ယမန်နေ့မှအဆက်

အပင်ပန်းဆုံး၊ အနွမ်းနယ်ဆုံး၊ အညှိုးချုံးဆုံး မျက်နှာတစ်မျက်နှာကို ပြပါဆိုလျှင် ခင်သန်းနွဲ့၏ မျက်နှာကို ပြရပေလိမ့်မည်။ အကြေကွဲဆုံး၊ အနာကြည်းဆုံး၊ ရင်အနင့်ဆုံး ခံစားနေရသူကို ပြပါ ဆိုလျှင် ခင်သန်းနွဲ့ကိုပင် ပြရပေလိမ့်မည်။

ခင်သန်းနွဲ့သည် အိမ်အတွင်း လှမ်းဝင်လာသည်။

သူ၏မျက်လုံးအိမ်တွင် မျက်ရည်ရစ်ဝဲနေခြင်း မရှိပါ။ ပါးပြင်၌ မျက်ရည်စတို့ကို မမြင်ရပါ။ သို့ပေမဲ့ သူ၏ရုပ်သွင်မှာ ငိုရှိုက်ခြင်းထက် ပိုမိုခံစားနေရသော အသွင်သဏ္ဌာန်ကို ဖော်ပြနေသည်။

ကိုမောင်မောင်ဦးက တစ်စုံတစ်ခု ဖြေရှင်းမည်ပြုသည်ကို ခင်သန်းနွဲ့ လှမ်း၍တားဆီးခဲ့သည်။ ဘာမျှပြောစေချင်ပုံမရ။ 

ခင်သန်းနွဲ့သည် နန်းကိန္နရီ၏အနီးတွင် လာရပ်သည်။ သမီးဖြစ်သူ၏ မျက်နှာကို မမှိတ်မသုန် ကြည့်လင့်သည်။ ဘာစကားမျှ ပြော၍ရနိုင်ပုံမပေါ်။ ဆို့ဆို့နင့်နင့် ရှိနေသည်။

နန်းကိန္နရီသည်လည်း ခင်သန်းနွဲ့ကို မော့ကြည့်နေသည်။ ရုတ်တရက်တွင် ခင်သန်းနွဲ့ကို ဘယ်သူ ဘယ်ဝါ သိနိုင်ပုံမရ။

“ကိုယ်၊ ကိုယ်ရှင်းပြမယ် ခင်သန်းနွဲ့”

ကိုမောင်မောင်ဦး ထိုင်ရာမှထရပ်မိရင်း ဆိုလိုက်သည်။ ခင်သန်းနွဲ့က ကိုမောင်မောင်ဦးအား လှမ်းကြည့်သည်။

“မလိုတော့ပါဘူး ကိုမောင်မောင်ဦး၊ ကျွန်မ ရောက်နေတာကြာပါပြီ။ 

အားလုံးသိပြီးပါပြီ။ အားလုံး ကြားပြီးပါပြီ”

ခင်သန်းနွဲ့၏အသံမှာ တိုးလျသည်။ လေသံမျှသာ ဖြစ်သည်။

ခင်သန်းနွဲ့သည် နန်းကိန္နရီထံ လှည့်လိုက်ပြန်သည်။ သူ့ကိုကြည့်ရသည်မှာ သမီးဖြစ်သူအား ထွေးပွေ့ချင်ပုံရသည်။ ထိကိုင်ချင်ပုံရသည်။ ယင်းသို့ ပြုမူရန် မဝံ့မရဲရှိမိဟန်ဖြင့် မချင့်မရဲဖြစ်နေသည်။

“သမီးရယ်၊ သမီးရယ်”

ခင်သန်းနွဲ့ထံမှ အသံပေါ်လာသည်။ အသံမှာ မချိတင်ကဲ နိုင်လှသည်။ 

လှိုက်လှိုက်လှဲလှဲ ရှိလှသည်။

ယခုတော့လည်း နန်းကိန္နရီသည် ခင်သန်းနွဲ့ အား ကိုမောင်မောင်ဦး ရည်ညွှန်းခဲ့သော မိမိ၏ မိခင်အဖြစ် နားလည်လာနိုင်ပုံရသည်။

နန်းကိန္နရီ၏မျက်နှာတွင် အပြောင်းအလွဲများစွာ ဖြစ်သွားသည်။ အံ့သြဟန်လည်း ပြသည်။ တုန်လှုပ် ဟန်လည်း ပြသည်။ နောက်တော့ ခွဲခြားဝေဖန်၍ မရနိုင်လောက်အောင် ဆန်းကြယ်သော အရိပ်အသွင် တို့သည်လည်း သူမ၏ မျက်နှာပြင်၌ ပေါ်ပေါက်နေလေသည်။

