မောင်သိန်းဆိုင်


ယမန်နေ့မှအဆက်
[ ၄ ]
နွယ်နွယ်ထွန်းတို့သည် ချောက်မှသည် ပုဂံ၊  ညောင်ဦးသို့   ကူးသည်။ ဘုရားစုံ လည်ဖူးသည်။     ဦးခင်မောင်ညွန့်က အလုပ်ကိစ္စများအတွက် ရေနံချောင်းသို့ လှည့်ပြန်သွားသည်။  ဒေါ်ဝင်းရီသည် နွယ်နွယ်ထွန်းနှင့်အတူ ပါလာလေသည်။
ကျောက်ပန်းတောင်းသို့ ရောက်သော အခါ နွယ်နွယ်ထွန်းအား မွေးဖွားခဲ့သော အိမ်နေရာကို ပြကြသည်။ ဗိုလ်မှူးညိုထွန်း ၏ အစ်မဖြစ်သော ဒေါ်သိန်းနုနှင့် ၎င်း၏ ခင်ပွန်း    ဦးဖိုးစံတို့ကား     ကွယ်လွန်ခဲ့လေ ပြီ။
ဦးဖိုးစံတို့ အိမ်နေရာတွင် တိုက်တစ် လုံး   တည်ထားသည်။   မကွယ်လွန်မီ ကတည်းက သူဌေးတစ်ဦးအား ရောင်းချ ခဲ့သည်ဟု သိရသည်။
ကျောက်ပန်းတောင်းမြို့၏   အခြေ အနေမှာလည်း ယခင်ကနှင့် မတူတော့။ ပုပ္ပားတောင်မှ စမ်းကျရေကို ပိုက်ဖြင့် သွယ်တန်းနိုင်ခဲ့ပြီးသည့်နောက်ပိုင်းတွင်  ကျောက်ပန်းတောင်း၌  ရေရှားလွန်း၍ ရေအစား ထန်းရည်ချိုသာပေးရခြင်းမျိုး မပေါ်ပေါက်ခဲ့လေတော့။   ရေပေါလာ သည်နှင့်အမျှ ယခုအခါ စပျစ်၊ ငှက်ပျော စသောအပင်တို့သည်ပင်  စိုက်ပျိုး၍ရလာ ပြီ။ စိမ်းစိမ်းစိုစို ရှိနေပြီ။ ကျောက်ပန်း တောင်းသည်  သာယာစည်ကားနေသည် အမှန်ပင်။ ကြက်မောက်တောင်ဆည်ကကျောက်ပန်းတောင်းကို သာယာအောင် ဖန်တီးပေးခဲ့သည်ဟု ဆိုရမလိုဖြစ်သည်။
ပုဂံညောင်ဦးမှ တစ်ဖန် မန္တလေးသို့ ခရီးဆက်ကြသည်။   ဤသည်လည်း ဗိုလ်မှူးညိုထွန်းနှင့် တွေ့လိုသောကြောင့် ပင်ဖြစ်သည်။  ဗိုလ်မှူးညိုထွန်းက အညာ သို့အလာတွင်     သူ့ထံသို့ပါ  ဝင်ရန် အကြောင်းကြား  ခဲ့သောကြောင့်ပင် ဖြစ်သည်။ 
နွယ်နွယ်ထွန်းသည် မန္တလေးမြို့ကို ဟုတ်တိပတ်တိ  မလည်ဖူးခဲ့။ ရောက် တော့ရောက်ဖူးသည်။ မန်းရာပြည့်တုန်း က ဖြစ်သည်။ ခဏတစ်ဖြုတ်သာ နေနိုင် ခဲ့သည်။ မန္တလေးထက် မေမြို့ကို အလေး ပေး၍ လည်ပတ်ခဲ့ရသည်။ ယခုမူ ခုနစ် ရက်တာမျှ နားနားနေနေနှင့် နှံ့နှံ့စပ်စပ် လည်ပတ်ခွင့်ရသည်။ ယခင်တစ်ပတ်က မန္တလေး၊  မဟာမြတ်မုနိလောက်ပဲဖြစ် သည်။  ယခုမူ    တောင်သမန်အင်း၊ ဆည်တော်ကြီး ဆည်တော်လေးမှအစ စစ်ကိုင်းတောင်၊ မိုးညှင်းသမ္ဗုဒ္ဓေ အစုံနှံ့ခဲ့ သည်။
သို့တိုင်အောင် အစုံစုံသော အံ့ဩဖွယ် များသည်လည်းကောင်း၊ အထူးထူးသော ဆန်းကြယ်မှုများသည်  လည်းကောင်း နွယ်နွယ်ထွန်း၏စိတ်အာရုံကို အကြောင်း အရာတစ်ရပ်လောက် ယူကျုံးဆွဲဆောင် နိုင်ခြင်း မရှိခဲ့ချေ။
