မောင်သိန်းဆိုင်

 

“ဒီလိုလုပ်ကြရအောင်လား။ ညနေလေးနာရီလောက် ကမာရွတ်အဝိုင်းက ဓာတ်ဆီဆိုင်အနားမှာ စောင့်ပါလား။ အရီ အဲဒီကိုလာခဲ့မယ်”

 

“ကောင်းပါတယ်။ ဒါပေမဲ့ တူမကို ဦးလေး သေသေချာချာမမြင်ဖူးတော့ တူမပါလို့ သိဖို့မလွယ် ဘူးထင်တယ်။ ဦးလေးကိုလည်း တူမကမသိ”

 

“ကိစ္စမရှိပါဘူး။ လေးနာရီတိတိ အဲဒီမှာစောင့်နေပေါ့။ အရီလာခဲ့မယ်။ အရီရဲ့မော်တော်ကားကို စောင့်ကြည့်နေပေါ့။ ကားက ဗော့ဝက်ဂင်အမျိုးအစား၊ အဖြူရောင်၊ နံပါတ်က . . .”

 

နန်းကိန္နရီသည် ကားနံပါတ်ကို ပြောပြသည်။ ကိုကျော့မောင် ကားနံပါတ်ကို စာရွက်ပိုင်း၌ ရေးမှတ်ထားလိုက်သည်။

 

“တူမတစ်ယောက်တည်း လာမှာလားဟင်”

 

“ရှင်”

 

တစ်ယောက်လောက်တော့ ပါလိမ့်မယ်ထင်တယ်”

 

“တူမနဲ့အတူပါလာမယ့်လူက ခင်ခင်ကြီးအဲ တူမ ရဲ့မေမေတော့မဟုတ်ပါဘူးနော်”

 

“မဟုတ်ပါဘူး။ မေမေ့ကိုခေါ်ရင်လည်း ဦးမောင်မောင်ဦးနဲ့ ပတ်သက်လာရင် လိုက်မှာမဟုတ်ပါဘူး”

 

“အေးလေ ကောင်းပါပြီ။ ညနေလေးနာရီတိတိမှာ ဦးလေးစောင့်နေမယ် ဟုတ်လား”

 

သို့ဖြင့် စကားဖြတ်လိုက်သည်။

 

နန်းကိန္နရီအနေနှင့် မည်သို့ခံစားရမည်မသိ။ ကိုကျော့မောင်မှာမူ ထိုနေ့တစ်နေ့လုံး စိတ်လှုပ်ရှားနေရသည်။ ရင်ခုန်နေရသည်။ နံနက်မှသည် ညနေအထိအချိန်ကာလမှာ သူ့အတွက် အရှည်လျားဆုံးအချိန်များ ဖြစ်နေရသည်။

 

တစ်နေ့လုံး အခြားအလုပ်ကို လုပ်၍မရ။ သည်အကြောင်းကိုပင်တွေးကာ သည်အကြောင်းကိုပင် စဉ်းစားနေမိသည်။

 

တစ်ခါတစ်ရံတွင်မူ ကိုမောင်မောင်ဦးအား မမေးစမ်းဘဲနှင့် မိမိဆန္ဒအတိုင်းလုပ်မိခြင်းအတွက် စိတ်မှာ စနိုးစနောင့်ဖြစ်မိသေးသည်။ အပြစ်တင်ခံရလေမလား ပူပန်မိသေးသည်။ အေးလေ၊ အကောင်းလုပ်တာပဲ။ အပြစ်တင်ခံရသည်ပဲထား။ မိမိ၏ စေတနာကို သဘောပေါက်လျှင်ပင် တော်ပြီ။ သည်သို့သာလျှင် ကိုကျော့မောင် တွေးသည်။

 

ညနေလေးနာရီမတိုင်မီ ဆယ်မိနစ်အလိုကတည်းက ကိုကျော့မောင် ကမာရွတ်အဝိုင်းသို့ရောက်သည်။ နန်းကိန္နရီအလာကို စောင့်သည်။ ဗော့ဝက်ဂင်ကားကို စောင့်ကြည့်ရသည်မှာ အမော။ ကားမောင်းလာသော မိန်းကလေးများကို မြင်ရလျှင် ဂရုတစိုက် ကြည့်မိသည်။

 

