မောင်သိန်းဆိုင်
ယမန်နေ့မှအဆက်
မိမိကိုယ်မိမိ အရာရာကို အလွယ်တကူမေ့ပျောက်နိုင်စွမ်း ရှိသူတစ်ယောက်ဟု ကိုငှက်ရိုးမထင်ပေ။ အမှတ်သညာ ကြီးလွန်းလှသူတစ်ယောက်လည်း မဟုတ်ခဲ့။ သို့ရာတွင် အချို့သောကိစ္စရပ်များ၌ အလွယ်တကူ မေ့ပျောက်နိုင်စွမ်းရှိအောင် ကြိုးစားခဲ့ရသည်လည်း ရှိသည်။ တမင်တကာပင် မေ့မေ့ ပျောက်ပျောက်ဖြစ်အောင် နေခဲ့ရသည်လည်း ရှိသည်။
အထူးသဖြင့် ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် ပတ်သက်သောကိစ္စ။ နန်းကိန္နရီနှင့် စပ်လျဉ်းသောအဖြစ်။
ဤသည်များကို ကိုငှက်ရိုး တမင်တကာမဟုတ်သည့်တိုင် တတ်နိုင်သမျှ မေ့မေ့ပျောက်ပျောက် ဖြစ်အောင်နေခဲ့သည်။ မတွေးမိအောင်၊ မစဉ်းစား မိအောင် ကြိုးစားခဲ့သည်။
ယခုတော့လည်း သည်ဖြစ်ရပ်များသည် တမင်တကာမဟုတ်ဘဲ အလိုလိုမေ့ပျောက်စပြုနေခဲ့ပေပြီ။ သူ့ဘဝ၌ ပေါ်ပေါက်ခဲ့ဖူးသည့် အခြားသောဖြစ်ရပ်များနည်းတူ မှေးမှိန်စပြုနေခဲ့ပေပြီ။
သူသည် ယခုအခါ ယုဇနသန်းကြည်အငြိမ့်အဖွဲ့သို့ ရောက်နေသည်။ မြလွှာရုံနှင့် တစ်နှစ်သာကပြခဲ့ သည်။ ပြဿနာတစ်စုံတစ်ခုကြောင့် မြလွှာရုံအဖွဲ့မှ ထွက်ခဲ့သည် မဟုတ်။ ယုဇနသန်းကြည်အဖွဲ့မှ ခေါ်ယူသောကြောင့်၊ ငွေအနည်းအပါးဆိုသလို ပို၍ရသောကြောင့် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
လူဟောင်းများနှင့်ကွဲကာ လူသစ်များနှင့် တွဲရသည်။ ဦးမြတ်စံတို့လို၊ ကိုသော်တာတို့လို တစ်ခါတစ်ရံ နန်းကိန္နရီအကြောင်း လွမ်းလွမ်းဆွတ်ဆွတ် ပြောလေ့ရှိသူများနှင့် မဆုံတွေ့ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် နန်းကိန္နရီကို တစ်စထက်တစ်စ မေ့လျော့စ ပြုလာလေသည်။ နန်းကိန္နရီမှတစ်ဆင့် ပတ်သက်ခဲ့ရလေသော ဒေါ်ရေနံ့သာခင်ခင်ကြီးသည်လည်း သူ့စိတ်အတွေးသို့ ရောက်မလာသည်မှာ ကြာချေပြီ။
ကိုမောင်မောင်ဦး။
အဲသည်လူကိုတော့ တစ်ခါတစ်ရံ အမှတ်ရမိလေသား။
အမှတ်ရမိသည်သာဆိုရသော်လည်း သည်လူနှင့် မတွေ့ခဲ့ရသည်မှာ ကြာချေပြီ။ သူနှင့်တွေ့ရလေ့ရှိ သော အရက်ဆိုင်ကို ကိုငှက်ရိုးရှောင်ခဲ့သည်။ ထိုဆိုင်ကိုမြင်ရပြီး တတ်နိုင်သမျှ ရှောင်နေမိခြင်းကပင် သူ့ကိုအမှတ်ရဖို့ ဖြစ်လာတတ်လေသည်။