ယင်းအကြောင်းအရာကို အစပျိုးခဲ့သူ မှာ  စင်စစ်  မိမိကိုယ်တိုင်သာလျှင် ဖြစ် သည်ဟု နွယ်နွယ်ထွန်း ထင်သည်။
တစ်နေ့တွင် ဖြစ်သည်။ အဝတ်အစား လဲလှယ်  ဝတ်ဆင်နေသော    ဗိုလ်မှူး ညိုထွန်းအား နွယ်နွယ်ထွန်း မေးမိသည်။
“ဦးလေးထွန်း ဘယ်လဲဟင်” 
“ဂေါက်ကွင်းကို”
“ဒီကနေ့ ဘယ်မှသွားဖို့အစီအစဉ်မရှိ ဘူးထင်တယ်။ အဲလစ်လည်း လိုက်ခဲ့ချင် တယ်”
“ကောင်းသားပဲ၊ ဒီနေ့ တောနမင့်ရှိ တယ်။ ကြည့်ရအောင် လိုက်ခဲ့ပေါ့”
သို့ဖြင့် နွယ်နွယ်ထွန်းလည်း  ဆတ် ဆော့ကာ  ဂေါက်ကွင်းသို့  လိုက်လာပါ လာခဲ့သည်။
ထိုနေ့က    ပြိုင်ပွဲတစ်ခု  ရှိသည်။ ထို့ကြောင့်  ဂေါက်သီးရိုက် ဝါသနာအိုး များ စုံစုံညီညီ ရှိနေကြသည်။ ဗိုလ်မှူး ညိုထွန်းသည် ပြိုင်ပွဲ၌မပါဝင်။ အကြည့် သမားသက်သက် ဖြစ်သည်။ သို့ဖြစ်၍ နွယ်နွယ်ထွန်းသည်      အထီးတည်း ပျင်းမနေရ။
နွယ်နွယ်ထွန်းသည် ဗိုလ်မှူးညိုထွန်း ကို  အစပိုင်းက  များစွာ ခင်မင်မိခြင်း မရှိချေ။  အသက်အရွယ်  ကွာခြားမှု ကြောင့်လည်းကောင်း၊ သွေးသားတော် စပ်ခြင်းမရှိ၍လည်းကောင်း ခပ်စိမ်းစိမ်း၊ ခပ်တန်းတန်းပင် ဆက်ဆံခဲ့သည်။ သို့ရာ တွင်   ဗိုလ်မှူးညိုထွန်း၏   လူကြီး လူကောင်း ပီသမှု၊ အေးဆေးတည်ငြိမ်မှု တို့ကို နှစ်ခြိုက်ခဲ့သည်။ သူ၏ဘဝတစ် လျှောက် လုပ်ဆောင်မှုများကို ကြားလာ ရကာ လေးစားခဲ့ရသည်။ တစ်ဖန် စင်စစ် သူသည်  မိမိနှင့်တကွ  မိခင်၏အသက် သခင်  ကျေးဇူးရှင်အဖြစ်  နားလည်လာ ရကာ သူ၏ကျေးဇူးတရားကို အောက်မေ့ လာခဲ့သည်။ အဓိက ခင်မင်လာခြင်းကမူ ဗိုလ်မှူးညိုထွန်းကိုယ်တိုင်   သူ့အပေါ် သွေးသားရင်းချာနှင့်မခြား  သံယောဇဉ် ကြီးမားစွာ   ခင်မင်နေကြောင်း   တွေ့ရ သောကြောင့် ဖြစ်သည်။
ဗိုလ်မှူးညိုထွန်းအား   တစ်စထက် တစ်စ အနီးကပ်၍ ပေါင်းလာမိသည်။ သည်လိုနှင့် ရင်းရင်းနှီးနှီး ရှိလာခဲ့ရသည်။ နန်းကိန္နရီခေါ်သလို   “ဦးလေးထွန်း” ဟုပင် ခေါ်မိသည်။ ဦးခင်မောင်ညွန့်နှင့် တန်းတူရည်တူ ချစ်ခင်လာခဲ့ရသည်။
