မောင်သိန်းဆိုင်

 

ယမန်နေ့မှအဆက်

 

“မင်းကိုသာ မကျေနပ်နိုင်တာပါ ခင်သန်းနွဲ့။ တကယ်တော့ ကိုယ်ကိုယ်တိုင်ဟာလည်း ကျေနပ်စရာကောင်းတဲ့ လူတစ်ယောက် ဖြစ်မနေခဲ့ပါဘူး။ မင်းကို ကောင်းစေချင်ပေမဲ့ ကိုယ်ကိုယ်တိုင်ဟာလည်း မကောင်းခဲ့ပါဘူး။ အေးလေ၊ နောက်ဆုံးမှာတော့ ဒါတွေအားလုံးကို ဖန်တီးသွားတဲ့သူဟာ ဖေဖေပဲ။ ဖေဖေ ဟာ သူကိုယ်တိုင်အတွက်လည်း အဆိုးတွေ ဖန်တီးခဲ့တယ်။ သူနဲ့ပတ်သက်တဲ့ လူတွေအတွက်လည်း အဆိုးတွေဖြစ်စေခဲ့တယ်။ သူနဲ့ပတ်သက်လာသမျှ လူတွေဟာ သူ့ဒဏ်ကိုခံခဲ့ရတယ်။ ဥပမာဆိုပါတော့ ဦးအောင်ခန့်တို့ မိသားစုတွေ ဖေဖေ့ကြောင့် အားလုံးကမောက်ကမ ဖြစ်ခဲ့ကြရရှာတယ်။ အခုတော့ တို့များရဲ့အလှည့်ပဲ။ ဖေဖေလုပ်ခဲ့သမျှတွေ တို့တစ် တွေ ခါးစည်းခံကြရဖို့ပဲ ရှိတော့တယ်။ ဝဋ်ကြွေးဆိုတာ သံသရာမှာ လိုက်တောင်း လိမ့်မယ်လို့ထင်ရင် မှားမယ်။ လောကမှာတင် ပြန်ပြီးအကျိုးပေးမှာ သေချာတယ်။ ကြည့်လေ၊ မေမေ့ရဲ့အဖြစ်။ ကိုယ့်ရဲ့အဖြစ်။ မင်းရဲ့အဖြစ်။ အားလုံးမှာ အကောင်းဆိုလို့ တစ်ကွက်မှမရှိခဲ့ဘူး။ မီးခိုးကြွက်လျှောက်ဆိုသလို အဆိုးတွေချည်း ဖြစ်ခဲ့ကြတာပဲမဟုတ်လား။ ဒီတော့ ဒီဝဋ်ကြွေးဟာ တို့များနဲ့တင် အဆုံးသတ်ပါစေ၊ တို့ရဲ့သားစဉ်မျိုးဆက်အထိ လိုက်မလာပါစေနဲ့လို့ ဆုတောင်းရမှာပဲ ခင်သန်းနွဲ့။ တို့မှာ ဆုတောင်းဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ဘူး”

 

နှစ်ယောက်သား စကားမဆက်မိကြဘဲ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေမိကြသည်။ ထိုအတွင်း ကိုမောင်မောင်ဦး အရက်ကို လက်စသတ်လိုက်သည်။ သူအရက်မသောက်ဘဲ နေခဲ့သည်မှာ အတန်ကြာပြီ။ ထို့ကြောင့် အူရိုင်းလို ဖြစ်နေသည်။ မူးဝေခြင်းသည် တစ်ခဏ ချင်းမှာပင် သူ့ကို လွှမ်းမိုးလာသည်။

 

“မင်း ဒီကိုရောက်နေတာ အတော် ကြာပြီလားဟင်”

 

ကိုမောင်မောင်ဦး မေးသည်။

 

“ဆိုပါတော့။ ဆယ်နှစ်ကျော်လောက်ရှိပြီ။ ဆယ့်တစ်နှစ်လောက်ရှိလိမ့်မယ် ထင်တယ်။ ဒီကြားထဲမှာ ကျွန်မ အိမ်ထောင်နှစ်ဆက် ကျသေးတယ်။ ဒါပေမဲ့ ဘယ်သူကမှ ကျွန်မကို အတည်အကြည် ပေါင်းဖို့ယူခဲ့တာမဟုတ်တော့ နှစ်ဆက်စလုံးနဲ့ ကွဲခဲ့တယ်”

 