လေးနာရီတိတိတွင် နန်းကိန္နရီရောက်လာပါသည်။ ကိုကျော့မောင်နှင့်မနီးမဝေး၌ မော်တော်ကား ဆိုက်လာသည်။ ကားအမျိုးအစားမှာ ဗော့ဝက်ဂင်ကား။ အဖြူရောင်။ ကားပေါ်တွင် အမျိုးသမီး နှစ်ယောက်ပါသည်။ တစ်ယောက်က မောင်းလာသည်။ တစ်ယောက်က နောက်ခုံတန်းတွင် ထိုင်နေသည်။ တရုတ်ကပြားမလေးတစ်ယောက် ဖြစ်သည်။

 

ကိုကျော့မောင်သည် မော်တော်ကားနံပါတ်ကိုပင် မကြည့်ဘဲ နန်းကိန္နရီ၏ကားဖြစ်ကြောင်း သေချာ သွားသည်။ မော်တော်ကားအနီးသို့ ချည်းကပ်လာသည်။

 

“နန်းကိန္ဒရီနော်”

 

ကိုကျော့မောင်မေးသည်။

 

“ဟုတ်ပါတယ်။ အရီ့ကို ဖုန်းဆက်တဲ့ဦးလေး မဟုတ်လား” ပြန်မေးသည်။

 

ကိုကျော့မောင် ခေါင်းညိတ်ပြရသည်။

 

နန်းကိန္နရီက မော်တော်ကားတံခါးကို ဖွင့်ပေးသဖြင့် ကိုကျော့မောင် ဝင်ထိုင်လိုက်သည်။ နန်းကိန္နရီသည် ကားကို မောင်းထွက်လာသည်။

 

“ဦးလေးရောက်နေတာကြာပြီလား”

 

ကိုကျော့မောင်သည် ခေါင်းညိတ်ရင်း ဘေးတစောင်း အနေအထားအရ တွေ့နေရသည့် နန်းကိန္နရီ၏မျက်နှာကို စူးစိုက်ကြည့်နေမိသည်။

 

သူကလေး၏မျက်နှာမှာ သူငယ်ချင်းဖြစ်သူ ကိုမောင်မောင်ဦး၏မျက်နှာနှင့် ဆင်တူသည်အမှန်ပင်။ ကိုမောင်မောင်ဦး ငယ်စဉ်ကလည်း မိမိတို့အချင်းချင်းက အားကျရလောက်အောင် ချောမောခဲ့သည် အမှန်ပင်။ နန်းကိန္နရီတွင် ကိုမောင်မောင်ဦး၏အသွင်တို့ အရိပ်ထင်နေသည်ဟု ကိုကျော့မောင် မှတ်ယူသည်။

 

“သူ တူမကိုမြင်ရရင် ဝမ်းသာမှာပါ”

 

ကိုကျော့မောင် စကားစရှာ၍ ပြောမိသည်။

 

နန်းကိန္နရီသည် ကိုကျော့မောင်ကို ဖျတ်ခနဲ လှမ်းကြည့်သည်။ ထို့နောက် ရှေ့သို့ပြန်လှည့်ကာ မော်တော်ကားကို ဂရုတစိုက် မောင်းနေသည်။

 

“ဦးလေးက ရေနံချောင်းဇာတိပဲနော်”

 

နန်းကိန္နရီ မကြည့်ဘဲမေးသည်။

 

“ဟုတ်တယ်။ တို့များငယ်ငယ်တုန်းက ရေနံချောင်းဟာ သိပ်ပျော်စရာကောင်းတာပါ။ အထူးသဖြင့် မောင်မောင်ဦးနဲ့ တွဲခဲ့ရတဲ့နှစ်တွေတုန်းကပေါ့။ စစ်မဖြစ်မီကဆိုပါတော့လေ။ စစ်ဖြစ်လိုက်တာဟာ အခြေအနေတွေအားလုံးကို ဗြောင်းပြန်ဖြစ်အောင် လုပ်လိုက်တာနဲ့မခြားဘူး။ တို့တစ်တွေအဖို့ ဆိုရင် ပညာရေးဘက်ကရော၊ စီးပွားရေးဘက်ကပါ အဘက်ဘက်က နစ်နာခဲ့ရတာပါပဲကွယ်”

 

နန်းကိန္နရီသည် ကားမောင်းနေရင်းမှ ကိုကျော့မောင်၏စကားများကို စူးစိုက်နားထောင်နေသည်။ ကိုကျော့မောင် စကားဆက်သည်။

 

“ဦးလေးထင်မိတာ တစ်ခုရှိသေးတယ်။ တကယ်လို့ စစ်သာမဖြစ်ခဲ့ရင် တူမတို့သားအဖတစ်တွေလည်း အခုလို အကွဲကွဲအပြားပြားရှိခဲ့မှာ မဟုတ်ဘူးလို့ပဲ”

 

