ရေနံ့သာခင်ခင်ကြီး

 

မောင်သိန်းဆိုင် ယမန်နေ့မှအဆက်

 

“ခေါ်မသွားကြပါနဲ့ဦး။ ကျွန်မ အမေကို ခေါ်မသွားကြပါနဲ့ဦး။ ဝအောင် ကြည့်ပါရစေဦး”

 

မျိုးထွန်းသိန်းနှင့် နွယ်နွယ်ထွန်းတို့က သူ့ကိုဖျောင်းဖျကြသည်။ နန်းကိန္နရီက ဇွတ်တရွတ် လုပ်နေသည်။ လက်နှစ်ဖက်ကို ချုပ်ကိုင်ထားသည်။ သူက ရုန်းကန်နေလေသည်။

 

သူနာပြုတို့က ဒေါ်ခေမာ၏ ရုပ်ကြွင်းကို သယ်ဆောင် သွားကြလေသည်။ သူနာတင် မော်တော်ယာဉ်၏ အသံကြောင့်ပင် ထင်သည်။ လူတို့ ဝိုင်းအုံလာကြပြန်သည်။ ထိုအထဲမှာ ရဲကဖမ်းဆီးထားသော မော်တော်ကား မောင်းသူလည်း ရှိနေသည်။ အလောင်းသယ်ယူလာသူတို့အတွက် နေရာရှဲပေးကြသည်။ လမ်းဖယ်ပေးကြသည်။

 

မကြာမီ ဒေါ်ခေမာ၏ ကိုယ်ခန္ဓာသည် မော်တော် ကားပေါ်သို့ ရောက်ရှိသွားသည်။ ကားတံခါးများ ပိတ်လိုက်သည်။

 

ဘာတစ်ခုမျှ နားလည်နိုင်မည် မဟုတ်မှန်း သိလျက်နှင့် နန်းကိန္နရီက သူ၏သားငယ်ကို လှမ်းပြောသည်။ “သားရေ၊ ကြည့်ထား။ ဝအောင်ကြည့်ထား။ အဲဒါ မင်းရဲ့အဘွားကွဲ့ သားရဲ့။ နောက်ကျရင် သားက ကြည့်ချင်လှပါချည်ရဲ့ဆိုတောင် မေမေမပြနိုင်တော့ဘူး။ အခုကတည်းက တစ်ခါတည်း ကြည့်ထားလိုက်။ နောက်ဆုံးပဲ။ ဒါ နောက်ဆုံးပဲကွဲ့ သားရဲ့”

 

သူနာတင်မော်တော်ယာဉ်ထိပ်ဦးမှ မီးနီကလေး ဖျတ်ခနဲပွင့်လာပြီး စူးရှကျယ်လောင်သော ဥဩသံ သည် နန်းကိန္နရီ၏အသံကို ဖုံးလွှမ်းပစ်လိုက်သည်။ မော်တော်ကားသည် ထွက်ခွာစပြုသည်။

 

“ကိုယ် လိုက်သွားလိုက်ဦးမယ်။ မင်းရဲ့ကားကို ကိုယ်ယူသွားမယ်”

 

မျိုးထွန်းသိန်းက နွယ်နွယ်ထွန်းအား လှမ်းပြောသည်။ သူနာတင်ယာဉ်နှင့် မရှေးမနှောင်းမှာပင် မျိုးထွန်းသိန်း၏ မော်တော်ကား ထွက်ခွာသွားသည်။

 

အစသော် ဆူညံကျယ်လောင်သော ဥဩသံကို ကြားနေရသေးသည်။ မော်တော်ကားကို မြင်နေရ သေးသည်။ တစ်စတစ်စနှင့် ဥဩသံသည် တိုးသွားသည်။ အဆုံး၌ ပျောက်ကွယ်သွားသည်။ မော်တော် ကားကိုလည်း ပထမတွင် မြင်နေရသေးသည်။ နောက်တော့ တဖြည်းဖြည်း သေးကွေးကာ အဆုံး၌ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

 

ကျန်ရစ်ခဲ့သူတို့မှာလည်း စကားမပြောနိုင်ကြ။ ကျောက်ဆစ်ရုပ်တုများသဖွယ် ကျန်ခဲ့ကြသည်။ လူအားလုံးတို့သည် ကြေကွဲဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်လျက် ရှိနေကြပေသည်။

 

ထို့ကြောင့်လည်း တစ်ခါတစ်ခါ၌ ပေါ်ထွက်လာသည့် နန်းကိန္နရီ၏ ရှိုက်သံသည်ပင် သူတို့အဖို့ အကျယ်လောင်ဆုံးနှင့် အစူးရှဆုံးသောအသံ ဖြစ်နေကြရသည်။

 

