မောင်းသိန်းဆိုင်

ယမန်နေ့မှအဆက်  

“ကြည့်လေ။  မင်းက  မင်းရဲ့သမီးကို ကိုတင်မြင့်လက်ထဲမှာ ယုံယုံကြည်ကြည် နဲ့   စိတ်ချလက်ချ   အပ်ထားခဲ့တယ်။            မင်း ထင်တယ်မဟုတ်လား။ ကိုတင်မြင့် ဟာ သူ့ကို သမီးအရင်းနဲ့မခြား စောင့် ရှောက်လိမ့်မယ်၊ ပညာတွေသင်ပေးလိမ့် မယ်။ မင်းရဲ့သမီးဟာ  ပညာတတ်ဖြစ် မယ်။ တင့်တောင်းတင့်တယ်ဖြစ်မယ်။ လောကကို  အနိုင်ဘက်က ရင်ဆိုင်နိုင် လိမ့်မယ်။    ဒီလိုမဟုတ်လား၊    ဒါပေမဲ့ တကယ်တမ်းကျတော့      မင်းထင်သလို ဖြစ်မလာခဲ့ပါဘူး။   သူဟာ  ခင်ခင်ကြီးရဲ့ မွေးစားမှုကို   မခံရသေးတဲ့ကာလအထိ ကံဆိုးခဲ့တယ်။  သူ့ဘဝကိုသူ ရုန်းကန်ခဲ့ရ တယ်။   မန္တလေးက ထွက်ပြေးခဲ့တယ်။ အငြိမ့်မင်းသမီး     ဖြစ်ခဲ့သေးတယ်။ နောက်မှ    ခင်ခင်ကြီးနဲ့တွေ့ပြီး   အခြေ တကျဖြစ်လာခဲ့တာပါ”
ခင်သန်းနွဲ့  မျက်လွှာချလိုက်သည်။ ကြမ်းပြင်ကို စိုက်ကြည့်နေသည်။
“ဒီအကြောင်းတွေ   ကျွန်မမသိခဲ့ဘူး” ခပ်တိုးတိုးဆိုသည်။ တစ်ဆက်တည်းမှာ ပင် “ဒါပေမဲ့ ဒါတွေကို ကျွန်မသိချင် တယ်လို့   ရှင်ထင်သလားဟင်။ အမှန် ပြောရရင် သမီးနဲ့ပတ်သက်လို့ လောလော ဆယ်မှာ   ကျွန်မ   ဘာမှမသိချင်ဘူး။ သူ့အကြောင်း    ဘာမှမကြားချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မကိုယ်တိုင် သူ့အတွက် ဘာမှ လုပ်မပေးနိုင်တဲ့ကာလ၊ ကျွန်မဟာ သူ့ရဲ အမေပါလို့ ဖွင့်ပြောလို့ မဖြစ်နိုင်တဲ့  အခြေအနေမှာ  သူနဲ့ ပတ်သက်လို့    ဘာမှမကြားချင်ဘူး။ သူ့ဘဝ ဘယ်လိုရှိတယ်ဆိုတာ မမြင်ချင် ဘူး။ အရာအားလုံးကို ဥပေက္ခာပြုထား ချင်တယ် ကိုမောင်မောင်ဦး။ ရှင်နဲ့ ပြန်တွေ့ ရတာကို ကျွန်မ တစ်နည်းတစ်လမ်းတော့ ဝမ်းသာပါတယ်။    ဒီအကြောင်းတွေ အစပြန်ပေါ်လာတာနဲ့     ပတ်သက်လို့ တော့ ဝမ်းနည်းရတယ် ကိုမောင်မောင်ဦး ရယ်။ ကျွန်မ လောလောဆယ် ဘာဖြစ် ချင်နေတယ်မှတ်သလဲ၊ ကျွန်မ သေချင် တယ်။ ဟုတ်တယ်။ ခင်သန်းနွဲ့ဆိုတဲ့ မိန်းမတစ်ယောက် လောကမှာ ပျောက် သွားရင်  သိပ်ကောင်းမှာပဲ။  ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဝံ့တဲ့ သတ္တိ မရှိတာ သိပ်ဆိုးတာပဲ”
ခင်သန်းနွဲ့၏အသံမှာ ကြေကွဲဝမ်းနည်း မှု လွှမ်းနေသည်။ နာကျည်းမှု ပြွမ်းတီးနေ သည်။ မျက်နှာအနေအထားမှာလည်း ယင်းသို့ပင် ရှိနေသည်။