“တို့တစ်တွေလည်း ဇာတ်တွေထဲကလို ဇာတ်ပေါင်းခါနီး ခုနစ်ပြည်ထောင်မင်းသား တွေ့ဆုံမိကြသလို ဖြစ်နေပြီ။ တို့နဲ့ပတ်သက်တဲ့လူ မှန်သမျှ ဒီမှာလာဆုံရသလို ဖြစ်နေပြီ”

 

ကိုမောင်မောင်ဦး ရယ်ရင်းဆိုသည်။ သူ့စကားကို ခင်သန်းနွဲ့ နားလည်နိုင်ဟန်မတူ။ သူ့မျက်နှာကို စူးစိုက်ကြည့်နေသည်။ ကိုမောင်မောင်ဦး စကားဆက်သည်။

 

“ဟုတ်တယ်။ ခင်ခင်ကြီးကလည်း ဒီမှာရှိတယ်။ ကျော့မောင်လည်းရှိတယ်။ ကိုယ်လည်းရှိတယ်။ မင်းလည်းရှိတယ် ဆိုပါတော့လေ။ အဲ နန်းကိန္နရီလည်း ဒီမှာရှိနေပြီ”

 

ကိုမောင်မောင်ဦး၏စကား မဆုံးတတ်သေးမီ ခင်သန်းနွဲ့ ဖြတ်မေးသည်။

 

“ဘာရီ”

 

“နန်းကိန္နရီ”

 

“ဘာလဲ ဟင်၊ နန်းကိန္နရီ”

 

ကိုမောင်မောင်ဦးသည် ရုတ်တရက် အဖြေမပေးသေးဘဲ ခင်သန်းနွဲ့၏မျက်နှာကို ပြန်လည်စူးစိုက်ကြည့်လိုက်သည်။ ခင်သန်းနွဲ့သည် မကြားဖူးသော အမည်တစ်ခု၊ လိုက်မမီသောအကြောင်းတစ်ရပ်ကို ကြားရသလို သူပြောလာမည့် စကားကို စိတ်စောစွာ နားစွင့်နေကြောင်း မြင်ရသည်။

 

ကိုမောင်မောင်ဦး တိတ်တခိုး သက်ပြင်း ရှိုက်လိုက်ပြန်သည်။

 

“နန်းကိန္နရီဆိုတာ လူတစ်ယောက်ရဲ့ နာမည်ပါ။ မိန်းကလေးတစ်ယောက်ရဲ့ နာမည်ပါ။ ဒေါ်ရေနံ့သာခင်ခင်ကြီးဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ မွေးစားသမီးပါ”

 

“ရှင်ပြောသလို ခုနစ်ပြည်ထောင်မင်းတွေ ဆုံကြတယ်ဆိုတဲ့နေရာမှာ ခင်ခင်ကြီးတို့၊ ကိုကျော့မောင်တို့ပါလာတာ ထားပါတော့။ ဒီနန်းကိန္နရီဆိုတာက ဘာဆိုင် လို့လဲဟင်”

 

“ဆိုင်ပါသော်ကော ခင်သန်းနွဲ့။ ဆိုင်လွန်းလို့ ခက်နေတာပေါ့”

 

ခင်သန်းနွဲ့၏ မျက်နှာမှာ စိတ်ဝင်စားမှုဖြင့် တည်ငြိမ်သည်ထက် တည်ငြိမ်လာသည်။ မျက်ဝန်းများသည် တောက်ပသည်ထက် တောက်ပလာသယောင် ထင်ရသည်။

 

“သူက ဘယ်လိုသက်ဆိုင်နေတာလဲ ဟင်”

 

ခင်သန်းနွဲ့ ခပ်တိုးတိုးမေးသည်။

 

ကိုမောင်မောင်ဦး ဖန်ခွက်ကို မြှောက်ကြည့်သည်။ အရက်ကုန်နေကြောင်း တွေ့ရသည်။ ဖန်ခွက်ကို ပြန်ချထားလိုက်သည်။ သူသည် ဆက်လက်၍ အရက်သောက်ချင်နေသည်။ အာသာပြေသေးပုံမရ။ ဖြစ်နိုင်မည်ဆိုလျှင် တစ်ထိုင်တည်းနှင့် အမူးအလဲသောက်လို လျက်ရှိသည်။

 

သူသည် ခင်သန်းနွဲ့၏မျက်နှာကို ဖျတ်ခနဲ ကြည့်လိုက်သည်။

 

