်း သည်ရုပ်ရှင်ကားပြသရာ ရုပ်ရှင်ရုံမှာ အခြားရုပ်ရှင်ရုံများထက် လူစည်ကားသည်။
မျိုးထွန်းသိန်းသည် ရုံပေါက်ဝ၌ စုပြုံ တိုးဝှေ့နေသောလူအကြား၌ပါလာသည်။ လေအေးစက်ကြောင့် ရုံအတွင်းမှာ သက်သောင့်သက်သာ ရှိခဲ့သည်။ အပြင်သို့ ထွက်ခဲ့ရပြီဆိုသောအခါ ပြင်ပ လေပူပူသည် မခံမရပ်နိုင်စရာကောင်း လောက်အောင် ဆီးကြိုနှုတ်ဆက်သည်။ လူနံ့၊ ချွေးနံ့များဖြင့် ငြီးစီလာသည်။ သူသည် အပြင်သို့ လုံးလုံးလျားလျား ရောက်ရှိရန် စိတ်စောနေမိသည်။
ယင်းအခိုက်မှာပင် နောက်ကျောဆီမှ အသံတစ်သံ ကြားရသည်။
“ကိုမျိုး၊ ဟေ .. ကိုမျိုး”
နောက်သို့လှည့်မကြည့်ဘဲ အသံရှင်မှာ မည်သူမည်ဝါဟု သိသည်။ နန်းကိန္နရီ ၏အသံဖြစ်ကြောင်း မှတ်မိသည်။
နောက်သို့ လှည့်ကြည့်လိုက်သည်။ များပြားလှသော လူအုပ်ကြောင့်
နန်းကိန္နရီကို ရုတ်တရက်မတွေ့ရ။
“ဟေး၊ ကိုမျိုး”
အသံထွက်လာပြန်သည်။ သည်တစ်ခါ တွင် မျှော်လင့်ထားသည့်အတိုင်း နန်း ကိန္နရီကို လှေကားထိပ်မှာ တွေ့ရပါသည်။ စင်စစ် နန်းကိန္နရီနှင့်သူတို့ များစွာ ကွာ ဝေးလှသည်မဟုတ်။ သို့ပေမဲ့ လူသူ ကျပ်ညပ်နေသဖြင့် နီးမယောင်နှင့် ဝေး သလို ဖြစ်နေသည်။
“ကိုမျိုး”
နန်းကိန္နရီက ထပ်ခေါ်ကာ လက်ဝှေ့ ယမ်းပြသည်။
အချို့သော ရွှတ်နောက်လိုသူတို့သည် သည်အမည်ကို လိုက်ခေါ်ကြသည်။ ကိုမျိုးဟု ခပ်အုပ်အုပ်ခေါ်ကာ ရယ်မော လိုက်ကြသည်။
မျိုးထွန်းသိန်းသည် နန်းကိန္နရီ ထွက် အလာကို ရုံပေါက်ဝမှစောင့်သည်။ လူ အတော်ချည်းရှင်းလေမှ အမျိုးသမီး ထွက်လာနိုင်သည်။ ထိုအခါ နန်းကိန္နရီ သည် အထီးတည်းမဟုတ်ကြောင်း တွေ့ရသည်။ သူ၏နံဘေးမှာ အဖော် တစ်ယောက်ပါသေးကြောင်း မြင်ရသည်။
နန်းကိန္နရီ၏အဖော်မှာ အသက် သုံးဆယ်ကျော်၊ လေးဆယ်နီးပါးရှိပြီဟု ခန့်မှန်းရသည်။ တောက်ပသစ်လွင်သော အဝတ်အစား ဝတ်ထားစေကာမူ၊ ခေတ်မီသော ဆံပင်ပုံစံနှင့် အခြယ်အသ များရှိစေကာမူ ယင်းအမျိုးသမီးကြီး၏ မျက်နှာမှာ ထူးထူးခြားခြား ဣန္ဒြေရလှ ကြောင်း မျိုးထွန်းသိန်း သတိထားမိသည်။
မျက်နှာချင်းဆိုင်မိသည်ဆိုလျှင်ပင် နန်းကိန္နရီက မျိုးထွန်းသိန်းနှင့် သူ့အပါးမှ အမျိုးသမီးကြီးကို မိတ်ဆက်ပေးသည်။