နန်းကိန္နရီ ကိုကျော့မောင်ဘက်သို့ လှည့်ကြည့်လာသည်။

 

“ဟုတ်တယ်၊ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပြန်ပြီးအဆင်ပြေခဲ့မှာပါပဲ။ အမှန်တော့လည်း အဖြစ်အပျက်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အကောင်းလုပ်ရင်းကနေ နားလည်မှုလွဲမှားပြီး အဆိုးတွေ ဖြစ်လာရတာပါ။ ခင်ခင်ကြီးရော မောင်မောင်ဦးပါ တစ်ယောက်အပေါ်တစ်ယောက် စေတနာဆိုး မထားခဲ့ဘူးဆိုတာ ဦးလေးအသိပါ။ တစ်ခုတော့ရှိတာပေါ့လေ။ ကြားက နှောင့်ယှက် ဖျက်ဆီးတာတွေလည်း ပါတာပေါ့။ အဓိက လက်သည်ကတော့ မောင်မောင်ဦးရဲ့အဖေ ဦးကောင်းမိုး။ ဒီလူကြီးကြောင့် မဖြစ်သင့် မဖြစ် ထိုက်တာတွေ လျှောက်ဖြစ်ကုန်တာပဲ”

 

နန်းကိန္နရီထံမှ အသံထွက်လာသည်။

 

“ကျေးဇူးပြုပြီး၊ အဲဒီလူကြီးအကြောင်း မပြောပါနဲ့လား”

 

“ဟင်”

 

“ဪ အရီ့မှာ သူ့အကြောင်း နားထောင်နိုင်လောက်တဲ့အင်အားမရှိလို့ပါ”

 

စကားပြတ်သွားကြသည်။

 

နန်းကိန္နရီသည် ကိုမောင်မောင်ဦးတို့၏ ဖြစ်စဉ်ကိုနားလည်ပြီး၊ ကြားသိပြီးသားဖြစ်မည်ဟု ကိုကျော့မောင် ထင်သည်။ မည်သို့ပင်ဆိုစေသည် အသိုင်းအဝိုင်းအကြားသို့ ရောက်လာလေလျှင် သည်အကြောင်း သိမည်အမှန်ဟု တွေးသည်။

 

သို့တိုင်အောင် ကိုမောင်မောင်ဦးနှင့် ဒေါ်ရေနံ့သာ ခင်ခင်ကြီးတို့အဖြစ်တွင် မိမိဘက်က မြင်ရတွေ့ရ သောအကြောင်းတို့ကိုကား ပြောပြလိုက်လျက်ပင် ရှိလေသည်။

 

မကြာမီ မြို့ထဲသို့ရောက်လာကြသည်။ အဆုတ် နာကုဆေးရုံသို့ ရောက်ရသည်။

 

“ကိုယ်တော့ ဒီမှာပဲနေရစ်တော့မယ် အရီ”

 

အဖော်ပါလာသော တရုတ်ကပြားမကလေးက အတွင်းသို့ ဝင်မလိုက်လိုဟန်ဖြင့် ဆိုသည်။

 

“ကောင်းပါတယ် လီလီ”

 

နန်းကိန္နရီပြန်ပြောသည်။

 

ကိုမောင်မောင်ဦးနှင့် မဆုံရသေးမီတွင် ကိုကျော့မောင်သည် နန်းကိန္နရီ၏မျက်နှာကို အကဲခတ်သလို ကြည့်နေမိသည်။ ထိုမိန်းကလေးမှာ ကိုမောင်မောင်ဦးနှင့်တွေ့ရန် များစွာစိတ်စောလျက်ရှိသည်။ ဆန္ဒ
ပြင်းပြလျက်ရှိသည် ဆိုခြင်းများကို မြင်ရသည်။


ထိုအတွက် ကိုကျော့မောင် ဝမ်းသာလာမိသည်လည်း အမှန်ပင်။

 

နန်းကိန္နရီသည် ကိုမောင်မောင်ဦးအတွက် ပန်းသီးနှင့် ဟောလစ်ကဲ့သို့ အာဟာရဖြစ်ဖွယ် စားသောက်စရာများ တစ်ပွေ့တစ်ပိုက်ကြီး ဝယ်လာသည်။

 

ကိုကျော့မောင်ကဦးဆောင်ကာ အခန်းရှည်တစ်ခုသို့ ဝင်သည်။ လူနာအများအပြားကို တွေ့ရသည်။

 