ဂေါက်ကွင်းသို့ရောက်ပြီး များမကြာမီ မှာပင် လူအများကြားမှ မျက်စိတစ်စုံ၏ အကြည့်သည် မိမိထံ မကြာခဏရောက်ရှိ လာသည်ဟု နွယ်နွယ်ထွန်း ထင်သည်။ အကြည့်မှာ စူးစူးစိုက်စိုက်နိုင်လွန်းလှသောကြောင့်  အနေရခက်သလို  ရှိမိ သည်။ မိမိအား ဂရုတစိုက်ကြည့်နေသည် ကို သိရသောအခါ မိမိကိုယ်၌ကလည်း သူ့ကို ပြန်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
ပြိုင်ပွဲပြီးဆုံးသွား၍   နေနေနားနား ရှိနေကြသောအခါ ထိုသူသည် နွယ်နွယ် ထွန်းတို့အပါးသို့ ချဉ်းကပ်လာကြောင်း တွေ့ရှိရလေသည်။
ဦးစွာ ဗိုလ်မှူးညိုထွန်းကို နှုတ်ဆက် သည်။ တစ်ဆက်တည်းမှာပင် နွယ်နွယ် ထွန်းကို ညွှန်ပြကာ “ဗိုလ်မှူး၊ သူက” ဟု စကားဆိုသည်။
“သူက   နွယ်နွယ်ထွန်းပါ။ ကျောင်း နာမည်  အဲလစ်။ ကျွန်တော်တို့ကတော့ အဲလစ်လို့ နှုတ်ကျိုးနေပြီ။ ဦးဘမောင် ကို အဲလစ်အကြောင်း  ပြောမပြရသေး ဘူး”    ဗိုလ်မှူးညိုထွန်းက   ဆိုသည်။ နွယ်နွယ်ထွန်းဘက်သို့     လှည့်၍ မိတ်ဆက်ပေးသည်။ “အဲလစ်ရေ။ ဒါ ဦးဘမောင်။     ဂျော့ ဘမောင်ပေါ့။ ဦးဘမောင်ကိုလည်း အဲလစ်အကြောင်း ပြောပြရဦးမယ်”
ထို့နောက် နွယ်နွယ်ထွန်းအား “ခဏ နေဦးနော်” ဟုဆိုကာ ထားရစ်ခဲ့ပြီး အမျိုးသားနှစ်ယောက် ခပ်လှမ်းလှမ်းသို့လျှောက်သွားကြသည်။ ထိုနေရာတွင် ကြာမြင့်စွာ  စကားပြောနေကြသည်။ မိမိအကြောင်းပြောမည်ထင်ကာ နွယ် နွယ်ထွန်းမှာ  မလုံမလဲ  ဖြစ်နေမိသည်။
အမှန်တွင်     ဂျော့ဘမောင်သည် စောစောပိုင်းက    နွယ်နွယ်ထွန်းကို နန်းကိန္နရီအဖြစ်နှင့် ကြည့်နေမိခဲ့ခြင်း ဖြစ်သည်။ မည်သူမည်ဝါဟု သဲကွဲသည် မဟုတ်စေကာမူ   သည်မျက်နှာအနေ အထားမျိုးကို  မြင်ဖူးသည်အထင်နှင့် ကြည့်နေမိခဲ့ခြင်း ဖြစ်သည်။ ဗိုလ်မှူး ညိုထွန်းနှင့်အတူ    ပါလာသည်ဖြစ်၍ နန်းကိန္နရီဖြစ်နိုင်သည်ဟု ယူဆမိခဲ့လေ သည်။ ဗိုလ်မှူးညိုထွန်း၏ စကားများ ကြောင့်   နွယ်နွယ်ထွန်းဖြစ်ကြောင်း၊ ဒေါ်ရေနံ့သာခင်ခင်ကြီး၏   သမီးဖြစ် ကြောင်းတို့ကို သိရှိလာရသည်။  နန်းကိန္နရီ ၏အကြောင်းကိုလည်း ထိုအခါကျမှ ရေရေလည်လည် သိရှိရလေသည်။
“ဗိုလ်မှူးတို့တွေ့ဖူးတဲ့    ကျွန်တော့် အဒေါ်တွေတော့ အားလုံးဆုံးကုန်ကြပြီ။ ဒေါ်မူယာ၊  ဒေါ်သူဇာဆိုတဲ့  အသက် ခြောက်ဆယ်ကျော် အပျိုကြီးတွေလေ”
ဂျော့ဘမောင်က ဆိုသည်။ ဗိုလ်မှူး ညိုထွန်းသည် စကားစပ်မိသည်ဖြစ်၍ မေးရသည်။
“ဒါထက် နန်းကိန္နရီရဲ့ မိထွေးတစ် ယောက်ကော”
