မောင်သိန်းဆိုင်
ယမန်နေ့မှအဆက်
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ကား၏သံထည်ကို ဆွဲဆန့်၍ မရနိုင်ကောင်းမှန်းမသိ။ ဆွဲဆန့်နေမိ သည်။ ကုတ်ခြစ်နေမိသည်။
“မသေပါစေနဲ့၊ အရီမသေပါစေနဲ့”
သည်ဆုတောင်း ရင်ထဲမှာရိုက်ခတ်နေသည်။ သည်ဆန္ဒ ရင်ထဲမှာစောနေသည်။
လူတို့သည် နန်းကိန္နရီ၏ကိုယ်ကို တတ်နိုင်သမျှ ညင်ညင်သာသာ ထုတ်ယူကြသည်။ အချင်းချင်း အော်ဟစ်သတိပေးသံ ဆူညံနေသည်။
အဆုံးတွင် နန်းကိန္နရီ ကားထဲမှ ပြင်ပသို့ရောက် လာသည်။ ကူရှင်များကိုချခင်းပြီး အပေါ်မှာတင်ထား သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် နန်းကိန္နရီအပါးမှာ ထိုင်ချလိုက်သည်။
နန်းကိန္နရီ၏ကိုယ်မှာ မြင်ရက်စရာမရှိ။ ရှုရက် စရာမကောင်း။ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် အခြားဘာကိုမျှမမြင်။ သွေးခြင်းခြင်းနီသော သွေးတို့ကို သာမြင်နေသည်။ နေရာတကာမှာပင် အနီရောင်ရဲရဲတို့သာ ဖုံးလွှမ်းနေသည်ဟုထင်သည်။
“ဖြစ်မှဖြစ်ရလေ အရီရယ်”
နန်းကိန္နရီ၏ကိုယ်ကို နှမြောတသစွာ၊ ယုယ ဖြည်းညင်းစွာ ဖက်လိုက်သည်။ ပါးချင်းအပ်လိုက် မိသည်။
“ကလေးရယ်၊ အရီရယ်၊ သမီးလေးရယ်”
ယူကျုံးမရစွာ ခေါ်နေမိသည်။
သူ၏ခေါ်သံကို နန်းကိန္နရီမထူး၊ တုံ့မပြန်။ မလှုပ်မယှက်နှင့် ငြိမ်ငြိမ်သက်သက်ကြီး ရှိသည်။ သွေးတို့သည် ဒေါ်ရေနံ့သာခင်ခင်ကြီးထံ ကူးလူး စွတ်စိုလာကြသည်။ သူ၏မျက်ဝန်းမှ စီးကျ လာသောမျက်ရည်သည် ပါးပြင်အချင်းချင်း ကူးလူး စွတ်စိုကုန်သည်။ သွေးနှင့်ရောနှောကာ သွေးရောင် အဖြစ်သို့ ပြောင်းလွှဲသွားကြကုန်သည်။
အဘယ်မျှကြာခဲ့ပြီ မသိရ။
တစ်စုံတစ်ယောက်က ပခုံးကိုဆုပ်ကိုင်ကာ ဆွဲထူ လိုက်သည်။
“သူနာပြုကား ရောက်လာပြီ”
တစ်စုံတစ်ယောက်က ရဲစခန်းမှ တယ်လီဖုန်း ဆက်လိုက်ဟန်တူသည်။ သူနာပြုကား ဥဩသံပေး ရင်း ရောက်လာသည်။ သူနာပြုများသည် အရေး တကြီးဟန်ပန်ဖြင့် နန်းကိန္နရီထံ ရောက်လာကြ သည်။ သူနာပြုသယ်ကပ်ဖြင့် နန်းကိန္နရီကို ကားဆီ သို့ သယ်ယူသွားကြသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် သတိလစ်ဟင်း နေသူပမာ အရာအားလုံးကို စူးစိုက်ကြည့်နေသည်။ ဥဩသံတညံညံဖြင့် ထွက်ခွာသွားသော သူနာပြု ယာဉ်ကို မျက်စိတစ်ဆုံး ငေးမောကြည့်နေမိသည်။