ခုတင်တစ်ခုသို့အရောက်တွင် ကိုကျော့မောင် ရပ်လိုက်သည်။ နန်းကိန္နရီပါ ရပ်လိုက်ရသည်။ ခုတင်ပေါ်မှလူမှာ ကိုမောင်မောင်ဦးပင် ဖြစ်ဟန်ရှိသည်။ သူသည် တစ်ဖက်သို့ စောင်း၍အိပ်နေသည်။

 

“မောင်မောင်ဦး”

 

ကိုကျော့မောင်က ခေါ်လိုက်သည်။ ကိုမောင်မောင်ဦး နိုးလာသည်။ သည်မှာဘက်သို့ လှည့်စောင်းလိုက်သည်။ သူသည် ဦးစွာ ကိုကျော့မောင်ကို ကြည့်သည်။ နောက်တော့ နန်းကိန္နရီအား ကြည့်လာလေသည်။

 

“သူငယ်ချင်း၊ ဒါ နန်းကိန္နရီလေ”

 

ကိုကျော့မောင် စကားဆိုသည်။ သို့ပေမဲ့ သူ့စကားကို ကိုမောင်မောင်ဦး ကြားမိဟန်မတူ။ သူ၏ အကြည့်သည် နန်းကိန္နရီ၏ကိုယ်ပေါ်သို့ စူးစူးစိုက်စိုက်ကျရောက်နေသည်။ မျက်တောင်မှ ခတ်ရဲ့လား၊ အသက်မှရှူပါရဲ့လား ထင်ရလောက်အောင် တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက်ကြီး ကြည့်နေခြင်းဖြစ်သည်။

 

နန်းကိန္နရီထံမှလည်း အသံထွက်မလာ။ သူသည် ကိုမောင်မောင်ဦးနှင့် ဆုံလိုက်ရသဖြင့် စကား မပြောနိုင်လောက်အောင် ရှိနေသည်။ သို့မဟုတ်လျှင်လည်း မည်သည့်စကားဖြင့် အစပျိုးရမည်ကို မတွေးတတ်နိုင်လောက်အောင် ဖြစ်နေပုံရသည်။

 

ကိုမောင်မောင်ဦးသည်လည်း နန်းကိန္နရီနှယ်ပင် နှုတ်ဆိတ်လျက် ရှိနေရချေသည်။

 

အစသော် ကိုမောင်မောင်ဦးအနေနှင့် နန်းကိန္နရီအား မြင်ရလေလျှင် အလွန်အမင်း ဝမ်းသာသွားလိမ့်မည်။ ဝမ်းသာမှုဖြင့် တုန်တုန်လှုပ်လှုပ်ကြီး ရှိနေလိမ့်မည်ဟု ကိုကျော့မောင်ထင်ခဲ့သည်။ ယခုမူ ကိုမောင်မောင်ဦး၏ အသွင်အပြင်မှာ သူထင်သလိုမဟုတ်။ သူမျှော်လင့်ခဲ့သလို ဝမ်းသာမှုဖြင့် တုန်တုန်လှုပ်လှုပ်ဖြစ်နေသည်ကို မတွေ့ရ။

 

ကိုမောင်မောင်ဦးသည် နန်းကိန္နရီ၏မျက်ဝန်းကို မမှိတ်မသုန် ငေးနေသည်။ သူ၏မျက်ဝန်းများမှာ တောက်ပြောင်လာကြောင်း တွေ့ရသည်။ ရွှန်းလက်လာကြောင်း မြင်ရသည်။ သူ၏မျက်ဝန်းများမှာ မျက်ရည်ကြည် ဝေ့လည်လာခြင်းပင်ဖြစ်သည်။ မျက်နှာမှာ အလိုလိုနေရင်း တမ်းဆွတ်ကြေကွဲဟန် ပေါ်ပေါက်နေလေသည်။

 

“ထိုင်လေ ကလေး”

 

ကိုမောင်မောင်ဦးသည် နန်းကိန္နရီအတွက် နေရာဖယ်ပေးသည်။ သူတို့နှစ်ဦးစလုံးအတွက် ပထမအစပျိုးသော စကားကို ဆိုသည်။

 

နန်းကိန္နရီ ခုတင်တွင် ဝင်ထိုင်လိုက်သည်။ ကိုကျော့မောင်က စားသောက်ဖွယ်များကို ခုတင် ခေါင်းရင်းစားပွဲပေါ်မှာ တင်ပေးသည်။

 

“ဒီမှာရှိတယ်လို့ ဘယ်လိုလုပ်သိသလဲဟင်”

 

ကိုမောင်မောင်ဦး မေးသည်။ သူ၏အသံမှာ ပျော့ညံ့လှသည်။

 

ဆက်လက်ဖော်ပြပါမည်။