သည်သို့ဖြင့် သူတို့အားလုံးနှင့် စပ်လျဉ်းသောကိစ္စ ရပ်များကို ကိုငှက်ရိုး မေ့မေ့ပျောက်ပျောက်ရှိခဲ့သည်။ အလိုအလျောက် သတိတရရှိလာလေသော ကာလ များတွင်လည်း မေ့ပျောက်စေရန်ကို ကြိုးစားခဲ့သည်။
ယင်းသို့ ရှိစဉ်ခိုက်၌ ကိုမောင်မောင်ဦးဆိုသူကို တွေ့လိုက်ရသောအခါ ကိုငှက်ရိုး အံ့သြတုန်လှုပ်သွား မိလေသည်။
အငြိမ့်နားသောရက်၊ ကိုငှက်ရိုးအိမ်မှာရှိနေခိုက် ကိုမောင်မောင်ဦးဆိုသူသည် အိမ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာသည်။ သူနှင့် ပက်ပင်းပါ ဆုံရသည်။
ကိုငှက်ရိုးသည် ကိုမောင်မောင်ဦးဆိုသူအား များစွာလိုလားနှစ်သက်ဟန်မပြဘဲ ကြိုဆိုသည်။ လက်ခံစကားပြောရသည်။
“တစ်ဆိတ်လောက် နန်းကိန္နရီကို ဘယ်လိုအဆက်အသွယ် လုပ်ရမယ်ဆိုတာ ပြောပြပါလား ကိုငှက်ရိုး”
ကြိုတင်မျှော်လင့်ထားသည့်အတိုင်း သည်စကား ကို ကြားရသည်။
“တန် တန် ကိုမောင်မောင်ဦး၊ ခင်ဗျားစကား ဒီမှာတင်ရပ်”
ကိုငှက်ရိုး ကပျာကယာ တားဆီးမိသည်။
“ဘာဖြစ်လို့လဲဗျ”
ကိုမောင်မောင်ဦးဆိုသူက နားမလည်နိုင်သလို ပြန်မေးသည်။
“ဘာဖြစ်ရမှာလဲ၊ ခင်ဗျားကို ကျွန်တော် တစ်ခါ တုန်းက ပြောခဲ့သလိုပေါ့။ သူနဲ့ပတ်သက်တဲ့ကိစ္စက ပြီးခဲ့ ပြတ်ခဲ့ပြီပဲ ဥစ္စာ”
“မဟုတ်ပါဘူး ကိုငှက်ရိုး။ ခင်ဗျားနဲ့ ဘာတစ်ခုမှ အဆက်အစပ် မရှိစေရပါဘူး။ ဘာမှ မပတ်သက်စေရ ပါဘူး၊ ယုံပါ”
“အိုဗျာ၊ ဘာပဲဖြစ်ဖြစ်။ သူနဲ့စပ်လို့ သူ့နာမည်တောင် မကြားပါရစေနဲ့။ ကျွန်တော့်ဘာသာ အေးအေးနေပါရစေ”
ကိုငှက်ရိုးက ခါးခါးသီးသီး ငြင်းပယ်သည်။ ထိုအခါ ကိုမောင်မောင်ဦးဆိုသူက စိတ်ပျက် လက်ပျက်ဖြစ်သွားသလို ရှိသည်။
“အေးလေ၊ ဒီလိုဆိုလည်း ပြီးရောပေါ့။ ကဲ ကျွန်တော်ပြန်မယ်”
ထိုအခါကျမှပင် ကိုငှက်ရိုး ဘဝင်ကျသွားတော့ သည်။ ကိုမောင်မောင်ဦးဆိုသူ ပြောပြောဆိုဆို ထိုင်ရာမှ ထသည်။ အိမ်မှထွက်သည်။
သည်တွင် ကိုငှက်ရိုးသည် မနေနိုင် မထိုင်နိုင် စကားတစ်ခွန်းကို ပြောလိုက်မိသည်။
“နန်းကိန္နရီနဲ့ ဆက်သွယ်ဖို့များဗျာ။ ဘာခက်တာလိုက်လို့၊ ခင်ဗျားလည်း ခေတ်ပညာတတ်ပဲဥစ္စာ၊ တယ်လီဖုန်းလမ်းညွှန် စာအုပ်လောက်တော့ ကြည့်တတ်မှာပေါ့။ အဲဒီမှာ ဒေါ်ရေနံ့သာ ခင်ခင်ကြီးရဲ့ နံပါတ်နဲ့လိပ်စာ ပါနေတဲ့ဥစ္စာ”