“အမေရယ် မြန်လိုက်တာ။ အမေ သမီးကို လာ နှုတ်ဆက်တာကလည်း မြန်လိုက်တာ” နန်းကိန္နရီသည် ပါးစပ်မှ တတွတ်တွတ် ရေရွတ် နေလေသည်။

 

[ ၆ ]

ရေနံ့သာသို့ ဒေါ်ရေနံ့သာခင်ခင်ကြီး ပြန်လည်ရောက်ရှိလာသောအချိန်၌ မှောင်စပျိုးခဲ့လေပြီ။ ရေနံ့သာ၌ မီးရောင်များ လင်းလက်လျက် ရှိနေသည်။ အဘယ်ကြောင့်ဟူ၍တော့ မသိ။ တစ်ကိုယ်လုံး နုံးချည့်နေသလို ခံစားရသည်။ ပင်ပန်းနွမ်းနယ်နေသည့်နှယ် ဖြစ်သည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ဆိုဖာတစ်လုံး၌ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ စီးကရက်တစ်လိပ်ကို မီးညှိရှိုက်ဖွာ နေမိသည်။

 

ရေနံ့သာသို့ ဒေါ်ရေနံ့သာခင်ခင်ကြီး အထီးတည်း ပြန်လာခဲ့ခြင်းဖြစ်သည်။ နွယ်နွယ်ထွန်းသည် မျိုးထွန်းသိန်း ပြန်အလာကိုစောင့်ရင်း နန်းကိန္နရီအား နှစ်သိမ့်ဖျောင်းဖျနေလိမ့်မည် ထင်ရသည်။

 

စောစောက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တို့သည် အာရုံမှ ပျောက်ကွယ်မသွားသေး။ သွေး အလိမ်းလိမ်းသော ကိုယ်ဖြင့် မချိမဆံ့သော ဝေဒနာ ခံစားနေရရှာသော ဒေါ်ခေမာ၏ အသွင်၊ တရှိုက် မက်မက် ငိုကြွေးနေသော နန်းကိန္နရီ။ ဤသည်များ ကို မြင်ယောင်နေရဆဲပင် ဖြစ်သည်။

 

လောကဓံ၏ လှည့်စား ရက်စက်နိုင်စွမ်းခြင်း သဘောကို ဒေါ်ရေနံ့သာခင်ခင်ကြီး သဘောပေါက်နိုင်စွမ်း ရှိလာသည်။ နားလည်လာနိုင်စွမ်း ရှိလာသည်။

 

ဒေါ်ခေမာ သေဆုံးသည့်အဖြစ်ကို မြင်ရသည့်အခါ မိမိ၏အဘွားဖြစ်သူ ဒေါ်စောမင်း သေဆုံးခဲ့ရစဉ်က အဖြစ်ကို သတိရသည်။ သည်စဉ်က အကြောင်းများ ကို ပြန်လည် တွေးတောမိသည်။

 

ဦးကောင်းမိုး၏ ပယောဂကြောင့် မြေးနှင့်အဘွားတို့အကြားမှာ ကြေကွဲစရာများ ပေါ်ပေါက်ခဲ့ရဖူးသည်။ မြေးသည် အဘွားဖြစ်သူကို အသက်မီရုံသာရှိခဲ့သည်။ ဟိုစဉ်က မိမိ၏အလှည့်၊ ယခုသူတို့အလှည့်။ မည်သို့ပင်ဆိုစေ သံသရာလှည်းဘီးသည် တစ်ချိန်သောအခါ၌ တစ်ပတ်လည်လာတတ်မြဲပေတည်း။

 

သည်အဖြစ်တွေကို ဦးကောင်းမိုး မြင်ရစေချင်သည်။ ကိုမောင်မောင်ဦး တွေ့ရစေချင်သည်။ တစ်ဆက်တည်းမှာလည်း ဒေါ်ရေနံ့သာခင်ခင်ကြီး ဆုတောင်းခြင်းပြုမိသည်။ ပြီးပါစေတော့၊ ကျေပါ စေတော့၊ သည်မျှနှင့် အဆုံးသတ်ပါစေတော့ စသည်ဖြင့်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် စီးကရက်ကို ပြာခံခွက်အတွင်း ထိုးချေလိုက်သည်။ နေရာမှ ထလိုက်သည်။ ယင်းအခိုက်မှာပင် အိမ်အတွင်းသို့ မောင်းဝင်လာသော မော်တော်ကားသံကို ကြားရသည်။ နွယ်နွယ်ထွန်း၏ကားပင် ဖြစ်ပေလိမ့်မည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် နွယ်နွယ်ထွန်း ရောက်အလာကို စောင့်နေသည်။ မကြာမီမှာပင် နွယ်နွယ်ထွန်း၏ အသွင်အပြင်သည် အခန်းပေါက်ဝမှာ ပေါ်လာလေသည်။ သမီးဖြစ်သူနှင့် မိခင်တို့သည် တစ်ယောက်မျက်နှာတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ စကားကိုမူ မဆိုဖြစ်ကြ။