“နန်းကိန္နရီကို ဒေါ်ရေနံ့သာခင်ခင်ကြီးက မွေးစားလိုက်တာ အကြောင်းရှိတယ် ခင်သန်းနွဲ့။ ဒေါ်ရေနံ့သာခင်ခင်ကြီးဆိုတာ တခြားလူမဟုတ်ဘူး။ တစ်ချိန်ကကိုယ်နဲ့ ချစ်ကြိုက်ခဲ့တဲ့သူပဲ။ သူဟာ အခု ကျိကျိတက်ချမ်းသာနေတယ်။ နန်းကိန္နရီဟာ အငြိမ့်ကဖူးတယ်။ အငြိမ့်မင်းသမီး ဘဝကနေ ဒေါ်ရေနံ့သာခင်ခင်ကြီးက ကောက်မွေးစားလိုက်တာ။ ဘာကြောင့် မွေးစားလိုက်သလဲမေးဦး၊ နန်းကိန္နရီဟာ ကိုယ်နဲ့ ရုပ်ချင်းဆင်လို့ပဲ။ ခင်ခင်ကြီးနဲ့ ကိုယ်နဲ့ရတဲ့ကလေးဟာ စစ်အတွင်းမှာတုန်းက ပျောက်ဆုံးသွားခဲ့တယ်။ ခင်ခင်ကြီးက နန်းကိန္နရီကို အဲဒီကလေးလို့ ထင်တယ်။ ဒါကြောင့် မွေးစားလိုက်တာ”

 

ခင်သန်းနွဲ့သည် ပိုမိုစိတ်ဝင်တစား ရှိရဟန်တူသည်။ ဘာတစ်လုံးမျှ ဝင်မပြောဘဲ ကိုမောင်မောင်ဦး၏ စကားများကို စူးစိုက်နားထောင်နေသည်။

 

ကိုမောင်မောင်ဦး စကားဆက်သည်။

 

“နန်းကိန္နရီရဲ့အကြောင်းကို ကြားရင် ကြားချင်းပဲ ကိုယ် သူ့အကြောင်း စုံစမ်းတယ်။ သူ့ဇာတိဇာစ်မြစ်ကို ဆန်းစစ်တယ်။ ဒီမှာတင် သူဟာ ကိုယ်နဲ့ ခင်ခင်ကြီးတို့ရဲ့ သမီးမဟုတ်ဘူးဆိုတာသိတယ်။ ဘယ်သူ့သမီးလို့လည်း ချက်ချင်းနားလည်လာတယ်။ ဒေါ်ရေနံ့သာခင်ခင်ကြီး မမွေးစားခင်က ဒီမိန်းကလေးဟာ မန္တလေးမှာနေခဲ့တယ်။ သူငယ်ငယ်ကတည်းက သူ့အမေပစ်သွားတယ်။ ဘာမှမဆိုင်တဲ့ လူတစ်ယောက်ရဲ့ လက်ထဲမှာ ထားပစ်ခဲ့တယ်။ နန်းကိန္နရီဆိုတဲ့ နာမည်မယူခင်က သူ့မှာ တခြားနာမည်တစ်ခု ရှိခဲ့သေးတယ်။ တင်တင်ရီတဲ့။ ဒါဆိုရင် သူဟာ ဘယ်သူလဲလို့ မင်းသိပြီမဟုတ် လားဟင်”

 

ခင်သန်းနွဲ့ မဖြေ။

 

အဖြေကို ကိုမောင်မောင်ဦး ကိုယ်တိုင်ကလည်းမပေး။ ခင်သန်းနွဲ့သည် ကိုမောင်မောင်ဦး၏ မျက်နှာကို စူးစိုက် ကြည့်နေသည်မှန်သော်လည်း တကယ်တမ်း ကြည့်နေသည်နှင့်မတူ။ အကြည့်မှာ ရီဝေနေသည်။ မျက်လုံးများက ငေါင်စင်းစင်း ဖြစ်နေသည်။ သို့ရာတွင် သူ၏ စိတ်သန္တာန်၌ အဘယ်မျှ လှုပ်လှုပ်ရှားရှား ဖြစ်နေရသည်ဆိုခြင်းကို မျက်နှာရှိ အကြောစိုင်များက ဖော်ပြ လျက်ရှိလေသည်။

 

အိပ်ခန်းအတွင်းမှ လှုပ်ရှားသံသဲ့သဲ့ ကြားရသည်။ များမကြာမီ မတင်ရွှေ အခန်းပေါက်ဝမှာ ပေါ်လာသည်။