“ကိုမျိုး၊ ဒါ အရီ့မေမေ။ ဒေါ်ရေနံ့ သာခင်ခင်ကြီး”
မျိုးထွန်းသိန်း အသိအမှတ်ပြုသော အပြုံးကိုပြုံးပြကာ “တွေ့ရတာဝမ်းသာ ပါတယ်ခင်ဗျာ” ပြောရသည်။ ကြားရ လေ့မရှိသော အမည်တစ်ခုကို ကြား လိုက်ရသလိုရှိကာ စိတ်မှာ ဆန်းကြယ် သလို ဖြစ်သွားမိသည်။
“မေမေ၊ ဒါ ကိုမျိုး။ နာမည်အပြည့် အစုံက ကိုမျိုးထွန်းသိန်း၊ သူက ဆရာ၊ ဓာတုဗေဒပြတာ”
အမျိုးသမီးကြီးသည် လျော့ရဲသော အပြုံးကိုပြုံးကာ အသိအမှတ်ပြုသလို ခေါင်းညိတ်ပြလိုက်သည်။
သူ့အပေါ် အမျိုးသမီးကြီး ထားရှိအပ် သော စိတ်ဝင်စားမှုမှာ သည်မျှသာဖြစ် သည်ဟု မျိုးထွန်းသိန်းထင်သည်။ သူ့ မျက်နှာကို စူးစိုက်အကဲခတ်ခြင်းလည်း မရှိ။ ကြာရှည်လည်းကြည့်မနေ။ ချက်ချင်းဆိုသလိုပင် အကြည့်ကို အခြား သို့ လွှဲပြောင်းလိုက်ကြောင်း တွေ့ရ သည်။ ထိုအတွက် မျိုးထွန်းသိန်း၏ စိတ်ထဲမှာ မကျေနပ်ချင်လှပေ။
“အရီတို့ ဒီကားကြည့်တယ်ပေါ့”
မျိုးထွန်းသိန်း မေးသည်။ နန်းကိန္နရီ ခေါင်းညိတ်ပြသည်။
“ကိုမျိုးမှာ ကားပါသလားဟင်”
ယင်းအမေးအတွက် မျိုးထွန်းသိန်း ရယ်ရသေးသည်။
“မပါပါဘူး။ ကားစီးနိုင်တဲ့ အတန်း အစားထဲမှာ မျိုးထွန်းသိန်းဆိုတဲ့နာမည် မပါဘူးဆိုတာ သိသားနဲ့များ”
နန်းကိန္နရီသည် မေးမိသည့်စကား အတွက် အားတုံ့အားနာ ဖြစ်သွားရသည်။
“ဒါဖြင့် ကိုမျိုးကို အရီတို့ လိုက်ပို့ပေး မယ်လေ”
“ကိစ္စမရှိပါဘူး။ ကျေးဇူးတင်ပါတယ်”
“တကယ်ပြောတာပါ။ ကိုမျိုး ဘယ်မှာ နေတာလဲ”
“မဝေးပါဘူး”
“အားနာလို့လားဟင်”
“ဒါကြောင့် မဟုတ်ပါဘူးအရီ”
မျိုးထွန်းသိန်းနှင့် နန်းကိန္နရီတို့ အချီ အချစကားပြောနေသည်ကို ဒေါ်ရေနံ့ သာ ခင်ခင်ကြီး ကြည့်ဖော်ရလာသည်။ သည်တစ်ခါ ကြည့်လာသောအကြည့်မှာ စိတ်ဝင်စားမှု အနည်းအကျဉ်းဆိုသလိုပါ သည်။
စင်စစ်တွင် နန်းကိန္နရီအနေနှင့်အလေး တယူ နှုတ်ဆက်ခဲ့သော၊ လိုသည်ထက် ပို၍ ရင်းရင်းနှီးနှီးရှိနေသော သူ တစ်ယောက်အပေါ် စိတ်ဝင်စားထိုက် သည်ဟု သဘောထားလေသလား မသိ။
သို့မဟုတ်လျှင်လည်း နန်းကိန္နရီ၏အသိ အကျွမ်းစာရင်းထဲမှာ ယောက်ျားကလေး မိတ်ဆွေမပါဝင်ခဲ့။ သူ့မှာ ယောက်ျား ကလေးမိတ်ဆွေ ရှိနေသည်ကို တွေ့ရ သောအခါ ထိုသူမှာ မည်သည့် အမျိုးအစား ဟု အကဲခတ်ချင်ဟန်လည်းတူသည်။