နန်းကိန္နရီ နှုတ်ဆိတ်နေသည်။ ခင်သန်းနွဲ့မှာမူ ပါးစပ်များ လှုပ်ရွနေသော်လည်း အသံထွက်မလာနိုင်။ နှုတ်ခမ်းများမှာ တဆတ်ဆတ်တုန်နေသည်။ မျက်နှာရှိ အကြောစိုင်မှန်သမျှ တလှုပ်လှုပ်တရွရွ ဖြစ်နေသည်။ ယခုအခါ သူ၏မျက်ဝန်း၌ မျက်ရည်ကို တွေ့ရပြီ။ အသံမထွက်ဘဲ မျက်ရည်တို့သာ ပိုးပိုး ပေါက်ပေါက် ကျရောက်လာသည်။

နန်းကိန္နရီ ထိုင်ရာမှ ဖြည်းညင်းစွာ ထရပ်လိုက်သည်။ သူ၏အကြည့်သည် ခင်သန်းနွဲ့၏ မျက်နှာတွင် စူးစိုက်ထားဆဲဖြစ်သည်။ မျက်တောင် မခတ်တမ်း စူးစူးဝါးဝါးကြီး ကြည့်နေခြင်းဖြစ်သည်။

ခင်သန်းနွဲ့က နန်းကိန္နရီ၏ပခုံးကို လှမ်းကိုင်လိုက်သည်။ နန်းကိန္နရီသည် အကိုင်မခံဘဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ သူ၏မျက်နှာ အနေအထားကို ကိုမောင်မောင်ဦး အကဲခတ်နိုင်စွမ်း ရှိလာခဲ့ပြီ။ စင်စစ် နန်းကိန္နရီသည် ခင်သန်းနွဲ့အား ရွံရှာစက်ဆုပ်သောအသွင်ဖြင့် ကြည့်နေခဲ့ခြင်းသာ တည်း။

နန်းကိန္နရီက အထိအကိုင်မခံသဖြင့် ခင်သန်းနွဲ့ ဝမ်းနည်းသွားပုံပေါ်သည်။

“သမီးရယ်၊ သမီးလေးရယ်” 

မချိတင်ကဲ ညည်းညူလိုက်သံ ပေါ်လာသည်။

“ကိုမောင်မောင်ဦးပြောတာ အမှန်ပါ။ အမေဟာ သမီးရဲ့ အမေပါ။ အမေ မထိန်းချုပ်နိုင်တော့ဘူး သမီးရဲ့။ ကိုယ့်သမီးကို ကိုယ့်မျက်စိအောက်မှာ ဒီအတိုင်းလှလှပပ ချမ်းချမ်းသာသာကြီး မြင်လိုက် ရတော့ အမေ မထိန်းနိုင်တော့ဘူး။ သမီးကို အမေ မွေးခဲ့တာပါ။ အမေ့ဝမ်းနဲ့လွယ်ပြီး မွေးခဲ့တာပါ”
ယခုတော့လည်း ခင်သန်းနွဲ့၏ရင်မှာ ပွင့်ခဲ့ရပြီ ထင်သည်။ အသည်းနှလုံးမှာ ခိုကပ်နေသော စကားသံတို့ လည်ချောင်းအတိုင်း တိုးထွက်လာနိုင်ခဲ့ပြီ ဖြစ်ဟန်တူသည်။ သူသည် ငိုရှိုက်နေရင်းမှပင် ပြုံးသည်။ မျက်ရည်စက်လက်ဖြင့် ပြုံးလိုက်ခြင်း ဖြစ်သည်။

“သမီးကို တွေ့ရတာ အမေဝမ်းသာတယ်။ ဒီဘဝမှာ သမီးနဲ့ အခုလိုပြန်ပြီး ဆုံရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ သမီးကို “သမီး” လို့ ခေါ်နိုင်ခွင့် ကြုံရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ အခုတော့ သမီးနဲ့တွေ့ရပြီ။ သမီးလို့ ခေါ်နိုင်ခဲ့ပြီ။ အမေ သေပျော်ပါပြီ။ အခုနေလည်း သေသွားရင်တောင်မှ အမေ့အသက်ကို အမေ မနှမြောတော့ဘူးသမီးရဲ့”

