မောင်သိန်းဆိုင်

ယမန်နေ့မှအဆက်

ဗိုလ်မှူးညိုထွန်းက စဉ်းစားသလိုလုပ် နေရင်းက ဆိုလိုက်သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် မည်သည့် နေရာကမှန်းမသိဘဲ ပျံ့လွင့်လာသော ရနံ့တစ်မျိုးကို ရှူရှိုက်မိသည်။ ပန်းရနံ့ ဖြစ်သည်။ ရနံ့ကိုရှူရှိုက်ရင်းမှ စကား ဆက်သည်။
“ပြန်တွေးလိုက်ရင်တော့ ခဏကလေး လိုပဲ၊ ဘာမှမကြာလိုက်သလိုပဲ။ မျက်စိ တစ်မှိတ် လျှပ်တစ်ပြက်လောက်တင်ကြာ ခဲ့သလိုပဲ”
ဒါကတော့ အပြောင်းအလွဲများတဲ့လူ တွေအဖို့  ဖြစ်ပါလိမ့်မယ်။ အစ်ကိုထွန်းလို အပြောင်းအလွဲနည်းပါးတဲ့ လူအဖို့မှာ တော့ ပြန်တွေးလိုက်လေတိုင်း အတိတ် ဆိုတာ သိပ်ရှည်ဝေးနေသလိုပဲ ညီမ။ အကြာကြီးလိုပဲ။ ညီမရဲ့ဘဝက ရေစီး ရှိတယ်။ လှိုင်းတံပိုးထန့်တယ်။ အပြောင်း အလွဲတွေက မြန်ဆန်တယ်”
“ဒါပေ့မဲ့ အစ်ကိုထွန်းဟာလည်း အများကြီးပြောင်းလွဲခဲ့တဲ့  လူတစ် ယောက်ပါ”
“ဒါကို လက်ခံပါတယ်။ ပြောင်းလွဲ မှုတော့ ရှိခဲ့ပါတယ်။ နေ့စားတွင်းတူး အလုပ်သမား၊ သပိတ်တပ်သား၊ တော်လှန် ရေးသမား၊ စစ်သား။ အဲဒီလို အပြောင်း အလွဲတွေတော့ ရှိခဲ့တယ်။ ဘဝမှာ အတက်ကြွဆုံးအပိုင်းတွေ ရှိခဲ့တယ်။ အဲဒါကတော့ သပိတ်တပ်သားဘဝနဲ့ တော်လှန်ရေးသမားဘဝတွေပဲ။ စိတ် အလှုပ်ရှားဆုံးနဲ့ အတက်ကြွဆုံးအပိုင်း တွေပဲ။  ဒီအပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ခဲ့တယ်။ အားရခဲ့တယ်။ ဒါတွေ ကလွဲရင်တော့ ဘဝရေစီးဟာ နှေးတယ်။ အပြောင်းအလွဲနည်းတယ်လို့ ဆိုနိုင် တယ်”
ဒေါ်ရေနံ့သာခင်ခင်ကြီးက ဗိုလ်မှူး ညိုထွန်းကို ပြုံး၍ကြည့်လိုက်သည်။
“အစ်ကိုထွန်းက တခြား ဘယ်လို ပြောင်းလွဲမှုမျိုးကို မျှော်လင့်ခဲ့သေးလို့လဲ ဟင်” 
“မျှော်လင့်မှုဆိုတာတော့ အများကြီးရှိ တာပေါ့။ ဆိုပါတော့ညီမ။ နေ့စားတွင်း တူးအလုပ်သမားကနေ  ဗိုလ်မှူးဖြစ်လာ တဲ့ပြောင်းလွဲပုံမျိုးက ပုဂ္ဂလိကမဆန်ဘူး။ ကိုယ့်အတွက်  သက်သက်ဖြစ်မှဖြစ် ရပါစေတော့ဆိုတဲ့ သဘောမပါဘူး။ ဘဝ ကို တိုင်းပြည်အတွက်ပုံအပ်ပြီး တာဝန် တစ်ရပ်အနေနဲ့  ထမ်းဆောင်ရာက        တိုင်းပြည်ရဲ့အခြေအနေပေါ်မှာ မူတည် ပြီး ပြောင်းလွဲရတာမျိုး။ အခု အစ်ကိုထွန်း ဆိုလိုတာ  ပုဂ္ဂလိကခံစားမှုအနေနဲ့ အပြောင်းအလွဲနည်းပါးတဲ့သဘောကို ပြောတာ။   ဒီအပိုင်းမှာတော့ ညီမတို့ဟာ အစ်ကိုထွန်းထက်  ကံကောင်းတယ်လို့ ဆိုရမလိုပဲ”
