ယမန်နေ့မှအဆက်
သာမန်ဖျားနာခြင်းလောက်သာဆိုလျှင် တော်ပါသေးသည်။ ယခုလို လူတကာကြောက်ရွံ့လေ့ရှိသော ရောဂါမျိုး စွဲကပ်နေသည်ဟု သိရသောအခါ ကိုကျော့မောင် အခက်တွေ့ရသည်။ ကိုမောင်မောင်ဦးတွင် သည်ရောဂါမျိုးရှိနေသည်ဟု သိရလေလျှင် မည်သည့်နည်းနှင့်မျှ အိမ်တွင် ပြန်လည်လက်ခံ၍ မဖြစ်နိုင်တော့သည်ကို သဘောပေါက်သည်။
သို့ဖြင့် ကိုကျော့မောင်သည် ကိုမောင်မောင်ဦးနှင့် စပ်လျဉ်း၍ အတွေးရခက်လာသည်။ အစဉ်းစားရ ကျပ်လာသည်။
သည်အတွင်း အကြံတစ်ခုရလာသည်။ ကိုမောင်မောင်ဦးကိုယ်တိုင်က ဆန္ဒရှိသော၊ သူကိုယ်တိုင် ကလည်း ဖြစ်စေချင်သော၊ အခြေအနေအရလည်း ဖြစ်သင့်ဖြစ်ထိုက်သည်ဟုထင်သော ကိစ္စတစ်ရပ်ကို ဖန်တီးလာလိုခြင်းဖြစ်သည်။ ၎င်းမှာ ကိုမောင်မောင်ဦးအား နန်းကိန္နရီနှင့် ဆုံတွေ့ပေးလိုခြင်း ဖြစ်သည်။ နန်းကိန္နရီထံမှ တစ်နည်းမဟုတ် တစ်နည်းဖြင့် အကူအညီရယူလိုခြင်း ဖြစ်သည်။
စင်စစ် ဖြစ်စေလိုသည်မှာ ကိုမောင်မောင်ဦးအား ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် တိုက်ရိုက်တွေ့ဆုံပေး လိုခြင်းပင်ဖြစ်သည်။ ကိုမောင်မောင်ဦး အဖျားတက်နေစဉ်က သည်မိန်းမကို အဘယ်မျှ တမ်းတမ်းဆွတ်ဆွတ်ရှိခဲ့သည်ကို မြင်ရသည်။ ထိုမိန်းမကို သူ အဘယ်မျှ စွဲစွဲလမ်းလမ်းရှိသည်ကိုလည်း သိသည်။ သို့ဖြင့် ဖြစ်နိုင်မည်ဆိုလျှင် ထိုမိန်းမနှင့် သူငယ်ချင်းဖြစ်သူကို ကြုံဆုံစေရန် ဖန်တီးပေးလိုက်ချင်သည်။ သူတို့ချင်း ပြေပြေလည်လည် ဖြစ်စေလိုလျက်လည်းရှိသည်။
သို့တိုင်အောင် တစ်ချိန်က အဖြစ်အပျက်ကြောင့်သည် အထိသူ မဝံ့ရဲသေး။ ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် တိုက်ရိုက်တွေ့ဆုံရန် သူကိုယ်တိုင်ပင် စိုးရွံ့မိသလို ရှိနေခဲ့လေသည်။
ယခုအခါ ကိုကျော့မောင်ကိုယ်တိုင်ပင် နန်းကိန္နရီ အား ကိုမောင်မောင်ဦး၏သမီး၊ ကိုမောင်မောင်ဦးနှင့် ဒေါ်ရေနံ့သာခင်ခင်ကြီးတို့၏ ရင်သွေးအဖြစ် မှတ်ထင်ထားမိသည်။ သည်အတိုင်းဆိုပါက နန်းကိန္နရီသည်လည်း ကိုမောင်မောင်ဦးအား မြင်တွေ့ချင်မည်အမှန်။ သည်မိန်းကလေးသည် ကိုမောင်မောင်ဦးအား စိမ်းကားလိမ့်မည် မဟုတ်။ တစ်နည်းမဟုတ် တစ်နည်းဖြင့် အကူအညီလည်း ပေးနိုင်လိမ့်မည်ထင်သည်။
