မောင်သိန်းဆိုင်


၁၀-၆-၂၀၂၂ ရက်နေ့မှအဆက်


အမှန်ပြောရလျှင်တော့   မျိုးထွန်းသိန်းသည်          ယင်းသဘောရှိသည့်အပြုံးမျိုးကို   ထိတ်လန့် ကြောက်ရွံ့တတ်မြဲဖြစ်သည်။ သည်အပြုံးမျိုးရှိသူ သည် ရက်စက်တတ်သောသဘော၊ ပြတ်သားတတ် သောသဘော၊ တစ်ခါတစ်ရံ အလွန်အမင်း မျိုသိပ် ချုပ်တည်းနိုင်သော သဘောရှိတတ်သည်ကို အမှတ် ရသည်။ လောကကိုလည်း ဆန့်ကျင်ဘက်မြင်တတ် သေးသည်။   အလွယ်တကူ   ဖြားယောင်း၍မရ တတ်ဘဲ    အရာရာကို   နားလည်နိုင်စွမ်းရှိကာ တကယ်တမ်း ခွင့်လွှတ်နိုင်စွမ်းရှိသော အရည်အချင်း မျိုးကိုလည်း ပိုင်ဆိုင်တတ်သေးသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး၏  တစ်စုံတစ်ရာဖြင့်       လျှို့ဝှက်နက်နဲနေသော မျက်ဝန်း၊ အေးစက်စက်နှင့် ခြောက်ခြောက်သွေ့သွေ့နိုင်သော  အပြုံးမျိုးကို တစ်နေရာရာ၊ တစ်ယောက်ယောက်ထံ၌ မြင်တွေ့ရ ဖူးသည်ဟု မျိုးထွန်းသိန်း၏စိတ်မှာ မှတ်မိလာသလို ရှိသည်။ သည်အပြုံး၊ သည်မျက်ဝန်းမျိုးရှိသူနှင့် ကြုံဆုံခဲ့ဖူးသည်ကို မှတ်မှတ်ရရရှိလာမိသည်။
ဖျတ်ခနဲဆိုသလိုပင် သူ့စိတ်အတွေးသို့ အဲလစ် သည် ရောက်ရှိလာလေသည်။
အဲလစ်။
သည်အမည်ကို အသံမထွက်စေဘဲ ရင်ထဲမှခေါ် လိုက်သည်။
မှန်သည်။
အဲလစ်တွင် သည်သို့ပင် လျှို့ဝှက်နက်ရှိုင်းသော မျက်ဝန်းမျိုး။ ပိရိသိပ်သည်းသော အပြုံးမျိုးရှိခဲ့ သည်။ ရံခါတွင် ထိုအမျိုးသမီးသည်လည်း မျက်လုံး ကလေးများကပါ လိုက်၍မပြုံးသော အပြုံးမျိုးကို ပြုံးတတ်မြဲ။
ဪ၊   အဲလစ်နှင့်ပတ်သက်၍   သည်ရက်များ အတွင်း မှတ်မှတ်ရရ ရှိလွန်းလှပါကလား။ နှစ်အတန် ကြာမျှ  ငြိမ်သက်နေခဲ့သောရင်တို့  ခုန်ရလွန်းပါ ကလား။
အဲလစ်ကို နန်းကိန္နရီနှင့် ယေဘုယျတူသည်ဟု မှတ်ယူသည်။   ဒေါ်ရေနံ့သာခင်ခင်ကြီး၌    အဲလစ် ကဲ့သို့သောအပြုံးမျိုး ရှိနေပြန်သည်။ နန်းကိန္နရီသည် ဒေါ်ရေနံ့သာခင်ခင်ကြီး၏  သမီး၊ သည်တော့လည်း ယင်းအမျိုးသမီးသုံးယောက်တို့မှာ တစ်ယောက်နှင့် တစ်ယောက်    အဆက်အစပ်များ   ရှိနေကြလေ သလား။ သူတို့၏နောက်ကွယ်ဝယ်  ဆန်းကြယ်သော လျှို့ဝှက်မှုများ ရှိနေလေသလား။ မျိုးထွန်းသိန်း မတွေးတတ်နိုင်ပါပြီ”
“နော် ကိုမျိုး”
