မောင်သိန်းဆိုင်

 

“ဘယ်သူရှိရဦးမှာလဲကွယ်။ မောင် မောင်ဦးပေါ့”

 

တစ်ဖက်မှအဖြေကို ကြားလိုက်ရလျှင် ဒေါ်ရေနံ့သာခင်ခင်ကြီး တုန်လှုပ်သွားသည်။ ထိတ်လန့်သလို ဖြစ်သွားကာ စကားပြောခွက်ကို လွှတ်မချမိအောင် မနည်းထိန်းချုပ်ရသည်။

 

စကားပြောခွက်မှ အသံဆက်လက် ထွက်ပေါ်နေသည်။

 

“သူက ဒီလိုပဲလေ၊ သူ့အချိုးက အမြဲဒီအတိုင်းပဲ၊ အင်မတန် တစ်ဇွတ်ထိုး ဆန်ချင်တဲ့အကောင်။ ပြောလို့မရ ဆိုလို့မရနဲ့ သူလုပ်ချင်တာကို ဇွတ်လုပ်တတ်တာ သူ့ညာဉ်ပဲ။ အေးလေ၊ ဒါကို ကလေး သိအောင် ပြောပြထားတာပါ။ တကယ်လို့ သူ ကလေးဆီရောက်လာရင်၊ သူ့ကို တွေ့ရင် ဦးလေးဆီကို အကြောင်းကြားပါ။ ဦးလေးလည်း သူ့ကို တတ်နိုင်သမျှ ရှာဦးမယ် ဟုတ်လား”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး၏ ရင်ထဲတွင် ပြည့်သိပ်လာသလိုရှိသည်။ တင်းကျပ်လာသလို ခံစားရသည်။

 

“အခု စကားပြောနေတာ ဘယ်သူလဲ ဟင်”

 

အသံမှန်ဖြင့် မေးလိုက်သည်။ သူ့ အမေးကြောင့် တစ်ဖက်မှ တုန်လှုပ်သွားဟန်တူသည်။

 

“ဘုရားရေ၊ အခု နားထောင်နေတာ နန်းကိန္နရီမဟုတ်ဘူးလား”

 

“မဟုတ်ဘူး”

 

“ဒါဖြင့် ဘယ်သူလဲဟင်”

 

“ကျွန်မပါ။ ရေနံ့သာခင်ခင်ကြီးပါ”

 

“ခင်ခင်ကြီး”

 

“ဟုတ်တယ်။ ရှင်ဘယ်သူလဲ။ ဘယ်ကလဲ”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အသံမှာ ကျယ်လောင်သွားသည်။ မျက်နှာထားမှာလည်း တင်းတင်းမာမာ ဖြစ်လာသည်။ ဗိုလ်မှူးညိုထွန်းသည်ပင် သူ့ဘက်သို့ လှည့်ကြည့်လာသည်။

 

တစ်ဖက်မှ စကားသံ ထွက်ပေါ်မလာ။ အဖြေမပေး။

 

“ကိုငှက်ရိုးလားဟင်”

 

“မဟုတ်ပါဘူး”

 

“ဒါဖြင့် ဘယ်သူလဲရှင်၊ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ”

 

တစ်ဖက်မှ တိတ်ဆိတ်နေသည်။ ငြိမ်သက်နေသည်။ ထိုမျှသာမက စကားပြောခွက်ကိုပါ ချသွားသည်။

ဒေါ်ရေနံ့သာခင်ခင်ကြီး ခံပြင်းသလို ဖြစ်လာရသည်။ “ဟယ်လို” ဟု စကားပြောခွက်ပုခက်မှ ဖုကလေးကိုနှိပ်ရင်း အထပ်ထပ်အခါခါ ခေါ်သည်။ မည်သို့မျှ ခေါ်မရသည့်အခါ စကားပြောခွက်ကို ဆောင့်ချပစ်လိုက်သည်။

 