“မအေးမြလား။ သူက နောက်အိမ် ထောင်  ပြုလိုက်တယ်လို့   ကြားတယ်။ ဦးနန္ဒိယလည်း မနှစ်ကပဲ ပျံလွန်တော်မူ တယ်”
“အင်း၊ ဒီအကြောင်းတွေ နန်းကိန္နရီ ကြားဦးမယ် မထင်ဘူး”
ဗိုလ်မှူးညိုထွန်းနှင့် ဂျော့ဘမောင်တို့ နွယ်နွယ်ထွန်းအပါးသို့ ပြန်ရောက်လာ ကြသည်။ ဂျော့ဘမောင်က နွယ်နွယ် ထွန်းကိုကြည့်ကာ ခေါင်းတဆတ်ဆတ် ညိတ်သည်။
“ကျွန်တော်တော့ အခုလိုအခါမျိုးမှာ မောင်မောင်ဦးကို အသက်ထင်ရှား ရှိစေ ချင်လိုက်တာဗျာ” သူက ညည်း ညူသလို ဆိုသည်။   တစ်ဆက်တည်းမှာပင် “ကိုယ်ဟာ ညည်းဖေဖေရဲ့ အရင်းနှီးဆုံး မိတ်ဆွေပဲ။  အချစ်ဆုံး   သူငယ်ချင်းပဲ။ ငယ်ငယ်ကတည်းက ကျောင်းမှာ အတူတူ နေခဲ့ကြတယ်။ ပြီးတော့လည်း တွဲမြဲတွဲ နေတာပဲ။ အေးလေ သူဆုံးတော့မှပဲ ကွဲခဲ့ ရတယ်ဆိုပါတော့။  သူနဲ့ပတ်သက်လို့ အိမ်မှာ  အခုထိ  ပြောလို့မပြီးနိုင်တာ တစ်ခုရှိသေးတယ်”  သူသည် ဗိုလ်မှူး ညိုထွန်းဘက်သို့ လှည့်သည်။ “ကျွန်တော့် သမီး အလတ်ရှိတယ်။ ပူစူးမလို့ ခေါ်ကြ တယ်။   မောင်မောင်ဦး   ကျွန်တော်တို့ အိမ်ကထွက်သွားတာ သူ့ကြောင့်လို့ အခု ထိ စိတ်ထဲမှာ စွဲမြဲနေတုန်းရှိသေးတယ်။ သူက မောင်မောင်ဦးကို သိပ်ခင်တာ ကလား။ မောင်မောင်ဦးကလည်း ချစ်ရှာ ပါတယ်။ တစ်နေ့  စကားပြောရင်းကနေ  မောင်မောင်ဦး  စိတ်ထိခိုက်အောင်ပြော မိလို့ အိမ်ကထွက်သွားတာလို့ ယုံကြည် နေတယ်။ အဲဒါကတော့  မောင်မောင်ဦး ကို  သူ့သမီးအကြောင်း သွားစမိတာပဲ”
နွယ်နွယ်ထွန်းသည် ဂျော့ဘမောင်၏ စကားများကို     စိတ်ဝင်စားမိသလို မျက်တောင်မခတ်တမ်း စူးစိုက်နားထောင် နေသည်။     မျက်ဝန်းကလေးများမှာ တောက်ပလာကြသည်။
ဂျော့ဘမောင်က စကားဆက်သည်။ 
“ကျွန်တော်တို့က ဒီကောင့်ကို ကြက်များ လို ချေးကျရာ ပျော်တတ်တယ်။ ဘာခံစား မှုမှမရှိဘူးလို့ ထင်ထားတာ။ ဒီတစ်ကြိမ် မှာတော့ မှားသွားခဲ့တယ်။ အမှန်က သူ့မှာ သံယောဇဉ်လည်း ရှိတယ်။ ခင်ခင်ကြီးနဲ့ ပတ်သက်လို့လည်း   အစွဲအလမ်းကြီး တယ်။   ဒါပေမဲ့   တစ်ယောက်အပေါ်      တစ်ယောက်   နားမလည်မှုတွေကြောင့် အခုလိုဖြစ်ရတာပါ။    ဘာပဲပြောပြော၊ သူ့သမီးကို    မြင်ရတယ်ဆိုတော့လည်း ဒီကောင်ကြီးကို အမှတ်ရလိုက်တာဗျာ”
သည်စကားများကို ကြားရသောအခါ နွယ်နွယ်ထွန်း၏ရင်ထဲမှာ လှိုက်လှဲလာ သည်။  ကြေကွဲဆို့နင့်သလို   ရှိလာမိ သည်။             ဆက်လက်ဖော်ပြပါမည်။