လူတို့သည် တစ်စထက်တစ်စ ပိုမိုများပြားစပြု လာလေပြီ။ ၎င်းတို့သည် စုတ်သပ် ညည်းညူခြင်း လည်း ပြုကြသည်။ တစ်ဆင့်စကား တစ်ဆင့်နားဆို သလို အဖြစ်အပျက်နှင့် မျက်မြင်ကိုယ်တွေ့ မကြုံရ လေသူတို့အား ဖောက်သည်ချသူက ချသည်။ မေးမြန်းသံ၊ ပြန်လည်ဖြေကြားသံတို့ဖြင့် ညံစီ နေသည်။
သူနာပြုယာဉ် ပျောက်ကွယ်သွားသည့်တိုင် ဒေါ်ရေနံ့သာခင်ခင်ကြီး လမ်းကို ကြည့်နေမိဆဲဖြစ် သည်။ စင်စစ် အခြားဘာကိုမျှမမြင်ရ။ ဘာကိုမျှ မတွေ့ရ။ သွေးကိုသာလျှင် မြင်နေဆဲ။ သည်အထဲမှာ ပေါ်လာသည်က မောင်မောင်ဦး။ ဒင်း၏ ရုပ်သွင် သည် အားရကျေနပ်စွာ ပြုံးနေသည်ဟု ထင်ရသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး အံကိုတင်းတင်းကြိတ် လိုက်သည်။ အံကြိတ်လိုက်စဉ်တွင် အသားတစ်စ သည် သွားများအကြား ညပ်နေသည်။ အံကိုတင်း တင်းကြိတ်လိုက်သောအခါ အသားကိုကိုက်မိသည်။ သွားများကို လျှော့မပစ်မိ။ ပို၍တင်းအောင် ကိုက် လိုက်သည်၌ အသားစ ပြတ်ထွက်သွားသည်။
“လူတွေသိပ်များလာပြီ၊ ဒီနေရာကသွားကြပါစို့”
ဒရိုင်ဘာက ပြောသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး ကားဆီသို့ လျှောက်လာ သည်။ ကားအတွင်း ဝင်ထိုင်လိုက်သည်။
ဒရိုင်ဘာကမေးသည်။
“အိမ်ကိုပဲမောင်းတော့”
ဒေါ်ရေနံ့သာခင်ခင်ကြီး အသံပြတ်ဖြင့်ဖြေသည်။
များစွာကွာဝေးခြင်းမရှိလှသော ရေနံ့သာသို့ ရောက်လာကြသည်။ အိမ်သို့ရောက်ပြီဆိုသည်နှင့် တစ်ပြိုင်နက် ဒေါ်ရေနံ့သာခင်ခင်ကြီး အိမ်ပေါ်ထပ် သို့ တန်းတန်းမတ်မတ်တက်သွားသည်။ အိပ်ခန်း အတွင်းဝင်သွားသည်။
သွေးစွန်းနေသော အဝတ်အစားများကို ချွတ်လဲ ခြင်းမပြုဘဲ ခုတင်တွင် ခြေပစ်လက်ပစ် လဲလျောင်း နေသော သူ့ကို အိမ်ရှိအစေခံများ တွေ့ခဲ့ကြရသည်။ နောက်တော့ တံခါးပိတ်ထားလိုက်ကြောင်း မြင်ရ သည်။
အစေခံတို့ အချောက်ချောက်အချားချား ရှိနေကြ သည်။ တီးတိုးမေးမြန်းကြသည်။ ဒရိုင်ဘာလုပ်သူက အဖြစ်အပျက်အလုံးစုံကို ပြန်ပြောသည်။ အားလုံး လိုပင် ရင်သပ်ရှုမော အံ့ဩကြရသည်။ ဤသည်က လွဲ၍ ဘာမျှမပြောတတ်။ ဘာမျှလည်းမလုပ်တတ်။
အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားကြ သည်။ အမှောင်လွှမ်းစပြုလာပြီ။ မိုးချုပ်စပြုလာပြီ။