“ကိုယ်ကတော့ မင်းနဲ့  ဆန့်ကျင်ဘက် ပဲ။ မင်းကို   လောကမှာဆက်ပြီး အသက် ရှင်နေစေချင်ပါသေးတယ်။   တကယ် တော့   မင်းနဲ့ကိုယ်ဟာ   ဘဝတူတွေပါ။ မင်းဟာလည်း     မင်းရဲ့သမီးအတွက် ရင်မှာ ပူဆွေးစရာရှိနေတယ်။ ကိုယ်ဟာ လည်း မင်းလိုပဲ သမီးအတွက် ရင်မှာ ပူဆွေးစရာတွေရှိနေတယ်။    မင်းဟာ ကိုယ့်ထက်တောင်  ကံကောင်းပါသေး တယ်။  မင်းရဲ့သမီးဟာ   မင်းနဲ့  မဝေးလံ လှတဲ့နေရာမှာရှိတယ်။   တွေ့ချင်ရင် အချိန်မရွေး တွေ့လို့ရတယ်။ ကိုယ့်မှာက ဒီအခွင့်အရေးတောင် မရှိပါဘူးကွယ်။ ကိုယ့်သမီးကို   ပြန်တွေ့ရတဲ့အချိန်အထိ တော့ အသက်ရှင်နေပါဦး ခင်သန်းနွဲ့။ မင်းဟာ ကိုယ်တို့အတွက် အရေးပါတဲ့ လူတစ်ယောက်ပါ။ ကိုယ်တောင်းပန်ပါ တယ်။ နန်းကိန္နရီနဲ့ပတ်သက်လို့  သူဟာ မင်းရဲ့သမီးလို့   သက်သေခံဖို့အတွက် တော့ အသက်ဆက်ရှင်နေပါဦး ခင်သန်းနွဲ့  ရယ်”
x  x  x  x  x
[၄] 
ကိုမောင်မောင်ဦးနှင့် ပြန်လည်ဆုံတွေ့ ရခြင်းအတွက်   စိုးရိမ်မကင်းရှိရသည့် ကြားမှပင်   ဝမ်းမြောက်ဝမ်းသာဖြစ်မိ သည်ဟု ကိုကျော့မောင်ထင်သည်။
ဆေးရုံမှ ပျောက်ကွယ်သွားပြီးနောက် သုံးလေးရက်အကြာတွင်  ကိုမောင်မောင်ဦး သူ့ထံရောက်လာသည်။     သည်တစ်ခါ ရောက်လာခြင်းမှာ      သူ့အတွက်  
ဝန်လေးဖွယ်ရာမပါကြောင်း   သိရလျှင် ကိုကျော့မောင်၏ရင်မှ အလုံးကျသွား သည်။  ကိုမောင်မောင်ဦးက  သူ ကမ္ဘာအေး ရှိအိမ်တွင်ပင်နေမည်ဟု ဆိုခဲ့သည်။
ထိုနေ့က   သူ   ကိုမောင်မောင်ဦးနှင့်အတူ လိုက်ပါသွားခဲ့ရာ   ကမ္ဘာအေးရှိအိမ်သို့ ရောက်သည်။ ယင်းအိမ်တွင် ဘယ်လိုမှ မမျှော်လင့်ဘဲ ခင်သန်းနွဲ့နှင့်ဆုံတွေ့ရ သည်။ သူငယ်ချင်းဖြစ်သူက ခင်သန်းနွဲ့နှင့်  အတူနေမည်ဆိုခြင်းကို  ကိုကျော့မောင် ဘဝင်မကျလှ။
မည်သို့ပင်ဖြစ်စေ      သူငယ်ချင်း၏ နေရေးစားရေးအတွက် စိတ်အေးရသည် ဆိုလျှင်ပင်   သူ့အဖို့   ကျေနပ်ဝမ်းသာ ဖွယ်ရာ ဖြစ်နေခဲ့လေသည်။
သည်အကြောင်းကို     နန်းကိန္နရီထံ ဖုန်းဆက်ရန်    စိတ်ကူးမိသေးသည်။ သို့ပေမဲ့   ယခင်နေ့ကလို   ဒေါ်ရေနံ့သာ ခင်ခင်ကြီးနှင့် တိုးမိမည်ကို စိုးရိမ်သည်။ သို့ဖြင့် နန်းကိန္နရီထံ ဖုန်းမဆက်ဖြစ်ခဲ့။