အဲလစ်ကိုသတိရပြီး  အတွေးလွန်နေခိုက်တွင် သူစကားဝိုင်းအပြင်သို့  ရောက်သွားရသည်။ နန်းကိန္နရီက သူ့အား အမေးတစ်ခု မေးခဲ့ဟန်တူ သည်။ ထိုအမေးကို အစအဆုံး မကြားလိုက်။ “နော် ကိုမျိုး” ဆိုလေမှ အမေးခံရကြောင်း သိသည်။
သူသည် အမေးကို မဖြေတတ်နိုင်ဘဲ နန်းကိန္နရီ၏ မျက်နှာကို ကြည့်လိုက်မိသည်။
နန်းကိန္နရီ ရယ်လိုက်သည်။
“စကားပြောရင်းကနေ အတွေးတွေ တာဝတိံသာ ရောက်ပြီး တိမ်ညွန့်စားနေသလား ကိုမျိုး။ အရီ မေးနေတာ မကြားလိုက်ဘူးပေါ့လေ။ တစ်နေ့ကျရင် အရီတို့အိမ်မှာ တစ်ခုခုလုပ်စားကြရအောင် ကိုမျိုး လာရမယ်။ လာမယ်မဟုတ်လားလို့ မေးတာ”
“ဪ၊ ဪ” 
သူသည် နန်းကိန္နရီနှင့် ရောနှောရယ်မောလိုက် သည်။
“ကိုမျိုးက တစ်ခါတလေကြောင်တယ် မေမေရဲ့။ သူက လူကောင်းတစ်ယောက်မဟုတ်ဘူး။ ဝေဒနာ သည်။ သူ့မှာ အသည်းကွဲတဲ့ရောဂါရှိတယ်”
နန်းကိန္နရီသည် ဒေါ်ရေနံ့သာခင်ခင်ကြီးကိုပါ ရောနှောရယ်မောစေလိုသောသဘောဖြင့် စကားဆို သည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ စူးစိုက်ကြည့်ခြင်း ကို မျိုးထွန်းသိန်း ခံရသည်။
“ပြီးတော့လည်း မေမေရယ်။ သူက ရယ်စရာ ပြောသေးတယ်။ သူနဲ့ကွဲသွားတဲ့ သူ့အဆက်က အရီနဲ့တူသတဲ့လေ”
“ဟုတ်လား”
ဒေါ်ရေနံ့သာခင်ခင်ကြီး၏  မျက်ဝန်းများမှာ တောက်ပလာသလိုရှိသည်။ အကြည့်သည်လည်း အသက်ဝင်လာသလို ရှိသည်။ ရဲရဲစူးစူးပွင့်လာသည်။
မျိုးထွန်းသိန်းသည် နန်းကိန္နရီ၏စကားများကို သဘောမကျချင်လှ။ အဘယ်ကြောင့် သည်စကား ကို စရပါလိမ့်၊ အဘယ်ကြောင့် သည်အကြောင်းကို ရယ်မောရွှင်ပျစရာစကားအဖြစ်   ဆိုချင်ရပါလိမ့် စသည်ဖြင့် တွေးနေမိသည်။
“အဲဒီမိန်းကလေး  ဘယ်ရောက်သွားသလဲဟင်”
ဒေါ်ရေနံ့သာခင်ခင်ကြီး၏    ပထမဆုံးအကြိမ် အဖြစ် စိတ်ဝင်တစားမေးလာသော အမေး။
“အဲဒီမိန်းကလေးက ကိုမျိုးကို ပစ်သွားတာပေါ့။ ခြေရာလည်းပျောက် ရေလည်းနောက်ဆိုသလို ဖြစ်သွားတာပေါ့”  နန်းကိန္နရီက မျိုးထွန်းသိန်းအစား ဝင်ဖြေသည်။
“ဒါကြောင့် ကိုမျိုး အသည်းကွဲနေရတာပေါ့ မေမေရဲ့”
နန်းကိန္နရီ ရယ်လိုက်သောအခါ သည်ကိစ္စကို ပေါ့ပေါ့ပါးပါး ဖြစ်စေလိုသောသဘောဖြင့် အရီ ကတော့ ဒီတစ်ခုနဲ့ စကားဝိုင်းတိုင်းမှာ ကိုယ့်ကို အနိုင်ယူနေတော့တာပဲ” ဆိုကာ ရယ်မောပစ်လိုက်ရ  သည်။