သူ့စကားကြောင့် ကိုမောင်မောင်ဦးဆိုသူ ခြေလှမ်းတုံ့သွားသည်။ သူ့စကားကို အသေအချာ နားထောင်သည်။ ဤသည်နှင့်ပတ်သက်၍ မည်သို့အကျိုးသက်ရောက်မှုရှိလာလေမည်ကိုမူ ကိုငှက်ရိုး မတွေးမိ။ သူတို့ဘာသာသူတို့ ဆက်မိသွားရင်လည်း ပြီးရောပေါ့။ ကိုယ့်ပယောဂမပါရင် ပြီးရောပေါ့။ ယင်းသို့သာလျှင် တွေးမိကာ ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်ရင်း ကျန်ခဲ့သည်။
ကိုကျော့မောင်သည် ကိုငှက်ရိုးအား များစွာကျေနပ်လှသည်တော့မဟုတ်။ သို့ရာတွင် ကိုငှက်ရိုး ၏ စကားကြောင့် အလိုလို ခွင့်လွှတ်နိုင်စွမ်း ရှိလာခဲ့သည်။
စင်စစ်တွင် သူကိုယ်တိုင်သည်လည်း ဒေါ်ရေနံ့သာ ခင်ခင်ကြီး၊ နန်းကိန္နရီ စသူတို့နှင့်ပတ်သက်လာလျှင်၊ စပ်လျဉ်းလာလျှင် တတ်နိုင်သမျှ မေ့ပျောက်နိုင်စွမ်းရှိအောင် ကြိုးစားနေရသူတစ်ယောက်ဖြစ်လေသည်။
သူငယ်ချင်းဖြစ်သူနှင့် ရေနံ့သာသို့ ရောက်ခဲ့ရသောညကို သူမမေ့တတ်သေး။ ထိုစဉ်ကအဖြစ် အပျက်များကြောင့် မိမိကိုယ်ကိုလည်း နာကြည်းခဲ့မိသည်။ သူငယ်ချင်းဖြစ်သူ၏ အဖြစ်ကြောင့်လည်း ရင်မှာနာကျင်ခဲ့ရသည်။
နောက်တော့ သည်စဉ်က အဖြစ်များသည် သူ့ကို ခြောက်အိပ်မက်အဖြစ် လွှမ်းမိုးလာသည်။ ကြီးစိုး လာသည်။ သို့ဖြင့် သည်အဖြစ်များကို တတ်နိုင်သမျှ မေ့မေ့ပျောက်ပျောက်ဖြစ်စေရန် ကြိုးစားခဲ့ရသည်။
ယခုတော့လည်းသည်အကြောင်းများကို အမှတ်ရဖို့ ဖန်တီးလာလေပြန်ပြီ။ သတိတရရှိဖို့ ကိစ္စရပ်များ ပေါ်ပေါက်လာလေပြန်ပြီ။
ဤသည်မှာ သူငယ်ချင်းဖြစ်သူ သူ့ထံ ရောက်ရှိလာခြင်းမှ အစပျိုးခဲ့သည်။
ကိုမောင်မောင်ဦးသည် လွန်ခဲ့သောအပတ်က သူ့ထံ ရောက်ရှိလာသည်။ အကြောင်းမကြား၊ စာမရေးဘဲ ဗြုန်းခနဲ ရောက်ရှိလာခြင်း ဖြစ်သည်။
သည်တစ်ခါ ပြန်လည်တွေ့ရှိရခြင်းအတွက် ကိုကျော့မောင် ဝမ်းမသာနိုင်လောက်အောင် ရှိရ သည်။ ကိုမောင်မောင်ဦးသည် ကျန်းမာဟန်မတူ။ နောက်တစ်ခုကလည်း အဝတ်တစ်ထည်ကိုယ်တစ်ခု ဆိုသလို အဝတ်အစားပင် ပြည့်ပြည့်စုံစုံမပါဘဲ ရောက်ရှိလာခြင်းဖြစ်သည်။
ယခုတလော ကိုကျော့မောင်နှင့် သူ၏အစ်မတို့ များစွာသင့်မြတ်ခြင်းမရှိကြ။ အစ်မဖြစ်သူသည် သူ့အပေါ် ငြိုငြင်စ ပြုလာသည်။ သူကိုယ်တိုင် သည်အိမ်မှ ဘယ်နေ့ပြေးရမလဲ တွေးတောနေရ သော ကာလဖြစ်သည်။ သည်အကြားမှ သူနှင့်စပ်၍ လူပိုတစ်ယောက် ရောက်လာပြန်သည် ဆိုသောအခါ ပိုမိုငြိုငြင်ရခြင်းများ ပေါ်ပေါက်လာသည်။