သူသည် ခံပြင်းခြင်းကို ခံစားရသလို တင်းမာခက်ထန်လာသော မျက်နှာဖြင့် ဆိုဖာတွင်ဝင်ထိုင်သည်။ ဗိုလ်မှူး ညိုထွန်းက အရိပ်အကဲကို စောင့် ကြည့်နေသည်။ တစ်စုံတစ်ရာ ဖြစ်ခဲ့သည်ကို သိပုံရသည်။ မေးရမည်ကိုမူ နှုတ်လေးနေသည်။

 

“လာကြပြန်ပြီ အစ်ကိုထွန်းရေ၊ သူတို့လာကြပြန်ပြီ”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး ညည်းညူသလို ဆိုသည်။

 

“ဘယ်သူတွေလဲဟင်”

 

“ဘယ်သူရမှာလဲ အစ်ကိုထွန်းရဲ့၊ ခင်ကြီးရဲ့ ဘဝတစ်လျှောက်လုံးမှာ ဒုက္ခအပေးနိုင်ဆုံးဟာ ဘယ်သူရှိလို့လဲ မောင်မောင်ဦးပေါ့။ မောင်မောင်ဦးနဲ့ ပတ်သက်တဲ့လူတွေပေါ့”

 

ထို့နောက် တယ်လီဖုန်းဆက်ခဲ့သည့် အကြောင်းကို ပြောပြရသည်။ ကိုမောင်မောင်ဦးနှင့်ပတ်သက်၍ စကားဆိုခဲ့ပုံကို ရှင်းပြရသည်။

 

“စကားစပ်လို့ ပြောရဦးမယ်။ အစ်ကိုထွန်း မန္တလေးမှာရှိတုန်းက သူအစ်ကို ထွန်းဆီကို ရောက်လာသေးတယ်”

 

“ဪ”

 

“ဟုတ်တယ်။ ဒီတုန်းက သူ့ကို နန်းကိန္နရီနဲ့ တွေ့ပေးဖို့ပြောခဲ့သေးတယ်”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး၏ မျက်နှာမှာ ပိုမိုတင်းမာလာသည်။ ပိုမိုခက်ထန်လာသည်။

 

“အခု မလိုတော့ပါဘူး အစ်ကိုထွန်း။ ဒီကိစ္စမှာ အစ်ကိုထွန်းပါဖို့ မလိုတော့ပါ ဘူး။ ဘာကြောင့်လဲဆိုတော့ အစ်ကိုထွန်းမပါဘဲ သူတို့ချင်း တွေ့သွားခဲ့ကြပြီပဲ ဥစ္စာ”

 

ဗိုလ်မှူးညိုထွန်းသည် ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏ မျက်နှာကို ကြာမြင့်စွာ စူးစိုက်ကြည့်လိုက်မိသည်။ သူသည် မည်သို့ဖျောင်းဖျစကားဆိုရမည်၊ မည်သို့နှစ်သိမ့်စကားဆိုရမည်ကို မစဉ်းစားနိုင်အောင် ဖြစ်နေပုံရသည်။

 

ဆင်ဝင်အောက်သို့ ကားတစ်စီးထိုး ဆိုက်လာသံကြားရသည်။ မော်တော်ကား စက်သံကြောင့် နန်းကိန္နရီပြန်လာခြင်း ဖြစ်ကြောင်း သိသာသည်။ အာရုံသည် နန်းကိန္နရီထံ ရောက်သွားရပြန်သည်။

 

အမှန်ပင် နန်းကိန္နရီ ပြန်လာခြင်းဖြစ်သည်။ နန်းကိန္နရီသည် အိမ်အတွင်း ပြေးဝင်လာသည်။ ဗိုလ်မှူးညိုထွန်းကို မြင်ရသည်ဆိုလျှင်ပင်။

 

“ဟော၊ ဦးလေးထွန်း။ ဘယ်တုန်းက ရောက်သလဲဟင်”