နောက်တစ်ခုမှာ နန်းကိန္နရီမှတစ်ဆင့် ကိုမောင်မောင်ဦးနှင့် ဒေါ်ရေနံ့သာခင်ခင်ကြီးတို့ ပြန်လည် ဆက်သွယ်မိလေမလား။ ယင်းသို့ဖြင့် အနှစ်နှစ် အလလက တင်ရှိနေခဲ့သော သံသယစိတ်များ၊ မုန်းတီးနာကြည်းမှုများ ပြေပျောက်သွားခြင်းရှိလာ လိမ့်မလားဟု ကိုကျော့မောင် ထင်နေသည်။ ထိုသို့ ဖြစ်လာစေရန်လည်း မျှော်လင့်သည်။ တောင့်တသည်။
သူသည် တစ်ချိန်က ကိုမောင်မောင်ဦးနှင့် ဒေါ်ရေနံ့သာခင်ခင်ကြီးတို့အတွက် အဆိုးကို ဖန်တီး ခဲ့ဖူးသည်။ ယခုအခါ အကောင်းကို ဖန်တီးပေးခြင်းဖြင့် တစ်ချိန်ကအပြစ်ကို ချေပလိုသည်။
သူသည် နန်းကိန္နရီနှင့်ဆက်သွယ်ရန် ဆန္ဒပေါ်ပေါက်လာသည်။ ထိုအခါ ကိုငှက်ရိုးကို သတိရ လာသည်။ ကိုငှက်ရိုးမှတစ်ဆင့် ဆက်သွယ်ရန် အကြံရသည်။
ကိုငှက်ရိုး၏စကားအရ နန်းကိန္နရီကို ဆက်သွယ်ရန် နည်းလမ်းကို သူရခဲ့ပေပြီ။ မည်သို့မည်ပုံ ဆက်သွယ်ရမည်ကို သိခဲ့ရလေပြီ။ သို့တိုင်အောင် တကယ်တမ်း အဆက်အသွယ် ပြုရတော့မည် ဆိုသောအခါ ရင်မှာ ခုန်နေမိသေးသည်။ အလိုလို နေရင်း စိုးရွံ့စိတ်ဝင်လာခဲ့သေးသည်။
ကိုကျော့မောင် ဆုံးဖြတ်ချက် ချလိုက်သည်။ မည်သို့ဆိုစေ နန်းကိန္နရီနှင့် အဆက်အသွယ်ပြုမည်၊ အရာရာကို ကိစ္စငြိမ်းသည်အထိ ဆောင်ရွက်မည်။
သို့ဖြင့် သူသည် တယ်လီဖုန်းရှိရာသို့ ရောက်လာသည်။ တယ်လီဖုန်း လမ်းညွှန်စာအုပ်တွင် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အမည်ကို ရှာသည်။ ကိုငှက်ရိုးပြောသည့်အတိုင်း တယ်လီဖုန်းနံပါတ်ကို ရှာတွေ့သည်။ အင်း ....ကိုငှက်ရိုးက ဘယ်ဆိုးလို့တုံး။ လူပြက်ဆိုပေမဲ့ အလျင်သားပဲဟု ကိုကျော့မောင် တွေးမိသည်။
သူသည် တုန်ချင်လာသောလက်ကို ထိန်းချုပ်လျက် တယ်လီဖုန်းဒိုင်ခွက်မှ ဂဏန်းများကို လှည့်ချ လိုက်သည်။
တယ်လီဖုန်းသည် တစ်ဖက်တွင် ကြာမြင့်စွာ မြည်နေသည်။ ရုတ်တရက် ကောက်ယူမည့်သူ မရှိ ခဲ့။ နောက်မှ တစ်စုံတစ်ယောက်က ကောက်ယူလိုက် ဟန်တူသည်။
“ဟယ်လို” ဟု ထူးဖော်ရလာသည်။ အသံမှာ မိန်းမတစ်ယောက်၏ အသံ။
“နန်းကိန္နရီနဲ့ စကားပြောချင်လို့ပါ”
ကိုကျော့မောင် အားတင်း၍ ပြောလိုက်ရသည်။ အစစ်ဆေး အမေးမြန်းခံရလေဦးမလား ထင်ဆဲ။
“အခုပြောနေတာ နန်းကိန္နရီပါ” တစ်ဖက်က ဆိုသည်။ တစ်ဆက်တည်းမှာပင် “ဘယ်သူပါလိမ့်” မေးလာသည်။