သည်သို့ဖြင့် မျိုးထွန်းသိန်းနှင့် ဒေါ်ရေနံ့သာခင်ခင် ကြီးတို့ တွေ့ဆုံမိခဲ့ကြသည်။ တစ်ယောက်နှင့် တစ်ယောက် အလေးတယူ ဂရုတစိုက် ရှိမိခဲ့ကြ သည်။ ခင်မင်ရင်းနှီးခြင်းရှိခဲ့သည်ဟုဆိုချင်လည်း ဆိုနိုင်ပါသည်။
အကြောင်းမူ ထိုနေ့က စကားဝိုင်းမှာ တော်တော် နှင့် မပြတ်ခဲ့သောကြောင့်ဖြစ်သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် မျိုးထွန်းသိန်း၏ အကြောင်းကို အနည်းအကျဉ်းဆိုသလို စပ်စုခဲ့ သည်။
“ကျွန်တော်က တစ်ဖက်မှာ သရုပ်ပြဆရာလုပ်ရင်း တစ်ဖက်က မဟာသိပ္ပံဖြေဖို့ ကြိုးစားနေပါတယ်။ ကျွန်တော့်ဘဝက ဖားတစ်ပိုင်း ငါးတစ်ပိုင်းဆိုတာလို ဆရာတစ်ပိုင်း တပည့်တစ်ပိုင်းဆိုပါတော့”
မျိုးထွန်းသိန်းသည်လည်း    သူ့အကြောင်းကို   တစ်စွန်းတစ်စ ပြောမိလျက်သားရှိသည်။
နန်းကိန္နရီက  ဘွဲ့ရပြီးလျှင်  နိုင်ငံခြားဘာသာ သင်တန်းတစ်ခုခုတက်ချင်ကြောင်း   စကားစပ်ဆို သည်။
“ဂျာမန်ဘာသာ သင်သင့်တယ်။ ပြင်သစ်လည်း ကောင်းပါတယ်။  ကျွန်တော်တော့  အချိန်ရရင် ဂျာမန်ဘာသာသင်မယ်   စိတ်ကူးတယ်။  ဂျာမန် ဘာသာနဲ့  အဘိဓမ္မာတွေ  ဖတ်ချင်တယ်။ ပြင်သစ် ဘာသာနဲ့  ရှေးအချစ်ဝတ္ထုတွေကို  မူရင်းအတိုင်း ဖတ်ကြည့်ချင်မိတယ်။ ဂျပန်ဘာသာနဲ့ ဂျပန်ကဗျာ ကလေးတွေကို   ဖတ်ရရင်လည်း  သိပ်ပျော်စရာ ကောင်းမှာပဲ”
သည်အကြောင်း     စကားစပ်မိကြလေလျှင် မျိုးထွန်းသိန်းမှာ  ပြောစရာစကားများ ရလာသည်။ သူ့အတွေ့အကြုံအရ သည်ဘက်မှာ များစွာပြောနိုင် ဆိုနိုင်သည်။
သို့ဖြင့် သူ၏စကားများကို ဒေါ်ရေနံ့သာခင်ခင်ကြီး ရော နန်းကိန္နရီပါ စိတ်ဝင်တစားရှိလာသည်။ ထိုနေ့ က မျိုးထွန်းသိန်းသည် သူ တီးမိခေါက်မိသမျှ ဂျာမန် ဘာသာ၏ ဒဿနိကအချို့၊  ပြင်သစ်ဝတ္ထုအနည်း အကျဉ်းနှင့် ဂျပန်ကဗျာ တစ်ပုဒ်စ၊ နှစ်ပုဒ်စကို ရှင်လင်းပြခဲ့မိသည်။
“လှပသိမ်မွေ့သော    ဂျပန်ကဗျာတစ်ပုဒ်ကို ကြားရလေလျှင် ဒေါ်ရေနံ့သာခင်ခင်ကြီးက -
“တို့များတော့  ဂျပန်ဆိုတဲ့  အသံကြားရရင် ဖျားချင်သလို   နားကြောကစိမ့်မိတာ   အမှန်ပဲ။ သူတို့ရဲ့ကဗျာတွေ  ဘာတွေဟာလည်း  ဒီလောက် နုနယ်သိမ်မွေ့လိမ့်မယ်   မထင်မိဘူး။  ဂျပန်ကို တို့များ နဖူးတွေ့ဒူးတွေ့ တွေ့ရတာက အာဠာဝက ပုံစံ ဂျပန်မျိုးချည်းကိုး” ဆိုကာ ရယ်ရယ်မောမော နှင့်ပင် နာကြည်းဟန်ကို ပြသည်။