 

ရွှင်ပျစွာ မေးသည်။

 

“အခုတင်ပဲ အရီ”

 

“အရီ့ဖို့ ဘာပါသလဲဟင်”

 

“ထိုးမုန့်ပါတယ်”

 

“ဒါပဲလား”

 

“အိုး တို့များဆီမှာ ဒီထက်ကောင်းတဲ့ လက်ဆောင် တခြားဘာရှိတာမှတ်လို့”

 

ဗိုလ်မှူးညိုထွန်း ရယ်ရင်းမောရင်း ပြောလိုက်သည်။ နန်းကိန္နရီပါ ရောနှောရယ်မောလိုက်သည်။

 

“နေပါဦး။ အရီအဝတ်အစား သွားလဲ လိုက်ဦးမယ်”

 

ပြောပြောဆိုဆိုမှာပင် နန်းကိန္နရီ လှေကားဆီသို့ လျှောက်သွားသည်။ လှေကားကိုပြေးတက်ရန် ဟန်ပြင်သည်။

 

သည်တွင် ဒေါ်ရေနံ့သာခင်ခင်ကြီးထံမှ အသံထွက်လာသည်။

 

“ဪ .. ဒါထက် အရီ”

 

နန်းကိန္နရီ ခြေလှမ်းတုံ့သွားသည်။ နောက်သို့ လှည့်ကြည့်လာသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ စကားကို စောင့်၍ နားထောင်သည်။

 

“စောစောက လူတစ်ယောက် ဖုန်းဆက်တယ်။ အရီအတွက်မှာခဲ့တယ်။ မောင်မောင်ဦး ဆေးရုံက ထွက်ပြေးသွားသတဲ့။ အဲဒါ သူလိုက်ရှာနေတယ်တဲ့။ တွေ့ရင် သူ့ကိုလည်း အကြောင်းကြားပါတဲ့”

 

နန်းကိန္နရီသည် မည်သို့မျှ မမျှော်လင့် မထင်မှတ်မိသောစကားကို ကြားရသည့်နှယ် အတုန်တုန်အလှုပ်လှုပ် ဖြစ်သွားရသည်။ အချောက်ချောက်အချားချား ဖြစ်သွားရသည်။ ကျောက်ရုပ်တစ်ရုပ်နှယ် တိတ်ဆိတ်ငြိမ်သက်သွားသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် သူ့တွင် ပြောစရာစကား မရှိတော့သလို နန်းကိန္နရီအား ကျောပေးလိုက်သည်။ ကြမ်းပြင်ကို စိုက်ကြည့်နေသည်။

 

နန်းကိန္နရီသည်လည်း ဘာမျှမပြောနိုင်။

 

ဧည့်ခန်းမှာ ရုတ်ခြည်းဆိုသလို တိတ်ဆိတ် ငြိမ်သက်သွားသည်။ အပ်ကျသံကြားရလောက်အောင် ငြိမ်သက် တိတ်ဆိတ်သွားပုံမျိုး။ တဒင်္ဂတွင် လူအားလုံးကို ကျောက်ဆစ်ရုပ်များ ဖြစ်သွားစေခဲ့ပုံမျိုး။

 

အတော်ချည်းကြာမှ လှေကားကို တစ်ထစ်ချင်း နင်းတက်သွားသော နန်းကိန္နရီ၏ နှေးကွေးလေးလံသည့် ခြေသံကို ကြားရသည်။ ယင်းအသံသည် အခန်းထဲတွင် အကျယ်လောင်ဆုံးအသံ ဖြစ်နေရလေသည်။ ခြေသံပျောက်သွား ပြန်လျှင်လည်း အခန်းကို တိတ်ဆိတ် ခြင်းက ပြန်လည်လွှမ်းမိုးလာပြန်သည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီး သက်ပြင်းရှိုက်လိုက်သည်။ တစ်ကိုယ်တည်းပြောသလို ရေရွတ်ပြောဆိုလိုက်သည်။