“အစ်ကိုထွန်း   ဘာကိုဆိုလိုတာလဲ ဟင်”
“အစ်ကိုထွန်းဟာ  ကိုယ့်ရဲ့ ပုဂ္ဂလိက အရေးကိုဘေးချိတ်ပြီး    သူတစ်ပါးရဲ့ အရေးအခင်းကို    ပွဲကြည့်ပရိသတ်လို စောင့်ကြည့်ဖို့လောက်သာ ကံကြမ္မာပါတဲ့ လူတစ်ယောက်ပါ  ညီမ။  တွေးကြည့်ရင် ညီမတို့နဲ့   အစ်ကိုထွန်းဟာ   ဘဝချင်း ဆက်နွှယ်နေတယ်လို့  ပြောလို့ရတယ်။ နီးစပ်ထိတွေ့မှုရှိတယ်။ ဒါပေမဲ့ ဇာတ်တစ် ဇာတ်လုံးမှာ ကိုယ်ကိုယ်တိုင် ပါဝင်ကပြ  ခဲ့ရတဲ့ အခန်းကဏ္ဍမရှိခဲ့ဘူး။ ကိုယ်က ပွဲကြည့်ပရိသတ်သက်သက်ပဲ၊ သူတစ်ပါး တွေပြော၊ ဆို၊ ငို၊ လွမ်းနေတာကို ထိုင်ကြည့် နေရတာပဲ။ အခုထိ ပွဲကြည့်ပရိသတ် အဆင့်ပဲရှိပါသေးတယ်ညီမ”
ဗိုလ်မှူးညိုထွန်း၏  စကားများမှာ ဒေါ်ရေနံ့သာခင်ခင်ကြီးအဖို့ ဆန်းကြယ် နေသည်။ ထူးခြားနေသည်။ အမှန်တော့ လည်း ဗိုလ်မှူးညိုထွန်းသည် ယင်းစကား စုကို ယနေ့ညပြောရန် မည်သို့မျှ စိတ်ကူး ခဲ့ခြင်းမရှိ။ သည်တစ်သက် သည်စကား မျိုးဆိုဖြစ်တော့မည် မထင်ခဲ့။ သို့ရာတွင် အကြောင်းက  တိုက်ဆိုင်လာသည်။ စကားစပ်က ရှိလာသည်။  ထို့ကြောင့် လည်း ပြောဖြစ်ခဲ့သည်။ ပြောမိပြီဆိုပြန် တော့လည်း တစ်ပိုင်းတစ်စနှင့် ရပ်မထား ချင်။
“ပွဲကြည့်ပရိသတ်အဖြစ်နဲ့ နေခဲ့ရတာ ကြာခဲ့တယ်။ ဘဝထဲက အချိန်တွေကို စင်းစင်းဖြောင့်ဖြောင့်ချည်း ဖြစ်နေခဲ့ရင် ခရီးဟာ အဝေးကြီးလို့ အောက်မေ့ရ တယ်။ ဆစ်ချိုးကလေးတွေရှိခဲ့ရင်တော့ နီးသလို အောက်မေ့ရတယ်။ အစ်ကိုထွန်း လာခဲ့ရတဲ့လမ်းက ဖြောင့်တယ်၊ စင်း တယ်။ ဒါကြောင့် လာလမ်းကို ပြန်ကြည့် မိတဲ့အခါမှာ ဝေးလှပါကလား၊ လာခဲ့ရ တာ  ကြာလှပါကလား  အောက်မေ့မိ တယ်။  ညီမအဖို့ကတော့ လမ်းဟာ အကွေ့အကောက်ကလေးတွေ ရှိတယ်၊ ဆစ်ချိုးကလေးတွေ ရှိတယ်။ ထွက်လာခဲ့ တဲ့နေရာကို   ဗြုန်းခနဲပြန်မတွေ့ရဘူး။ ဒီတော့  မဝေးလှပါကလား  အောက်မေ့ လိမ့်မယ်။ ဒါကြောင့်လည်း အတိတ်ဆို တာကို ညီမအနေနဲ့ မကြာဘူးထင်ပေမဲ့ အစ်ကိုထွန်းအနေနဲ့     ကြာတယ်လို့ ထင်တယ်”