နောက်တစ်နေ့တွင်မူ   နန်းကိန္နရီသည် သူ့အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက် လာခဲ့လေသည်။
“ဦးမောင်မောင်ဦးကို ရှာလို့တွေ့ပြီ လား ဦးလေး” 
လူချင်းတွေ့မိသည်နှင့်တစ်ပြိုင်နက်   နန်းကိန္နရီမေးသည်။ ကိုကျော့မောင်က  ရှာတွေ့ခဲ့ပြီဖြစ်ကြောင်း ပြောပြရသည်။ မိမိနှယ်ပင်     နန်းကိန္နရီသည်လည်း   စိတ်အေးလက်အေး ဖြစ်သွားရသည်ဟု ထင်သည်။
“တူမ သူ့ဆီသွားချင်သလားဟင်” 
ကိုကျော့မောင် မေးသည်။
စင်စစ် ကိုကျော့မောင်သည် ကိုမောင် မောင်ဦးထံမှ မည်သည့်စကားမျှ မကြား ခဲ့ရ။ နန်းကိန္နရီနှင့်စပ်လျဉ်း၍ ကိုမောင် မောင်ဦး    တစ်လုံးတစ်ပါဒမျှ   မမေး။ ဘာမျှလည်းမပြော။    သို့ဖြစ်၍သာ သည်အမေးကို မေးဖြစ်ခဲ့ခြင်းဖြစ်သည်။
“အီရ့အနေနဲ့ သွားချင်ပါတယ် ဦးလေး ရယ်။ သူနဲ့ ဆုံချင်ပါတယ်။ စကားတွေ လည်း    အများကြီးပြောချင်ပါတယ်။ ဒါပေမဲ့ သူ အီရ့ကို လိုလိုလားလား မရှိဘူး။ ဦးလေးအမြင်ပဲလေ။ အီရ့ကို ဆေးရုံမှာတုန်းက    နှင်တောင်လွှတ်ခဲ့ သေးတာပဲမဟုတ်လား”
သည်တော့လည်း    ကိုကျော့မောင် ကိုယ်တိုင် တိတ်တဆိတ် သက်ပြင်းရှိုက် လိုက်မိလေသည်။
“သူ့အပြုအမူကို      ဦးလေးလည်း မကျေနပ်လှပါဘူး။ သူဘာဖြစ်နေတယ် ဆိုတာ ဦးလေးလည်း မတွေးတတ်နိုင် အောင်ပဲ။ တစ်ခုတော့ရှိတာပေါ့ကွယ်။ ခင်ခင်ကြီးကိုယ်တိုင်က တူမနဲ့ သူဆက် ဆံတာ မကြိုက်နိုင်အောင် ဖြစ်နေတယ် မဟုတ်လား။    သူနဲ့ပတ်သက်ပြီး တူမ နဲ့ခင်ခင်ကြီးတို့    ပြဿနာပေါ်လာမှာ စိုးလို့ပဲထင်ပါရဲ့”
“အရီ  အရီ  ဘာလုပ်ရမလဲဟင် ဦးလေး”
သည်အမေးကို ကိုကျော့မောင် မဖြေ တတ်ခဲ့။ ဖြစ်နိုင်မည်ဆိုလျှင်တော့ သည် အမေးကို နန်းကိန္နရီထံ ပြန်၍မေးလိုက် ချင်သည်။ 
“သူ အခု ဘယ်မှာလဲဟင်”
နန်းကိန္နရီ မေးပြန်သည်။
ထိုအခါ ကိုမောင်မောင်ဦးရှိနေသည့် အိမ်လိပ်စာကို ပြောရသည်။ သွားပုံသွား နည်း လမ်းညွှန်ရသည်။
“တစ်နေ့မဟုတ် တစ်နေ့တော့ အရီ သူ့ဆီသွားမှာ။     သူနဲ့သွားတွေ့မှာပါ။ သူက  ဘယ်လောက်ပဲ    မလိုလားနိုင် အောင်ရှိရှိ အရီတွေ့ဖြစ်အောင် သွားတွေ့ မှာပါ”
ထို့နောက်  နန်းကိန္နရီသည် ကိုကျော့ မောင်အား နှုတ်ဆက်သည်။ ကိုကျော့ မောင်၏အိမ်မှ ထွက်သည်။