 

“ဒီတစ်ခါဟာ သူနဲ့ပတ်သက်လို့ နောက်ဆုံးအကြိမ် ဖြစ်ပါစေလို့ ခင်ကြီး ဆုတောင်းတယ်။ ဒီထက်ပိုပြီး သည်းခံ နိုင်စွမ်း ခင်ကြီးမှာ မရှိတော့ဘူး။ ဘယ်လို နည်းနဲ့ဖြစ်ဖြစ် ဒါနောက်ဆုံးပဲ ဖြစ်ပါစေတော့ရှင်ရယ်”

 

စောစောပိုင်းက လူသံ၊ ကားသံတို့ဖြင့် ဆူညံရှုပ်ထွေးနေခဲ့လေသော ရန်ကုန်မြို့၏ အစည်ကားဆုံး ဆူးလေဘုရားလမ်းမကြီးသည် ရုတ်တရက် ရွာလာသောမိုးကြောင့် ရှင်းလင်းတိတ်ဆိတ်သွား လေသည်။

ရန်ကုန်မိုးသည် အစိုးမရတတ်။ ရွာမည်ထင်ပေမဲ့ မရွာဘဲနေချင်နေတတ် သည်။ ရွာမည်မထင်ပေမဲ့ ရွာချင်ရွာချ လာတတ်သည်။ ရွာမည်မထင်ဘဲ ရွာချလာသောမိုးသည် သာယာစည်ကားနေသော ညအလှကို ဖျက်ဆီးပစ်လိုက်လေသည်။

 

အဆောင်းအကာယူရန် ဝန်လေးကြသော သို့မဟုတ် မေ့လျော့ခဲ့ကြလေသော သူများသည် နီးစပ်ရာ အရိပ်အောက်သို့ ခိုဝင်ကြသည်။ မိုးလွတ်ရန် ရှောင်တိမ်း ကြရသည်။ မိုးသည် အလွယ်တကူနှင့် တိတ်မည့်ဟန်မပြ။ သည်းသည်ထက် သည်းမည့် အရိပ်အယောင်ကို တွေ့နေရသည်။

 

ညဉ့်သန်းခေါင် တိုင်ပေတော့မည်။ နိုင်ငံခြားရုပ်ရှင်ကားတို့ ပြီးစီးသွားခဲ့ပြီ။ မြန်မာရုပ်ရှင်ကား အချို့တို့သည်သာ ဆက်လက်ပြဆဲရှိသည်။ အစသော် တစ်ခဏအတွင်း မိုးတိတ် လိမ့်မည်အထင်နှင့် ဆင်ဝင်တစ်ခု အောက်သို့ခိုဝင်ခဲ့ကြသည်။ မိုးရုတ်တရက် မတိတ်ခဲ့လေသောအခါ လူအချို့တို့ စိတ်မရှည်နိုင်လောက်အောင်ဖြစ် လာပြီး မိုးရေထဲသို့ ထွက်သွားကြသည်။ ဆင်ဝင်အောက်မှာ လူတစ်စထက် တစ်စနည်းပါးလာသည်။ အဆုံးတွင် တစ်ယောက်စ နှစ်ယောက်စသာ ကျန်ခဲ့သည်။

 

ကိုမောင်မောင်ဦးသည် မိုးတိတ်မည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းလျက်ရှိလေသည်။ သူသည် မိုးရေစွတ်စို ခြင်းကို မခံလိုဘဲရှိသည်။ ယခုပင်လျှင် အအေးဓာတ်ကြောင့် ခိုက်ခိုက်တုန်ချင်နေသည်။ ချောင်းဆိုးချင်စိတ်ကို မနည်း ကြိတ်မှိတ်သည်းခံနေရသည်။

 

ဆက်လက်ဖော်ပြပါမည်။