နန်းကိန္နရီနှင့် တန်းတန်းမတ်မတ် တိုးနေသောကြောင့် ကိုကျော့မောင် ဝမ်းသာသွားသည်။
“ဦးလေးနာမည်ကို တူမ သိမှာမဟုတ်ပါဘူး။ ဦးလေးကိုလည်း တူမ မသိပါဘူး။ ဒါပေမဲ့ ပြောရဦး မယ်။ ဦးလေးရဲ့နာမည်က ကျော့မောင်လို့ခေါ်တယ်”
ကိုကျော့မောင်၏စကားကြောင့် တစ်ဖက်က အံ့အားသင့်သွားပုံရသည်။ ဆန်းကြယ်သလိုဖြစ်သွား ပုံရသည်။ တဒင်္ဂမျှ အသံတိတ်သွားသည်။
ပြီးမှ မေးလာသည်။
“အရီနဲ့ စကားပြောစရာ အထွေအထူးရှိလို့လား ဟင်”
“ရှိပြီကောလားကွယ်။ ဦးလေးနဲ့ တိုက်ရိုက် ပတ်သက်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဦးလေးက တစ်ဆင့် ပတ်သက်နေတဲ့ လူတစ်ယောက်ရဲ့ကိစ္စ ဆိုပါတော့ကွယ်”
ကိုကျော့မောင် အားတက်သလိုရှိကာသည်သို့ အစပျိုးသည်။
“အရီတော့ ဘာတစ်ခုမှ နားမလည်နိုင်အောင်ပဲ။ ကဲလေ ဆိုပါဦး၊ ကိစ္စကို”
“ဒီလိုပါ။ ဦးလေးဟာ ရေနံချောင်းသားပါ။ ဒေါ်ရေနံ့သာခင်ခင်ကြီးနဲ့ အသိအကျွမ်းထဲကပါပဲ။ အထူးသဖြင့် ဦးလေးနဲ့ ကိုမောင်မောင်ဦးတို့ ပိုပြီးရင်းနှီးကြပါတယ်”
“ကိုမောင်မောင်ဦး”
“ဟုတ်တယ်။ ဒီနာမည်ကိုတော့ တူမ သိတယ်နော်၊ မှတ်မိတယ်နော်။ အေး အခုပြောချင်တာက သူ့အကြောင်းပဲ”
ကိုကျော့မောင်သည် သူနှင့်ကိုမောင်မောင်ဦး အဘယ်မျှ ရင်းနှီးကြကြောင်း၊ အဘယ်မျှ ခင်မင်ကြ ကြောင်းမှနေ၍ စကားစပျိုးသည်။ ထို့နောက် တစ်ယောက်ကိုတစ်ယောက် အဘယ်မျှ သံယောဇဉ် ကြီးကြကြောင်း၊ တစ်ယောက်အကျိုးကို တစ်ယောက် သယ်ပိုးရန် ဝန်မလေးကြကြောင်း ပြောရသည်။ ရက်မကြာမီက သူ့ထံကို ကိုမောင်မောင်ဦး ရောက်လာပုံကိုလည်းကောင်း၊ အပြင်းဖျားကာ ကယောင်ကတမ်း စကားဆိုပုံကိုလည်းကောင်း၊ သမီးဖြစ်သူအား တမ်းတပုံကိုလည်းကောင်း ရှည်လျားစွာ ပြောပြလိုက်သည်။
သူ့စကားကို နန်းကိန္နရီ ငြိမ်သက်စွာ နားထောင်နေသည်။ အသံသဲ့သဲ့သော်မျှမပြုဘဲ နားထောင်နေ ခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ယင်းမိန်းကလေးအနေနှင့် သည်သို့ နားထောင်နေဖော်ရလျှင်ပင် ကျေနပ်စရာဖြစ်သည်ဟု ကိုကျော့မောင်ထင်သည်။
“အဲဒီတော့ အရီက ဘာလုပ်ပေးရမှာလဲဟင်”
ကိုကျော့မောင်၏ စကားဆုံး၍ အတော်ချည်းကြာမှ နန်းကိန္နရီ မေးသည်။