ကိုကျော့မောင်သည် နန်းကိန္နရီအား ခြံတံခါးပေါက်ဝသို့   အရောက်လိုက်ပို့ သည်။  သူ၏ကားထွက်သွားသည်ကို စောင့်ကြည့်နေသည်။ သည်စဉ် ခပ်လှမ်း လှမ်းမှ မော်တော်ကားတစ်စီး နန်းကိန္နရီ ၏ကားနောက်မှ မောင်းနှင်လိုက်ပါသွား သည်ကို    တွေ့ရသည်။    ထိုအတွက် စိတ်မှာ     စနောင့်စနင်းရှိမိသည်တော့ အမှန်ပင်။  သို့ရာတွင် သူသည် စိတ် စနောင့်စနင်းဖြစ်ရသည်ဆိုခြင်းထက် ဘာတစ်ခုမျှ ပိုမိုအလေးအနက်မထားဘဲ အိမ်အတွင်း ပြန်ဝင်ခဲ့လေသည်။
နန်းကိန္နရီသည် ကားကို ပါရမီလမ်းမှ သည် ကမ္ဘာအေးစေတီလမ်းသို့ ချိုးကွေ့ မောင်းနှင်လာခဲ့သည်။      ကား၏အရှိန်မှာ နှေးကွေးသည်။     ဘီးလိမ့်ရုံကလေး မောင်းနှင်လာခြင်းဖြစ်သည်။    သူ၏ စိတ်သန္တာန်မှာလည်း လေးလံနေသည် ဟု ထင်သည်။ စိတ်မှာ မတင်မကျရှိရ လွန်းပါဘိတော့သည်။
မဝေးတော့သောနေရာတွင် ကိုမောင် မောင်ဦး ရောက်ရှိနေသော ရပ်ကွက်၊ ကိုမောင်မောင်ဦး တည်းခိုနေသောအိမ် ရှိသည်ကို သိသည်။ စိတ်က သည်နေရာ သို့ သွားချင်သလို မသွားချင်သလိုနှင့် သူနှင့်လည်း တွေ့ချင်သလို မတွေ့ချင် သလိုနှင့်။
သည်လိုနှင့်ပင်       နန်းကိန္နရီသည် ကမ္ဘာအေးရပ်ကွက်သို့ ရောက်လာလေ သည်။ ကိုမောင်မောင်ဦး ရှိနေပါသည် ဆိုသော လမ်းထိပ်သို့ ရောက်လာလေ သည်။ သည်နေရာတွင် နန်းကိန္နရီသည် ကားကို အလိုလိုထိုးရပ်မိလျက်သား ဖြစ်သွားသည်။
လမ်းမှာ ကားဝင်သာလောက်အောင် မကောင်း၊ နေရာတကာမှာပင် ရွှံ့ဗွက် များရှိနေသည်။
စိတ်မှာ ဝေနေသည်။   ထွေနေသည်။ တစ်စုံတစ်ခုကို   တိတိကျကျ   မိမိရရ မတွေးနိုင်။ မတွေးတတ်။ မိမိကိုယ်ကိုယ် အဘယ်သို့ ပြုမူနေမိသည်မသိ။ အိပ်မက် ထဲမှာ လမ်းလျှောက်နေမိသူတစ်ယောက် နှယ်ဖြစ်သည်။ အရာအားလုံးနှင့် ထိတွေ့ ရသည်မှာ အိပ်မက်ထဲမှာ ထိတွေ့ရပုံမျိုး ဖြစ်နေသည်။
ကားတံခါးဖွင့်လိုက်သည်။ ကားပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် လမ်းကို ဖြတ်ကူးလိုက်သည်။ အကယ်၍ သည်စဉ် ကသာ နန်းကိန္နရီသည် လမ်းဘေးဝဲယာ ကို    ဂရုတစိုက်ကြည့်မိမည်ဆိုလျှင် မလှမ်းမကမ်းရှိ  စိန်ပန်းပင်အောက်၌ ထိုးရပ်လာသည့် ကားတစ်စီးကို မြင်မိ မည် ` အမှန်ဖြစ်သည်။  ထိုကားပေါ်မှနေ ၍ သူ့အား အကဲခတ်စူးစိုက်ကြည့်နေ သောသူကို မြင်မိမည်ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။