ယခုတော့လည်း  ဗိုလ်မှူးညိုထွန်း၏ စကားတို့ကို ဒေါ်ရေနံ့သာခင်ခင်ကြီး သဘောပေါက်ရပါလေပြီ။ နားလည်ရပါ လေပြီ။     သဘောမပေါက်နိုင်စရာ၊ နားမလည်နိုင်စရာလည်း မရှိထင်သည်။ အသက်ပင် လေးဆယ်ကျော်လာခဲ့ပြီ။ အတွေ့အကြုံကလည်း များပြားခဲ့ပြီ။ သည်မျှကိုတော့    နားလည်သင့်ပါပြီ။ စင်စစ်  ဗိုလ်မှူးညိုထွန်းသည်  ရင်မှာ အနှစ်နှစ်အလလက    မျိုသိပ်ထားခဲ့ရ သမျှကို   ဖွင့်ဟခြင်းပင်ဖြစ်မည်။ သူ၏ ခံစားချက်ကို တင်ပြခြင်းပင်ဖြစ်သည်ဟု သဘောပေါက်လာသည်။   သို့နှင့်အမျှ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ရင်မှာ နွေးထွေး လာရသည်။
“နေရိပ်လာမှာကို နေပူက ထိုင်စောင့် နေတဲ့လူမျိုးကို လူမိုက်လို့ ဆိုကြတယ်။ အစ်ကိုထွန်းဟာလည်း တကယ်တော့ နေရိပ်လာမှာကို နေပူကထိုင်စောင့်ရတဲ့ လူလိုပါပဲ။ လူမိုက်ဆိုရင်လည်း ဆိုပေါ့ လေ။ ဒါပေမဲ့  ဒီမှာတွေ့လာရတာရှိတယ်။ တစ်ခါတစ်ခါကျရင်တော့    လူတွေမှာ အခြေအနေနဲ့    အခါအခွင့်ဆိုတာ မပေးခဲ့ရင်    ဘာမှလုပ်လို့မရပါဘူး။ လုပ်လို့လည်း ဘာမှမဖြစ်နိုင်ဘူး။ နေရိပ် လာမှာကို နေပူက ထိုင်မစောင့်ချင်ပေမဲ့ လည်း ခြေကုန်လက်ပန်းကျလို့ ဆက်မ လျှောက်နိုင်တော့ဘူးဆိုရင်တော့ ထိုင် စောင့်ရမှာပဲ   မဟုတ်လား။  ဒီလိုပါပဲ။ အစ်ကိုထွန်းဟာ ခြေကုန်လက်ပန်းကျလို့ ထိုင်စောင့်နေခဲ့ရတဲ့သူပါ။   စောင့်ရတာ လည်း ကြာလှပါပြီကွယ်။
“ဒီစကားကို   ဘယ်တော့မှ  မပြော တော့ဘူးလို့ပါပဲ။   ပြောဖို့လည်း မလို တော့ဘူးထင်ခဲ့တယ်။ ဒါပေမဲ့ အချိန် နည်းနည်းကလေးပဲ ကျန်တော့တယ် ဆိုတဲ့အသိက   စိတ်နှလုံးကို   တုန်လှုပ် ချောက်ချားစေနိုင်ခဲ့တယ် ညီမ။ အမှန် တော့လည်း ကိုယ်တို့အတွက် အချိန်ဆို တာက တကယ်ပဲ နည်းနည်းကလေး ကျန်တော့တယ်။ နည်းပါးလှတဲ့ အချိန် ကလေးအတွင်းမှာ တစ်သက်လုံး မျိုသိပ် ခဲ့ရတာ၊ ရင်မှာသိမ်းခဲ့ရတာကို မပြောဖြစ် ခဲ့ရင် ဘဝကို အရှုံးနဲ့ပိုင်းခဲ့ရသလိုဖြစ် မယ်။ အနိုင်မရဘူးဆိုဦး၊ ကိုယ့်ဝေဒနာ ကိုထုတ်ပြရရင် ရင်ထဲမှာ ပေါ့ပါးသွား လိမ့်မယ်ထင်တယ်။     ဒါကြောင့်ပဲ ပြောချင်တယ်”
ဒေါ်ရေနံ့သာခင်ခင်ကြီး၏   ရင်မှာ ခုန်လာသည်။ နှလုံးသွေးလည်ပတ်နှုန်း မြန်လာသည်။ ထိုအတွက် ဒေါ်ရေနံ့သာ ခင်ခင်ကြီးသည် မိမိကိုယ်ကိုပင် မိမိ မကျေနပ်နိုင်အောင် ရှိရသည်။ စင်စစ် သည်သို့ဖြစ်တတ်လေ့ရှိသူမျိုးဆိုသည် က မြီးကောင်ပေါက်များသာ ဖြစ်သင့် သည်။ မိမိအသက်အရွယ် အတွေ့အကြုံ အရ သည်သို့မဖြစ်သင့်မှန်းသိပါလျက် တားဆီး၍ မရနိုင်ဘဲရှိသည်။ ဗိုလ်မှူး ညိုထွန်း၏ စကားသံကိုလည်း ဝေးလံ သောအရပ်မှနေကာ ပဲ့တင်သံသဖွယ် ရောက်ရှိလာသည် ထင်သည်။