ခင်သန်းနွဲ့က စကားဆိုလျက် ရှိသည့်တိုင် နန်းကိန္နရီ စကားမဆို။ ခင်သန်းနွဲ့က လိုလိုချင်ချင် နှစ်နှစ်ကာကာကြီးပြောနေသည့်တိုင် နန်းကိန္နရီ၏ မျက်နှာထားမှာ ပြောင်းလွဲမသွား။

“သမီး စောစောကပြောခဲ့တဲ့စကားတွေ အမေကြားပါတယ်။ ဒါပေမဲ့ အမေလေ သမီးလေးအပေါ်မှာ ဆံခြည်ဆယ်စိတ်စိတ် တစ်စိတ်တောင် စိတ်မဆိုးဘူး။ မနာဘူး။ အမေဟာ ဘာပဲဖြစ်နေနေ၊ အမေဟာ အမေပါပဲ သမီးရယ်။ အမေ့မှာ သမီးကိုချစ်တဲ့စိတ် နှမ်းစေ့တစ်စေ့မှ မလျော့ခဲ့ပါဘူး။ အမေ့မှာလည်း တခြားမိန်းမတွေလို မိခင်စိတ်ဆိုတာ ရှိပါသေးတယ် သမီးရဲ့”

ကိုမောင်မောင်ဦးသည် သားအမိနှစ်ယောက်တို့၏ အဖြစ်ကို စိုက်ကြည့်နေသည်။ သူ့ရင်မှာ နာလာ မိ သည်လည်းအမှန်။ ဆို့နင့်လာမိသည်လည်းအမှန်ပင်။

စိတ်သန္တာန်တွင် ဖေဖေ့ကို သတိရသည်။ ဖေဖေ့ ကို မြင်ယောင်သည်။

ဖေဖေ၊ ဖေဖေ။

သည်ခေါ်သံသည် သူ့ရင်ထဲမှာ ဂယက်ထန်နေသည်။ ညံစီနေသည်။

ဝဋ်တုံ့ဝဋ်လှည့် ဟူသည် လောက၌ တကယ် ရှိတတ်သည်ဆိုခြင်းကို ဖေဖေ မယုံကြည်ခဲ့လေသလား။

ဝဋ်ကြွေးဟူသည် တစ်နေ့တွင် မလွဲမသွေ ပေးအပ်ရတတ်သည်ဆိုခြင်းကို ဖေဖေ မေ့လျော့ခဲ့လေ သလား။

မိမိနှင့် ခင်ခင်ကြီးကို ခွဲခဲ့သော ဖေဖေ။ 

သူတစ်ပါးချစ်ခြင်းကို ဖျက်ဆီးခဲ့သော ဖေဖေ။

သူတစ်ပါးကို သားတစ်ကွဲ၊ မယားတစ်ကွဲ၊ မိတစ် ကွဲ၊ ဖတစ်ကွဲ ဖြစ်စေခဲ့သော ဖေဖေ။

သူ့ဇနီးနှင့် သူ့သမီးတို့၏အဖြစ်ကို တမလွန်မှ မြင်စေချင်ပါဘိကော။ တွေ့စေချင်ပါဘိတော့။ အသက်ထင်ရှားရှိနေမည်ဆိုလျှင် သည်အဖြစ်ကို ခေါ်ယူပြသလိုက်စမ်းချင်ပါဘိတော့။

ယခုတော့ ဖေဖေ့ဝဋ်ကြွေးတွေကို အားလုံးက ပေးဆပ်နေကြရပါပြီ ဖေဖေရယ်။ အားလုံးက ပေးဆပ်နေကြရပါပြီ။

ကိုမောင်မောင်ဦးသည် စကားများစွာတို့ကို ရင်ထဲမှာ ပြောနေသည်။ အသံမထွက်ရစေဘဲ ရင်ထဲ မှာပင် ညည်းညူနေသည်။

“သမီး”

ခင်သန်းနွဲ့၏ ခေါ်သံကြောင့် မောင်မောင်ဦးရော နန်းကိန္နရီပါ ဆတ်ခနဲဖြစ်သွားကြသည်။

“သမီးရဲ့ဘဝကို အမေ မဖျက်ဆီးပါဘူး။ မနှောင့်ယှက်ပါဘူး။ ကိုယ်မပေးစွမ်းနိုင်တာတွေကို ကိုယ့် အစား သူတစ်ပါးက ပေးစွမ်းနိုင်တဲ့အတွက် ကျေးဇူးတင်ပါတယ်ကွယ်။ သမီး ဒီလိုဘဝမျိုးမှာ ရောက်နေ တာ အမေ အကျေနပ်ကြီး ကျေနပ်တယ်။ ဒါပေမဲ့ သမီးရယ်။ အမေ့ကို အမေဆိုတဲ့ အသိအမှတ်လောက် ကလေးတော့ ပြုပါ။ ငယ်ငယ်တုန်းက ခေါ်ခဲ့သလို “အမေ” လို့ တစ်ခွန်းလောက်တော့ ခေါ်ပါ။ ဒီတစ်ခု ကိုတော့ အမေ့အတွက် လုပ်ပေးပါလို့ အမေတောင်းပန်ပါတယ် သမီးလေးရယ်”