 

“ဟေ့၊ ကြည့်စမ်း။ အခုထိ မအိပ်ကြသေးဘူးကိုး။ စကားလက်ဆုံ ပြောလို့ မကုန်ဆိုတာလို ဖြစ်နေပြီထင်တယ်”

 

မတင်ရွှေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြရသည်။ ခင်သန်းနွဲ့သည် မတင်ရွှေကို လုံးဝအသိအမှတ် မပြုသလို ထိုင်နေသည်။ မတင်ရွှေသည် ကုလားထိုင်တွင် ဝင်ထိုင်ကာ စီးကရက် တစ်လိပ် ထုတ်သောက်သည်။

 

“နေစမ်းပါဦး၊ အမိတို့ တစ်ညလုံး ဒီလိုထိုင်နေကြမှာလား”

 

မတင်ရွှေ၏အမေးကို မည်သူမျှမဖြေ။ မတင်ရွှေသည် ကိုမောင်မောင်ဦးနှင့် ခင်သန်းနွဲ့တို့၏ မျက်နှာများကို အကဲခတ်သလို လိုက်ကြည့်သည်။ ထို့နောက် နှစ်ယောက်စလုံးမှာပင် စိတ်လှုပ်ရှားခြင်း ရှိနေရသည်ကို ရိပ်စားမိဟန်ဖြင့် နှုတ်ဆိတ်သွားသည်။

 

“ရှင် သူနဲ့တွေ့ခဲ့သေးသလားဟင်”

 

ခင်သန်းနွဲ့ထံမှ အသံထွက်လာသည်။ ခင်သန်းနွဲ့သည် နံဘေး၌ မတင်ရွှေရှိနေသည်ကို မေ့လျော့နေမိဟန်ဖြင့် မေးခဲ့ခြင်းဖြစ်သည်။ သူ၏အမေးကို ကိုမောင်မောင်ဦး ခေါင်းညိတ်အဖြေပေး လိုက်သည်။

 

“သူ၊ သူ ရှင့်ကို ဘာတွေ မေးသေးသလဲ ဟင်။ ရှင်ကရော ဘာတွေ ပြောပြလိုက် သေးသလဲ”

 

“တွေ့တယ်ဆိုပေမဲ့ အသေအချာ စကားမပြောရပါဘူး။ ရင်းရင်းနှီးနှီး မဆုံခဲ့ရပါဘူး။ သူ့အကြောင်းကို သိပြီးတဲ့နောက် သူနဲ့တွေ့ရမှာ ဝန်လေးသလို ဖြစ်နေမိတယ်။ ဆေးရုံမှာရှိနေတုန်းက သူရောက်လာသေးတယ်။ ကိုယ်နဲ့လာတွေ့ခဲ့သေးတယ်။ သူ့ကို နှင်ပစ်ခဲ့မိတယ်။ သူဟာ အခုကောင်းစားနေတယ်။ ချမ်းသာနေတယ်။ ကိုယ်တို့သမီးကလေးရဲ့ နေရာကို သူရနေတယ်။ ကိုယ့်သမီးကလေး ဘယ်လိုရှိနေရှာမယ်ဆိုတာ မသိနိုင်ဘူး။ ကိုယ့်သမီးရဲ့ နေရာကို ဝင်ယူထားတဲ့ နန်းကိန္နရီကတော့ ရွှေပုံပေါ်မှာ စံစားနေတယ်။ နန်းကိန္နရီကို ကိုယ်မမုန်းပါဘူး။ ဒါပေမဲ့သူ့နေရာမှာ ကိုယ့်သမီးကလေးရှိခဲ့ရင်ဆိုတဲ့ အတွေးကို တွေးမိရင်တော့ ရင်ထဲမှာ မတင်မကျနဲ့ပဲ။ မကျေမနပ်နဲ့ပဲ။ သမီးကို တမ်းတရတဲ့စိတ်တွေ ပိုပြီးဝင်လာတယ်။ သမီးနဲ့ တွေ့ချင်တဲ့ဆန္ဒတွေ ပြင်းပြလာတယ်။ လူ့ဘဝဆိုတာ အစက ဒီလောက်ဆန်း ကြယ်လိမ့်မယ် မထင်ဘူး။ အခုတော့ မမျှော်လင့်တာတွေချည်း လာဖြစ်နေ တော့တာပဲ”

 

ဆက်လက်ဖော်ပြပါမည်။