“ဦးလေး ဖြစ်စေချင်တာကတော့ သူ့ကို တူမလာတွေ့စေချင်တာပါပဲကွယ်။ သူ့ကို တတ်နိုင်သမျှ အားပေးဖို့ပါပဲ။ အခုအချိန်မှာ သူဟာ သိပ်ကို စိတ်အားငယ်နေပုံရတယ်။ စင်စစ်မှာတော့ သူ့မှာက အတွယ်အတာဆိုလို့ ရှိတာမဟုတ်ဘူးလေ။ တစ်ကောင် ကြွက်လို သိပ်အထီးကျန် ဆန်နေတာကလား။ ဒီကြားထဲ ရောဂါအခြေအနေတွေကလည်း ပြင်းထန်နေတော့ သူဟာ အားကိုးအားထားတစ်ခုခု ရှာချင်မှာပေါ့။ ပြီးတော့ ဒီအချိန်မှာ သမီးဖြစ်သူရဲ့ မျက်နှာကိုလည်း မြင်ချင်ရှာမှာ ကျိန်းသေပဲလေ”
တစ်ဖက်မှ တွေးတော စဉ်းစားနေဟန်ဖြင့် ငြိမ်သက်သွားပြန်လေသည်။ ကိုကျော့မောင် ကလည်း အဖြေကိုစောင့်ရင်း စကားမပြောဖြစ်ဘဲရှိရာ တယ်လီဖုန်းလိုင်းအတွင်း၌ မြည်လေ့ရှိသော စိုးစိုးစီစီအသံတို့သာ ပေါ်ထွက်နေသည်။
“ဦးလေး ဒီစကားပြောတာ ငွေညှစ်ချင်လို့များလား ဟင်”
နန်းကိန္နရီ၏အသံ ရုတ်တရက် ပေါ်ထွက်လာသည်။ သူ့စကားကြောင့် ကိုကျော့မောင် ချောက်ချားသွားသည်။
“ဘုရားပေးပေး၊ ကျမ်းပေးပေးပါ တူမရယ်။ ဒါကြောင့်မဟုတ်ရပါဘူး။ တစ်ချိန်တုန်းက တူမ ငွေညှစ်ခံရတဲ့ကိစ္စမှာ ဦးလေးကိုယ်တိုင်ပါခဲ့ပါတယ်။ ‘က’ ကနေ ‘အ’ အထိ အဲဒီအကြောင်းတွေ သိခဲ့ပါတယ်။ တကယ်လို့ တူမ စိတ်ဝင်စားမယ်ဆိုရင် ဒီတုန်းက အကြောင်းတွေ ပြန်ပြောပြချင်ပါသေးတယ်။ အခုကိစ္စက ဟိုတုန်းကကိစ္စနဲ့ တခြားစီပါ။ အဓိပ္ပာယ် တစ်မျိုးပါ တူမ”
“ထားပါလေ။ အရီ ဦးမောင်မောင်ဦးနဲ့ ဘယ်လို လုပ်ပြီး တွေ့ရမှာလဲဟင်”
“ဒါကလည်း မခဲယဉ်းပါဘူး။ သူအခု ဆေးရုံမှာ”
“ဆေးရုံမှာ”
“ဟုတ်တယ်။ အဆုတ်နာကုဆေးရုံမှာ”
“အခြေအနေက အတော်စိုးရိမ်နေရသလားဟင်”
“စိုးရိမ်ရလို့သာ တူမကို ဖုန်းဆက်အကြောင်း ကြားရတာပေါ့ကွယ်”
တစ်ဖက်မှ အတော်ချည်းကြာသည်အထိ အသံထွက်မလာ။ ကိုကျော့မောင်သည်လည်း စကား မပြောဖြစ်ဘဲ စကားပြောခွက်ကို ကိုင်ထားမိသည်။
တစ်ဖက်မှ စကားသံပေါ်မလာခင် သက်ပြင်း ရှိုက်သံကို အလျင်ကြားရသည်။
ပြီးမှ စကားသံ ပေါ်လာသည်။
“ ဦးမောင်မောင်ဦးနဲ့တွေ့ဖို့ ဘယ်လိုစီစဉ်ရမလဲ ဟင်”
သည်စကားကို ကြားရလေလျှင် ကိုကျော့မောင် ဝမ်းသာလာသည်။
အားတက်လာသည်။
“ပထမ တူမနဲ့ ဦးလေးနဲ့ အရင်တွေ့ရအောင်။ ပြီးတော့မှ သူ့ဆီကို အတူတူသွားကြတာပေါ့။ တူမ ကို ဘယ်လိုလုပ် တွေ့ရမလဲဟင်”
နန်းကိန္နရီသည် အတန်ကြာအောင် စဉ်းစားနေပုံ ရသည်။ ရုတ်တရက် အဖြေမပေး။
ပြီးမှ ...
ဆက်လက်ဖော်ပြပါမည်။