ယင်းအချိန်တွင် မိုးသည် တစ်နေ့လုံးလိုလို ကြည် ကြည်လင်လင်ရှိနေရာမှ အငြိုးတကြီးနှင့် ရွာလာ သည်။ မိုးဦးလေဦးအခါကာလနှင့်ပင် တူသေး တော့သည်။ လျှပ်စီးလင်းပြက်သည်။ မိုးချုပ်စပြု လာသည်။
မိုးသည် ဒေါ်ရေနံ့သာခင်ခင်ကြီးအား အတွေး အိပ်မက်မှ ရုတ်တရက်လှန့်နှိုးလိုက်သလိုဖြစ်သည်။ သူသည် မိုးရွာလာချိန်၌ လဲလျောင်းရာမှ ထလိုက် သည်။ တကယ်တမ်းတွင်မူ မိုးကို သူဂရုမစိုက်မိ။ မိုးသံလေသံကြားရသောကြောင့် ထလာခြင်း မဟုတ်။
သူသည် အတွေးအိပ်မက်မှ လန့်နိုးလာသည်။ တစ်စုံတစ်ခုသောအတွေးကို ကြာမြင့်စွာကတည်းက တွေးနေခဲ့သည်။ စောစောပိုင်းကတော့ အတွေး၌ ချာလည်လည်နေသည်။ ဆုံးဖြတ်ချက်တစ်ရပ်ကို ပိုင်ပိုင်မချနိုင်ခဲ့။ စိတ်ကို စုစည်း၍မရနိုင်ခဲ့။ စိတ် သည် ကစဉ့်ကလျားရှိနေခဲ့သည်။
အာရုံတွင် သွေးစိမ်းရှင်ရှင်တို့ ထင်ဟပ်နေသည်။ နန်းကိန္နရီ၏ ပစ်စလက်ခတ်ကြီး ဖြစ်နေသော အဖြစ်။ သွေးစွန်းသောကိုယ်၊ ပြီး ဒင်း၏မျက်နှာ။ ပြုံးနေသောမျက်နှာ။ ကျေနပ်ဝမ်းသာနေသော မျက်နှာ။
နားတွင် နန်းကိန္နရီပြောခဲ့သည့် တစ်ခွန်းတည်း သောစကားကို ပဲ့တင်သံသဖွယ် ဆက်တိုက်ကြား ယောင်နေသည်။
“အရီ၊ အရီဟာ မေမေ့သမီးအစစ်မဟုတ်ဘူးတဲ့”
သည်စကားကြောင့် ရင်မှာ ခံပြင်းရသည်။ နာကြည်းရသည်။
ကိုမောင်မောင်ဦးသည် နန်းကိန္နရီအား တစ်နည်း တစ်ဖုံအသုံးချချင်သည်ဟု ထင်သည်။ ယခင်အခါ ကလို မိမိထံမှ ငွေညှစ်လို၍ပဲလား၊ သို့တည်းမဟုတ် မိမိထံမှ နန်းကိန္နရီအား ခွဲထုတ်ကာ သူ့ထံရောက် ခေါ်ယူချင်၍ သည်စကားဆိုခဲ့လေသလား။
မိမိနှင့် ကိုမောင်မောင်ဦးတို့၏ သံသရာမှာ မဆုံးသေးပါကလား။ သည်နည်းဖြင့် အဆုံးသတ် နိုင်တော့မည်မဟုတ်ပါကလား ထင်သည်။
သူနှင့် ကြုံဆုံရစက မိမိအသည်းနှလုံးတို့ ကြွေပြုန်းခဲ့ရသည်။ သမီးဖြစ်သူနှင့်ပတ်သက်ကာ အသည်းနှလုံးတို့ ကြေမွခဲ့ရသည်။ ဘဝတစ် လျှောက်လုံးတွင် အသက်ရှင်လျက် သေဆုံးခဲ့ရ သည်။ နှစ်ပေါင်းမြောက်မြားစွာ မိမိရင်မှာ ခြောက် သွေ့ခဲ့ရသည်။
နန်းကိန္နရီသည် မိမိ၏ဘဝအတွက် ရေကြည် တစ်ပေါက်ဖြစ်ခဲ့သည်။ ညှိုးခြောက်နွမ်းနယ်သော နှလုံးသားကို ပြန်လည်လန်းဆန်းစေခဲ့သည်။ ဘဝ ကို ပြန်လည်ရှင်သန်စေခဲ့သည်။ မကွဲမအက်ဘဲ ကျန်ရစ်ခဲ့သည့် အသည်းတစ်ဖဲ့သဖွယ် မြတ်နိုး တွယ်တာခဲ့သည်။