နန်းကိန္နရီသည် အမျိုးသမီးကြီးဘက် သို့ လှည့်ကြည့်သည်။
“အရီတို့ တစ်ခုခု စားကြဦးမယ် မဟုတ်လားဟင်”
“စားကြမယ်လေ။ အအေးတစ်ခုခု သောက်ကြရအောင်”
နန်းကိန္နရီသည် မျိုးထွန်းသိန်းဘက်သို့ လှည့်လိုက်ပြန်သည်။
“ကဲ ကိုမျိုးပါ အရီတို့နောက် လိုက်ခဲ့” ဆိုသည်။
မျိုးထွန်းသိန်းက ငြင်းမည်ပြုသေး သည်။
“ကဲပါကွယ်၊ ဒါတော့ လက်ခံလိုက်ပါ”
အမျိုးသမီးကြီးက ဝင်ရောက်တိုက်တွန်း သည်။ သည်တော့လည်း မျိုးထွန်းသိန်း ငြင်းပယ်နိုင်စွမ်းမရှိ။ ငြင်းပယ်မိလေ လျှင်လည်း ရိုင်းရာကျပေတော့မည်။
သို့ဖြင့် စားသောက်ဆိုင်တစ်ဆိုင်သို့ ရောက်ကြသည်။ စားရင်းသောက်ရင်း ဖြင့် စကားဖောင်ဖွဲ့ဖြစ်ခဲ့ကြသည်။
ကျောင်းဆရာဖြစ်သော မျိုးထွန်းသိန်း သည် စကားပြောရာ၌ အထာကိုသိသည်။ လူစိတ်ဝင်စားအောင် စကားပြောတတ် ဆိုတတ်သည်။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး စကားကလေးများကို ရွေးချယ်ပြောတတ်သည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီးသည် မျိုးထွန်းသိန်းအပေါ် ဖော်ဖော်ရွေရွေ ရှိလာသည်။ မျိုးထွန်း သိန်း၏ ရယ်မောဖွယ်ရာစကားများကို ရယ်ဖော်ရလာသည်။
အဘယ်ကြောင့် ဟူ၍တော့မသိ။ မျိုးထွန်းသိန်းသည် ဒေါ်ရေနံ့သာ ခင်ခင်ကြီး မိမိအပေါ် အာရုံစိုက်လာ အောင်၊ ရင်းရင်းနှီးနှီးဖြစ်လာအောင် ကြိုးစားနေမိကြောင်း တွေ့ရသည်။
ထိုအမျိုးသမီးကြီးကို ခင်မင်ရင်းနှီးစိတ် အလိုလိုဝင်နေမိလေသည်။
သူသည် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ မျက်ဝန်းများကို ဂရုတစိုက်ကြည့်မိလေ့ရှိ သည်။ သူ၏မျက်ဝန်းများမှာ အရိပ် တစ်ရပ် ထင်နေသည်ဟုထင်သည်။ ယင်းအရိပ်သည် ကြေကွဲဖွယ် ပုံပြင် တစ်ခုကို ပြောနေသည့်နှယ် ဖြစ်သည်ဟု လည်း ယူဆမိသည်။ လူ့ဘဝ၏ အဓိပ္ပာယ်တစ်ရပ်ရပ်ကို ဖော်ကျူးနေ ဟန်လည်း ရှိသေးသည်။ သူ၏ အပြုံး အရယ်တို့မှာ ရံခါတွင် မျက်နှာပြင်ရှိ အကြောအစိုင်တို့၏ လှုပ်ရှားမှုမျှသာ ဖြစ်သည်။ ရင်အတွင်းမှ လှိုက်လှဲမှုမပါ။ မျက်လုံးများကပါလိုက်ပြီး ပြုံးရယ် တတ်ခြင်းမရှိ။ အပြုံးအရယ်တို့သည် ရံခါတွင် ခြောက်ခြောက်သွေ့သွေ့နိုင် လှလေသည်။ ဆက်လက်ဖော်ပြပါမည်။