“ညီမရဲ့အကြောင်းကို စပြီးကြားရတဲ့ အချိန်က အကိုထွန်းရဲ့ အသက်ဆယ့်သုံး နှစ်သားအရွယ်၊ ဒါကို မှတ်မိနေတယ်။ အဲဒီနေ့ကို အခုထိ အမှတ်ထင်ထင် ရှိနေ မိတယ်။  ဒီတုန်းက  ရေနံတွင်းတူးတဲ့ နေရာမှာ အဆင့်အနိမ့်ဆုံးဘဝ၊ ကြိုးဆွဲ ဘဝ။ ညီမ လူ့လောကထဲကို ရောက်ရင် ရောက်ချင်းကတည်းက သိခဲ့ရတဲ့လူလို့ ပြောရင်ဖြစ်တယ်။  ဒါပေမဲ့ ကြည့်စမ်း၊ အဆက်အစပ်တွေဟာ ဘယ်လောက် ကွာလှမ်းသွားသလဲဆိုတာ။ ညီမကို ပထမဆုံးအကြိမ် မြင်တွေ့ရတဲ့အချိန် ကျတော့    အကိုထွန်းရဲ့အသက်ဟာ သုံးဆယ်နားနီးနေပြီ။ ညီမဟာ ဒုက္ခနဲ့ အရင်းတည်ထားရတဲ့ဘဝကို ရောက်နေ ပြီ။ ညီမဟာ ဒီဒုက္ခသံသရာက အခုချိန် အထိ မလွတ်နိုင်သေးဘူး။ အမှန်ပြော ရရင် အစ်ကိုထွန်းဟာ မျှော်လင့်ချက် တစ်ရပ်နဲ့အတူ ညီမ ဒီဒုက္ခသံသရာက လွတ်မယ့်အချိန်ကို    စောင့်ခဲ့တယ်။ မျှော်ခဲ့တယ်။  တွက်ကြည့်ရင် မျှော်လင့် ချက်ကို  ထပ်ပြီးမျှော်လင့်နေရတာနဲ့ ဘာခြားသလဲ။ ကိုယ့်ဘာသာ မျှော်လင့် ချက်သံသရာထဲမှာ ပြန်ပြီးဝဲလည်နေခဲ့ ရပြန်တယ်။   မျှော်လင့်ချက်နေရိပ်ကို ရှာရင်း ခြေကုန်လက်ပန်းကျခဲ့ရတဲ့ နေပူ ထဲက လူတစ်ယောက်ပါ ညီမ။ ပြီးတော့ လည်း အခုထိ နေရိပ်ကိုလည်း လှမ်း မမြင်ရသေးတဲ့ဘဝပါကွယ်”
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ရင်ထဲမှ နေ၍ “အစ်ကိုထွန်းရယ်” ဟု ညည်းနေ မိသည်။ သူသည် ဗိုလ်မှူးညိုထွန်း၏ စိတ်သန္တာန်ကို ကြာမြင့်စွာကတည်းက ရိပ်စားမိခဲ့ပြီဖြစ်သည်။  ဗိုလ်မှူးညိုထွန်း အနေနှင့် မိမိကို အဘယ်မျှမျှော်လင့်ခဲ့ သည်ဆိုခြင်းကိုလည်း သိခဲ့သည်။ သို့တိုင် အောင်  သူသည်  ရှိသမျှအင်အားကို အလုံးစုံအသုံးချကာ လူတစ်ယောက် တည်းကိုသာ ပုံ၍ချစ်ခဲ့သည်။ အချစ်ကို တစ်နေရာတည်းမှာသာ ပုံအောခဲ့သည် ဟု ဆိုနိုင်သည်။ နောက်ထပ်မရှိတော့။ အချစ်သည်  သူ့တွင်  ခန်းခြောက်၍ နေခဲ့ပါလေပြီ။ ဒေါ်ရေနံ့သာခင်ခင်ကြီးလို မိန်းမအမျိုးအစားက အချစ်ဟူသည်ကို ဣစ္ဆာသယ လွယ်အိတ်လို သဘောမထား တတ်သည်မှာလည်း အမှန်ပင်။ ထို့ကြောင့် လည်း သည်အကြောင်းနှင့်စပ်လျဉ်း၍ စကားစလာလေပြီဆိုလျှင်   စကားကို လွှဲပြောင်းပစ်ခဲ့သည်ချည်း။  တတ်နိုင် သမျှ ရှောင်တိမ်းခဲ့သည်ချည်း။ ယခု တစ်ခါတွင်မူ  အငိုက်မိခံရသည်ဟုထင် သည်။ ရှောင်တိမ်းရန် အချိန်မရလိုက်။
ဆက်လက်ဖော်ပြပါမည်။