ယခုမူ သူသည် သည်တစ်ဖဲ့ကိုပင် ခြေမွပစ်ခဲ့ပြန် လေပြီ။ ဘဝကို သုသာန်တစ်စပြင်ပမာ တိတ်ဆိတ် စေခဲ့ပြန်ပြီ။ အသက်ရှင်လျက် သေရသည့်ဘဝသို့ ပြန်လည်ကျရောက်စေခဲ့ပြန်ပြီထင်သည်။
သည်တော့လည်း သည်လူနှင့် စာရင်းအပြတ် ရှင်းမှ ဖြစ်ရပေတော့မည်၊ ကျားနှင့်ဆင် လယ်ပြင်မှာ တွေ့ကြသည် ဆိုသည့်စကားကို ပြတ်ပြတ်သားသား ရင်ဆိုင်မှဖြစ်တော့မည်ထင်သည်။
မည်သည့်နည်းနှင့်မဆို နန်းကိန္နရီအတွက်လည်း လက်စားချေရတော့မည်။ သည်ကလေးသည် ဘာမဆိုင် ညာမဆိုင် ကြားက ဓားစာဝင်ခံလိုက်ရ သည်ဟု မှတ်ယူမိသည်။
သို့နှယ်ဖြင့် ...
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် အဝတ်ဗီရိုအံဆွဲ ဆီသို့ လျှောက်လာသည်။ အဝတ်ခေါက်များအောက် မှ သေနတ်ကို ထုတ်ယူလိုက်သည်။ သေနတ်မှ ကျည်ဆန်ကပ်ကို စစ်ဆေးကြည့်သည်။ ကျည်ဆန် အပြည့်ရှိနေကြောင်း တွေ့ရသည်။
လက်ပွေ့အိတ်တစ်လုံး ယူလိုက်သည်။ သေနတ် ကို လက်ပွေ့အိတ်အတွင်း ထည့်လိုက်သည်။
ထို့နောက် ဒေါ်ရေနံ့သာခင်ခင်ကြီးသည် တင်းမာ ခက်ထန်သော မျက်နှာထား၊ ခိုင်ခံ့မြဲမြံသော ခြေလှမ်းများဖြင့် လှေကားအတိုင်း တစ်လှမ်းချင်း ဆင်းလာခဲ့လေသည်။
x x x x x
[ ၇ ]
အကျည်းတန်သော ည။
မိုးသည် အုန်းအင်းသရော ရွာလျက်ရှိသည်။ လေက မိုးကို အားပေးအားမြှောက်ပြုသလို တိုက်ခတ်နေသည်။ လောကအားလုံး မိုးသံလေသံ တို့ဖြင့်သာ ဖုံးလွှမ်းဆူညံနေသည်ဟု ထင်ရသည်။
မိုးစက်မိုးပေါက်တို့သည် ကြီးမားကြသည်။ စိပ် သည်။ မော်တော်ကားရှေ့မှန်မှ ရေသုတ်တံကလေး များသည်ပင် နိုင်အောင်သုတ်မပစ်နိုင်ဘဲရှိသည်။ ထို့ကြောင့်လည်း မော်တော်ကား၏အရှေ့မှ လေးငါး ဆယ်ကိုက်ထက်ကျော်အောင် မမြင်သာနိုင်ဘဲရှိ သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ကားကို ဂရုတစိုက် မောင်းနှင်လာသည်။ သူအထီးတည်းဖြစ်သည်။
လောလောဆယ်တွင် ဘာမျှမဖြစ်ချင်။ ကား မှောက်ခြင်း၊ ကားတိုက်ခြင်းမျိုး မပေါ်ပေါက်စေချင် သေး။ စာရင်းမပြတ်သေးခင် အခြားဒုက္ခများနှင့် မဆုံချင်ပါ။ ပြီးလျှင်တော့ ဘာပဲဖြစ်ဖြစ်ပေါ့။
ကားသည် ကမ္ဘာအေးရပ်ကွက်သို့ ရောက်လာ သည်။ စောစောကရောက်ခဲ့ဖူးသောလမ်းထိပ်၌ ရပ်လိုက်သည်။
ဆက်လက်ဖော်ပြပါမည်။