မောင်သိန်းဆိုင်
ယမန်နေ့မှအဆက်
ခင်သန်းနွဲ့၏ အကြည့်သည် ပြန်လည် အသက်ဝင်လာသလို ရှိသည်။ ကိုမောင် မောင်ဦး၏မျက်နှာပေါ်သို့ စူးစူးစိုက်စိုက် ကျရောက်လာပြန်သည်။
မတင်ရွှေသည် ကိုမောင်မောင်ဦး၏ စကားကို ဂရုစိုက် နားထောင်သည် မှန်သော်လည်း တစ်လုံးတစ်ပါဒမျှ နားမလည်နိုင်သလိုရှိသည်။ ခင်သန်းနွဲ့ တို့က သူ့အား လုံးဝအရေးမထားသလို ရှိနေခြင်းအတွက်လည်း စိတ်မှာ မသိုး မသန့် ဖြစ်လာရပုံပေါ်သည်။
ကိုမောင်မောင်ဦးနှင့် ခင်သန်းနွဲ့တို့ မဆုံးသေးသောစကားကို ဆက်သည်။
“ဒီအတိုင်းဆို မင်းနဲ့ နန်းကိန္နရီတို့ မဆုံမိကြဘူးပေါ့နော်” ခင်သန်းနွဲ့ ခေါင်းညိတ်ပြသည်။ ပါးစပ်မှလည်း အဖြေပေးသည်။
“ဆယ့်ငါးနှစ်ကြာခဲ့ပါပြီ”
ခင်သန်းနွဲ့၏မျက်နှာမှာ ဝမ်းနည်း ဟန်၊ ကြေကွဲဟန်များ ပေါ်ပေါက်လာ သည်။ မျက်ဝန်းတွင် မျက်ရည်ကြည် ဝေ့လည်လာရုံမက ယခုအခါ မျက်ရည် ပေါက်များအဖြစ်သို့ ပြောင်းလဲလာသည်။ ပါးပြင်သို့ လိမ့်လျှောကျဆင်းလာသည်။
မျက်ရည်ကြည် ပြည့်လျှမ်းသော မျက်ဝန်းဖြင့် ကိုမောင်မောင်ဦးကို ကြည့် သည်။
“သူ ကောင်းစားနေတာကို ရှင့်အနေနဲ့ မနာလိုမရှုဆိတ်ဖြစ်မယ့်အစား ဝမ်းတောင် သာသင့်ပါသေးတယ် ကိုမောင်မောင်ဦး ရယ်။ တွက်ကြည့်မယ်ဆိုရင် ရှင်နဲ့ နန်းကိန္နရီဆိုတာဟာ စိမ်းကားထိုက်တဲ့ လူတွေမှမဟုတ်ဘဲ။ သူစိမ်းတွေမှမဟုတ် ဘဲ။ သူဟာ ရှင်နဲ့ သွေးအရင်းကြီးပါ။ ရှင့်မှာ စာနာတတ်တဲ့သဘော ရှိမယ် ဆိုရင်၊ ဒါမှမဟုတ် များများစားစား မဟုတ်တောင် နည်းနည်းပါးပါးလောက် သံယောဇဉ် ထားတတ်မယ်ဆိုရင် သူ့ အပေါ်မှာ ထောက်ထားညှာတာစရာ တွေ အများကြီးပါ။ တကယ်တော့ နန်းကိန္နရီ ဟာ ရှင့်ရဲ့ နှမကလေး မဟုတ်လား ကိုမောင်မောင်ဦး။ ရှင်နဲ့ ဖအေတူ မအေကွဲ မောင်နှမတွေပဲ မဟုတ်လား”
ခင်သန်းနွဲ့၏ မျက်နှာထား၊ ခင်သန်းနွဲ့ ၏ အသံ၊ ခင်သန်းနွဲ့၏ ဟန်တို့မှာ တက်ကြွမှုလည်းပါသည်။ နာကြည်းမှု လည်းပါသည်။ ကြေကွဲမှုလည်းပါသည်။ ဤသည်များကြောင့် မဟုတ်သည့်တိုင် သူ၏စကားများသည် ကိုမောင်မောင်ဦး အား တုန်လှုပ်သွားစေနိုင်သည်၊ ချောက် ချား သွားစေနိုင်သည်။