စကားဝိုင်းသိမ်းကာ ပြန်ရန် ပြင်ဆင်ကြသည်။
“အရီပြောသလို တို့များအိမ်ကို အလည်လာပါ မောင်မျိုးထွန်းသိန်း။  ရင်းရင်းနှီးနှီး  ခင်ခင်မင်မင် နေပါ ဟုတ်လား”
ဒေါ်ရေနံ့သာခင်ခင်ကြီး၏ ဖိတ်ခေါ်စကားကို မျိုးထွန်းသိန်း ဝမ်းပန်းတသာကြားရသည်။
စားသောက်ဆိုင်     လှေကားမှအဆင်းတွင် နန်းကိန္နရီသည် ဒေါ်ရေနံ့သာခင်ခင်ကြီး၏နောက်မှာ ချန်နေရစ်သည်။ မျိုးထွန်းသိန်းကိုလည်း ချန်နေရစ် စေသည်။
ပြီးမှ သူကပြောပါသည်။
“ကိုမျိုးက ဘယ်ဆိုးလို့တုံး။ မေမေတောင် ကိုမျိုး ကို သဘောကျသွားပြီ။ ကိုမျိုးနဲ့စကားပြောရတာ ဗဟုသုတ ဟင်းလေးအိုးကြီးဆိုတဲ့ စာအုပ်ဖတ်ရ သလိုပဲ။ သိပ်ပျော်စရာကောင်းတာပဲ”
မျိုးထွန်းသိန်းသည် နန်းကိန္နရီ ရွှတ်နောက်နေ သလားအထင်နှင့် သူ၏မျက်နှာကို လှမ်းကြည့်မိ သည်။ အတည်အကြည်ပြောနေကြောင်း တွေ့ရ သည်။
“အရီကလည်း ဘယ်ဆိုးလို့တုံး၊ လူတစ်ဖက်သား ကို မြှောက်တတ် ပင့်တတ်သားပဲ။ ပြီးတော့ ညာပြီး စကားတွေလည်း အများကြီးပြောခိုင်းတတ်သေး တယ်နော်”
နှစ်ယောက်သား ရယ်မိကြသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးတို့ မော်တော်ကားရပ် ထားရာသို့ သူလိုက်ပို့သည်။ အမျိုးသမီးနှစ်ယောက် က သူ့ကို နှုတ်ဆက်သွားကြသည်။ သူသည် ကား ကလေးကို မျက်စိတစ်ဆုံးကြည့်ရင်း ကျန်ရစ်သည်။ 
တစ်ကိုယ်တည်း လမ်းလျှောက်လာရင်း စောစော က ကြည့်ခဲ့သော ရုပ်ရှင်ကားကို စားမြုံ့ပြန်မည်ဟု သူစဉ်းစားသည်။ သို့ပေမဲ့ ရုပ်ရှင်နှင့်ပတ်သက်သောအကြောင်းအရာတို့ သူ့စိတ်အတွေးသို့ ရောက် မလာ။
ဒေါ်ရေနံ့သာခင်ခင်ကြီး၊ နန်းကိန္နရီနှင့် အဲလစ်တို့ သာ ရောက်လာကြသည်။
ယင်းအာရုံသည် သူ၏စိတ်အတွေးကို ညပေါင်း များစွာ ကြီးစိုးထားသည်။ သူ့အား အိပ်မပျော်နိုင် သော ညပေါင်းများစွာနှင့်လည်း ကြုံကြိုက်စေသေး သည်။ အိပ်မပျော်နိုင်သော ညများတွင် သည်အတွေး ကိုသာ အထပ်ထပ်အခါခါ တွေးမိစေသေးသည်။ အတွေးဖြင့်လည်း အိမ်မပျော်နိုင်အောင် ရှိရပြန် သည်တည်း။
x  x  x  x  x
ဆက်လက်ဖော်ပြပါမည်။