ခင်သန်းနွဲ့သည် နန်းကိန္နရီထံ တိုးလာသည်။ အလွန်အမင်း ဆန္ဒပြင်းပြဟန်ဖြင့် ဆိုသည်။ ခင်သန်းနွဲ့၏ တစ်ကိုယ်လုံးမှာ တဆတ်ဆတ်တုန်လျက် ရှိသည်။ အထူးသဖြင့် လက်ချောင်းကလေးများမှာ တုန်ခါနေသည်။

နန်းကိန္နရီအနေနှင့် သည်တစ်ခုကိုတော့ ဝန်မလေးသင့်ဟု ကိုမောင်မောင်ဦး ထင်သည်။ သည်စကားတစ်ခွန်းကိုတော့ ဆိုလိမ့်မည်ဟု မျှော်လင့်သည်။

သို့ရာတွင် နန်းကိန္နရီ သည်စကားကိုမဆို။ သူမ၏ မျက်နှာမှာ တင်းမာလာသည်ကိုသာ တွေ့ရသည်။ သူမသည် ခင်သန်းနွဲ့ကိုသာမက ကိုမောင်မောင်ဦး ကိုပါ စိမ်းစိမ်းကားကားကြီး စိုက်ကြည့်လိုက်သည်။

မျက်နှာအနေအထားနှင့်ပင် ခက်ထန်မာကျော သောအသံသည် နန်းကိန္နရီထံမှ ပေါ်ထွက်လာသည်။

“ရှင်တို့ ညာနေကြတာ”

နန်းကိန္နရီ၏အသံကြောင့် ခင်သန်းနွဲ့ရော မောင်မောင်ဦးပါ အံ့သြသွားသည်။

“ဟုတ်တယ်။ ရှင်တို့နှစ်ယောက်ပေါင်းပြီး ကျွန်မ ကို ညာနေတာ။ ရှင်တို့ ကလိမ်တွေ”

“မဟုတ်ဘူး နန်းကိန္နရီ” 

“မဟုတ်ရပါဘူး သမီးလေးရယ်”

“တော်စမ်းပါရှင်။ တော်ကြစမ်းပါ။ ရှင်တို့ပေါင်းပြီး ကျွန်မကို ရူးအောင်လုပ်နေကြတာ။ ကျွန်မကို သတ်နေကြတာ”

“ဒီမယ် ကိုယ်ပြောမယ် နန်းကိန္နရီ”

နန်းကိန္နရီသည် နားကိုလက်ဖြင့် တင်းတင်းပိတ် လိုက်သည်။

“တော်ကြပါတော့၊ တော်ကြပါတော့” 

တအားကုန် အော်ဟစ်ပစ်လိုက်သည်။ 

“တော်ကြပါတော့။ ကျွန်မဘာမှ မကြားပါရစေနဲ့ တော့။ ဘာမှ မသိပါရစေနဲ့တော့”

ပြောပြောဆိုဆိုမှာပင် နန်းကိန္နရီ နောက်သို့ ချာခနဲ လှည့်လိုက်သည်။ 

တံခါးပေါက်ဝသို့ ရုတ်တရက် ထွက်ပြေးသည်။

“သမီး၊ သမီး” 

“နန်းကိန္နရီ” 

နှစ်ယောက်စလုံး လှမ်းခေါ်ကြသေးသည်။

သို့ပေမဲ့ နန်းကိန္နရီ ဘာမျှမကြားနိုင်တော့သလို ရှိသည်။ ဘာမျှမမြင်နိုင်တော့သလို ရှိသည်။ သူမ သည် ဖိနပ်စီးဖို့ သတိမရ။ လှေကားကို တစ်ထစ်ချင်း နင်း၍ဆင်းရန် အမှတ်မရ။ ဒရောသောပါး ကြီးဆိုသလို အိမ်အောက်သို့ ဆင်းသွားသည်။ လမ်းအတိုင်း ထွက်ပြေးသွားသည်။

x x x x x

ဆက်လက်ဖော်ပြပါမည်။