သူ၏စကားစုတို့က မိမိနားအတွင်း ပူလောင်ပြင်းပြစွာ ဝင်ရောက်လာသည် ဟု ကိုမောင်မောင်ဦး မှတ်ထင်သည်။ အသည်းနှလုံးကို ဝင်ရောက်တိုးဝှေ့သွား ကာ ရင်မှာ ဝေဒနာတစ်ရပ် ပေးစွမ်းနိုင်ခဲ့ သည်ဟု မှတ်ယူသည်။
“ဒေါ်ရေနံ့သာခင်ခင်ကြီးက သူ့ကို ရှင်နဲ့တူတယ်ထင်ပြီး ရှင်တို့ရဲ့ သမီး အနေနဲ့ မွေးစားလိုက်တာ ဘာမှ အံ့သြ စရာ မရှိပါဘူး။ သူမွေးလာစကတည်းက ကျွန်မပြောခဲ့တယ်။ သူဟာ ရှင်နဲ့တူ လိမ့်မယ်လို့။ ဒါကလည်း အံ့သြစရာ မဟုတ်ပါဘူးလေ။ ရှင့်အဖေဟာ ရှင့်ကို သူနဲ့တူအောင် မွေးပေးနိုင်ခဲ့ရင် ရှင့်ရဲ့ နှမကလေးကိုလည်း ရှင်နဲ့တူအောင် မွေးပေးနိုင်မှာပဲပေါ့။ အစကတော့ ကျွန်မဟာ ဒါကိုကျေနပ်မိခဲ့တယ်။ နှစ်သက်မိခဲ့တယ်။ ရှင်နဲ့ကျွန်မ ကလေး မွေးပြီးစမှာ ဆုံမိကြတုန်းက ရှင်ကိုယ် တိုင် ဒီကလေးမွေးလာရတာကို မကျေ မနပ်ဖြစ်နေတာ တွေ့ရတယ်။ ဒီကလေး မွေးမလာခဲ့ရင် ကောင်းမယ်လို့ ညည်းခဲ့ တယ်။ ဒီအချိန်ကစပြီး ကျွန်မရဲ့ စိတ်မှာ နာကြည်းခဲ့ရတယ် ကိုမောင်မောင်ဦး။ ဒီကလေးကိုလည်း ကျွန်မမှာ ရှိခဲ့ဖူးတဲ့ ကိုယ်ဝန်တွေလို ဖျက်ချပစ်ခဲ့ရင် ကောင်းမှာ ပဲလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ကိုမောင်မောင်ဦး ရယ်။ ကျွန်မဟာ မကောင်းတဲ့မိန်းမတစ် ယောက် ဖြစ်ခဲ့တဲ့တိုင်အောင် တခြား မိန်းမကောင်းတွေလိုပဲ တစ်သက်မှာ သားရယ်၊ သမီးရယ်လို့ ခေါ်ရမယ့် ကလေးတစ်ယောက်ကို လိုချင်ခဲ့ပါ တယ်။ ရှင့်အဖေနဲ့ အတိအလင်း ယူကြ တဲ့အခါမှာ ကျွန်မ ကလေးတွေမွေးမယ် လို့ စိတ်မကူးခဲ့ပါဘူး။ ဒါပေမဲ့ ရှင့်အဖေ ဆီက ထွက်ပြေးခဲ့ပြီးနောက် ကျွန်မမှာ ကိုယ်ဝန်ပါလာတယ်လို့ သိရတယ်။ ဖျက်ချလို့မရနိုင်အောင် လရင့်နေတာ တွေ့ရတယ်။ ဒါနဲ့ ကိုယ်ဝန်ကို ဖျက်မချ ရဲတော့ဘဲ ကလေးကို မွေးခဲ့ရတာပါ။ ကလေးရဲ့မျက်နှာကို မြင်ရတော့ ကျွန်မ မှာ မိခင်စိတ်ဆိုတာ ပေါ်လာတယ်။ ကလေးအပေါ်ချစ်တဲ့စိတ် ဝင်လာတယ်။ အမှန်တော့ မမွေးခင်က မွေးလာရင် ကလေးကို တစ်ယောက်ယောက် ပေးပစ်မယ်လို့ စိတ်ကူးခဲ့တယ်။ လက်တွေ့ ကျတော့ မပေးရက်ခဲ့ဘူး”