ခံသာသည်မှာ ကိုမောင်မောင်ဦးသည် အိမ်တွင် ကြာရှည်သောင်တင်မနေခြင်းဖြစ်သည်။ ရောက်က တည်းက ကိုမောင်မောင်ဦး အပြင်းဖျားသည်။ ဆေးရုံပို့ရသည်။ အိမ်တွင် ရက်အနည်းငယ်သာ နေဖြစ်ခဲ့သည်။ သို့ပေမဲ့ ဆေးရုံကဆင်းလေလျှင် သူပြန်ရောက်လာလိမ့်ဦးမည်ထင်သည်။ ထိုအတွက် ကိုကျော့မောင် ကြိုတင်ရင်မောနေရသည်။ သည်ပြဿနာကို မည်သို့ရှင်းရမည် မတွေးတတ်နိုင်သေး။
ကိုမောင်မောင်ဦး အဖျားတက်နေသောနေ့ရက်များက အဖြစ်အပျက်တို့ကို ကိုကျော့မောင်သည် တစ်သက် မေ့ရက်နိုင်တော့မည်မထင်။
တစ်ညသ၌ သူ၏ကိုယ်မှာ ချစ်ချစ်တောက်ပူ သည်။ အပူရှိန်ကြောင့် အသားများပင် တဆတ်ဆတ်တုန်နေသည်။ ရေကိုအငမ်းမရ သောက်လို လျက်ရှိကြောင်း တွေ့ရသည်။ အဖျားတက်ခဲ့ခြင်းပင် ဖြစ်သည်။ သည်စဉ်က ကိုမောင်မောင်ဦး သတိလစ်ဟင်းနေသူတစ်ယောက်လို ရောက်တတ်ရာရာ စကားများ ဆိုခဲ့သည်။ ယောင်ယမ်းပြောဆိုသော စကားများထဲတွင် ခင်ခင်ကြီးဟူသော အမည်သည် လည်းကောင်း၊ နန်းကိန္နရီဟူသောအမည်သည် လည်းကောင်း ပါဝင်ခဲ့သည်။ ပူစူးမဟူသော အမည် ကိုလည်း ကြားရသည်။ လူတကာကိုပင် သူ့ကို ခွင့်လွှတ်ဖို့ တောင်းပန်စကား ပြောဆိုခဲ့သည်။ ညည်းညည်းညူညူဖြင့် သမီးဖြစ်သူကို တမ်းတ သည်။ သမီးဟူသော စကားလုံးကို အထပ်ထပ် အခါခါ သုံးသည်။
“ကျော့မောင် ငါသမီးနဲ့ တွေ့ပါရစေ။ သမီးကို ခေါ် ပေးပါ” စသည်ဖြင့်လည်းကောင်း၊ “ငါမသေခင် သူနဲ့ တွေ့ပါရစေ၊ ခင်ခင်ကြီးနဲ့ တွေ့ပါရစေ။ ငါဖြေ ရှင်းပါရစေ၊ ငါ့ကို ဖြေရှင်းခွင့်ပေးပါ” စသည်ဖြင့် လည်းကောင်း တောင်းဆိုခဲ့သည်။
ကိုကျော့မောင်သည် ဝေဒနာခံစားနေရသော သူငယ်ချင်းဖြစ်သူနှင့် ထပ်တူထပ်မျှ ခံစားနေရ သည်ဟု မိမိကိုယ်ကိုထင်သည်။ ကိုမောင်မောင်ဦးနှယ်ပင် မိမိ၏ရင်မှာလည်း လှုပ်ရှားနေသည်။ ဆို့နင့်ကြေကွဲရခြင်းများသည် သူငယ်ချင်းဖြစ်သူနှင့် ထပ်တူထပ်မျှ မိမိတွင်ရှိနေသည်ဟု အောက်မေ့သည်။
နောက်တစ်နေ့ကျတော့ ကိုမောင်မောင်ဦးကို ဆေးရုံသို့ပို့လိုက်ရသည်။ ကိုမောင်မောင်ဦး၏ ဝေဒနာမှာ အဖျားတက်ခြင်း တစ်ခုတည်းမဟုတ်ကြောင်း တွေ့ရ၍ဖြစ်သည်။ ပြီး အလိုလိုက မိမိအား ငြိုငြင်လျက်ရှိသောအိမ်တွင် မထားချင်သော ကြောင့်လည်း ဖြစ်သည်။
ဆေးရုံက ကိုမောင်မောင်ဦးအား အထွေထွေ စမ်းသပ်စစ်ဆေးခြင်းပြုသည်။ ၎င်းနောက် သူ့တွင် အဆုတ်ရောဂါရှိနေပြီဖြစ်ကြောင်း ပြောပြသည်။ အဆုတ်ရောဂါကုဆေးရုံသို့ ပို့၍ ကုသစေမည်ဟု ဆိုသည်။