“ကလေးမွေးဖွားပြီးတဲ့နောက်မှာတော့ ကျွန်မစိတ်ထဲမှာ အတွေးတစ်မျိုး ဝင်လာတယ်။ ရှင်နဲ့ပတ်သက်လို့လည်း အမြင်မှန် မြင်ခဲ့တယ်။ ကျွန်မဟာ ဦးကောင်းမိုးရဲ့ မယား။ ဦးကောင်းမိုး နဲ့ပတ်သက်ပြီး ရှင့်ကို ဘယ်လိုသဘော ထားရမယ်လို့ နားလည်လာတယ်။ ရှင့် အပေါ် မမှန်တဲ့စိတ်ထားနဲ့ စွဲလမ်းနေခဲ့ တာတွေ ပြယ်ခဲ့တယ်။ မှန်မှန်ကန်ကန် ချစ်လာတတ်တယ်။ အစကတော့ ကျွန်မဟာ လောကအကြောင်း ဘာမှ နားမလည်နိုင်တဲ့ မိန်းမတစ်ယောက်ပါ။ ဘဝအခြေအနေအမျိုးမျိုးက လောကကို နားလည်လာအောင် သင်ပေးခဲ့တယ်။ အရာအားလုံးနဲ့ ပတ်သက်လို့ မှန်မှန် ကန်ကန် ဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်။ ကျွန်မကိုယ်ကျွန်မ မိန်းမကောင်းတစ် ယောက်၊ မိခင်ကောင်းတစ်ယောက်ဖြစ် အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ခဲ့ပါ တယ်။ ကျွန်မရဲ့ကလေးဟာ မိန်းမပျက် တစ်ယောက်ရဲ့ ကလေးလို့ ဘယ်သူကမှ မထင်စေချင်ဘူး။ ကျွန်မရဲ့ အကြောင်း တွေ သိနေတဲ့မြို့၊ ရေနံချောင်းမြို့နဲ့ အနီးအနားပတ်ဝန်းကျင်က ခွာခဲ့တယ်။ ဒီမှာတင် ရှင်နဲ့ ပခုက္ကူမှာ ဆုံရတယ်။ ကျွန်မ ပခုက္ကူကနေ မန္တလေးကို လာခဲ့ ပြန်တယ်။ အဲဒီမှာ ကိုတင်မြင့်နဲ့ တွေ့ရ တာပေါ့”
“မန္တလေးကို ကျွန်မ တစ်ခါမှမရောက် ဖူးဘူး။ အသိအကျွမ်းလည်း မရှိဘူး။ ဆိပ်ကမ်းမှာ သင်္ဘောဆိုက်ပြီး မန္တလေး မြေကို ခြေချမိကတည်းက ယောင်ချာချာ ဖြစ်ရတာပဲ။ ဘယ်သွားလို့ ဘယ်လာရ မှန်း မသိခဲ့ဘူး။ မိုးတွေကလည်း သိပ်ရွာ နေတယ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး မိုးရွာထဲ မှာ ကလေးပိုက်ပြီးလာခဲ့တာ ဘယ်တွေ ရောက်လို့ရောက်မှန်းလည်း မသိဘူး။ အဆုံးမှာတော့ ကျွန်မ လမ်းမလျှောက် နိုင်တဲ့အထိ ဖြစ်လာတယ်။ ဒါနဲ့ အိမ်တစ် အိမ်ကို ဝင်ရတယ်။ အဲဒီအိမ်ဟာ ကိုတင် မြင့်ရဲ့ အိမ်ပေါ့”
“ကိုတင်မြင့်ဟာ လူကောင်း တစ်ယောက်ပါ။ ကျွန်မအပေါ်မှာရော ကလေးအပေါ်မှာပါ ကြင်နာရှာပါတယ်။ အစကတော့ သူနဲ့လက်ထပ်ပြီး သူ့ဆီမှာ တစ်သက်လုံးနေသွားဖို့ စိတ်ကူးခဲ့ပါ တယ်။ ကျွန်မရဲ့အတိတ်ကို မြှုပ်ထားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ စိတ်ကူးကို အကောင်အထည်ဖော်လို့ မရနိုင်လောက်အောင် ဖြစ်လာတယ်။ ကျွန်မနဲ့ အရင်ကဆက်ဆံဖူးတဲ့၊ သိကျွမ်း ဖူးတဲ့ လူတွေနဲ့ တွေ့လာရလို့ပါပဲ။ သူတို့ တစ်တွေက ကျွန်မရဲ့ဘဝကို ခြောက် လှန့်လာကြတယ်။ ကလေးဟာ ကျွန်မနဲ့ အတူရှိနေသရွေ့ ကျွန်မအတိတ်ကြောင့် သူ့အတွက်ပါ သိက္ခာကျစရာတွေ၊ မျက်နှာ ငယ်စရာတွေနဲ့ ထာဝစဉ်ကြုံတွေ့ရမှာ ပဲလို့ ကျွန်မမြင်လာတယ်။ ကျွန်မရဲ့ သမီးကို ကျွန်မချစ်ပါတယ်။ တစ်ကမ္ဘာ လုံးမှာ ကျွန်မအတွယ်တာဆုံးဟာလည်း သူပါပဲ။ ဒါပေမဲ့ စောစောက ပြောသလို သူ့ကို မကောင်းတဲ့မိန်းမတစ်ယောက်ရဲ့သမီးလို့ လူတွေက မထင်စေချင်ဘူး။ မမြင်စေချင်ဘူး။ ဒါဟာ သမီးအပေါ်မှာ ထားရှိအပ်တဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာပါ။ ဒါကြောင့်ပဲ သူနဲ့ ကျွန်မ တို့ရဲ့ဘဝဟာ သီးခြားရပ်တည်ကြမှ ဖြစ်မယ်လို့ မြင်လာတယ်။ တခြားစီ ဖြစ်နေကြမှ ကောင်းမယ်လို့ ထင်လာ တယ်။ ဒီလိုနဲ့ ကျွန်မသူ့ကို စွန့်ခွာခဲ့ရ တယ်။ သူနဲ့ဝေးရာကို ရင်နာနာနဲ့ ထွက်ခဲ့ရပါတယ်”
“ကိုတင်မြင့်ဟာ ကလေးကို သမီး အရင်းလို ချစ်မှာသေချာတယ်။ သူ့ကို ကျွန်မယုံတယ်။ ရှင့်အဖေဆီက ယူလာခဲ့ တဲ့ ပစ္စည်းတွေအားလုံး ကလေးအတွက် ထားပစ်ခဲ့တယ်။ ကျွန်မအတွက် လတ်တလောသုံးဖို့ ငွေအနည်းအကျဉ်း ယူပြီး ထွက်ခဲ့တယ်။ နေရာအနှံ့အပြား ရောက်ခဲ့ပါတယ်။ လူအမျိုးမျိုးနဲ့လည်းတွေ့ခဲ့ရတယ်။ အစကတော့ လူတွေက ကျွန်မကို မေ့လျော့သွားကြတဲ့အချိန်၊ ကျွန်မတစ်ဖြစ်လဲတဲ့အချိန်မှာ သမီးဆီ ပြန်သွားဖို့ စိတ်ကူးခဲ့တယ်။ ကျွန်မဘဝ ကို ပြုပြင်ပြောင်းလဲပစ်နိုင်ခဲ့ဖို့ အတန်တန် ကြိုးစားခဲ့တယ်။ ဒီလိုလုပ်လို့မရမချင်း သမီးနဲ့မတွေ့ဘူးလို့ ဆုံး ဖြတ်ထားတယ်။ အခုတော့ရှင်၊ ကျွန်မရဲ့အသက် သေဆုံး သွားတဲ့အထိ ကျွန်မနဲ့ ကျွန်မသမီးတို့ ပြန်ဆုံရဖို့ မမြင်တော့ပါဘူး။ ဘာကြောင့် လဲဆိုတော့ ရှင်မြင်တဲ့အတိုင်း ကျွန်မ ဘဝဟာ ဘာတစ်ခုမှ မပြောင်းလဲသေး လို့ပဲ။ ဒုံရင်းအတိုင်း ရှိနေသေးလို့ပဲ။ ဒီမယ် ကိုမောင်မောင်ဦး၊ ကလေးနဲ့ ပတ်သက်လို့ ကျွန်မရဲ့ ဆုံးဖြတ်ချက် ကရော မှားတယ်လို့ ရှင်ထင်သလား ဟင်။ သူ့ကိုပစ်ပြီး ထွက်ခဲ့တာကို မှားတယ်လို့ ထင်သလား”
ခင်သန်းနွဲ့၏ စကားများကို ငြိမ်သက် စွာ နားထောင်နေရာမှ ရုတ်တရက် အမေးခံလိုက်ရသဖြင့် ကိုမောင်မောင် ဦး၏ကိုယ်မှာ ဆတ်ခနဲဖြစ်သွားသည်။
သူသည် အမေးကို သက်ပြင်းရှိုက်ရင်း ဖြေသည်။
“မှားတယ်လို့ မဆိုသာပေမဲ့ ရက်စက် ရာ ကျလွန်းပါတယ်”
ခင်သန်းနွဲ့ နာနာကြည်းကြည်း ပြုံး လိုက်သည်။
ဆက်လက်ဖော်ပြပါမည်။