 

နွယ်နွယ်ထွန်းသည်လည်း မိမိကဲ့သို့ပင် ပင်ပန်းနွမ်းနယ်ဟန်များ ပေါ်ပေါက်နေကြောင်း တွေ့ရလေသည်။ သူ့အင်္ကျီ၌ သွေးစသွေးနအချို့ စွန်းပေနေကြောင်း မြင်ရလေသည်။

 

နွယ်နွယ်ထွန်းသည် ဒေါ်ရေနံ့သာခင်ခင်ကြီး ရှိရာသို့ လျှောက်လာသည်။ သူ့မျက်နှာမှာ ညှိုးနေသည်။ ကြေကွဲမှုကို ခံစားရသလိုရှိသည်။ စူးစမ်းသော မျက်လုံးများဖြင့် မိခင်ဖြစ်သူ၏မျက်နှာကို လှမ်းကြည့်သည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် လက်တစ်ကမ်းအကွာ၌ ရပ်လိုက်သည်။

 

ထိုနေရာမှနေကာ စူးစူးစိုက်စိုက်ကြီး ကြည့်လိုက်သည်။ ဧည့်ခန်းမီးရောင်ဖြင့် သူ့မျက်ဝန်းများမှာ တောက်ပပြောင်လက်လျက်ရှိကြောင်း တွေ့ရသည်။ မျက်ရည်ကြည် ရစ်ဝဲ ခိုသီးနေကြောင်း မြင်ရသည်။

နွယ်နွယ်ထွန်း၏ ထူးခြားသောအသွင်ကိုကြည့်ကာ ရေနံ့သာခင်ခင်ကြီးမှာ မစဉ်းစားတတ်အောင် ဖြစ်သွားရသည်။ အကဲခတ်သလို ပြန်ကြည့်မိသည်။

 

နွယ်နွယ်ထွန်း၏နှုတ်မှ စကားသံများ ထွက်မလာ သော်လည်း မျက်နှာအနေအထားနှင့် မျက်ဝန်းများမှာ အဓိပ္ပာယ်များစွာကို ဆောင်ယူလျက်ရှိသည်ဟုထင်သည်။ စကားလုံး အရာအထောင်ကို ပြောနေသည့်နှယ် ဖြစ်သည်။

 

နွယ်နွယ်ထွန်း ရှေ့သို့ တိုးလာသည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီးနှင့် မျက်နှာချင်းဆိုင်မိသည်။ နွယ်နွယ် ထွန်း၏ မျက်နှာကို ပိုမိုနီးကပ်စွာ အကဲခတ်နိုင်စွမ်း ရှိခဲ့သည်။ သူ့မျက်နှာ၌ တောင်းပန်တိုးလျှိုးသောဟန်၊ ခွင့်လွှတ်စေလိုသောဟန်များ ပေါ်ပေါက်နေကြောင်း တွေ့ရသည်။ ဤသည်ကို သတိပြုမိကာ သူကိုယ်တိုင်ကလည်း ခွင့်လွှတ်နားလည်နိုင်စွမ်းသော ဟန်အမူအရာကို ပြမိလျက်ရှိကြောင်း ဒေါ်ရေနံ့သာခင်ခင်ကြီး တွေ့ရသည်။

 

နွယ်နွယ်ထွန်းသည် ဘာမပြော ဘာမဆိုနှင့်ပင် ရေနံ့သာခင်ခင်ကြီးထံ တိုးဝင်လာသည်။ ဖက်ပွေ့ လိုက်သည်။ တစ်ဆက်တည်းမှာပင် ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏ ရင်ခွင်၌ မျက်နှာအပ်ကာ ငိုရှိုက်လိုက်သည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ထိတ်လန့်သွား သည်။ တုန်လှုပ်သွားသည်။ ထိတ်ထိတ်ပျာပျာ မေးမိသည်။

 

“သမီး၊ သမီး ဘာဖြစ်လာလို့လဲ ဟင်”

 

နွယ်နွယ်ထွန်းက အမေးကိုမဖြေ။ ငိုရှိုက်လျက်သာ ရှိသည်။ မျက်ရည်သည် ဒေါ်ရေနံ့သာခင်ခင်ကြီး ၏ ရင်ခွင်ကို စွတ်စိုလာသည်။

 

“သမီးရယ်၊ ဘာဖြစ်လာသလဲကွယ်”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး သမီးဖြစ်သူ၏ကိုယ်ကို ပြန်လည်ထွေးပိုက်လိုက်ကာ ကြေကွဲသံဖြင့် မေးမိသည်။

နွယ်နွယ်ထွန်း ခေါင်းမော့လာသည်။ မိခင်၏ မျက်ဝန်းကို စူးစိုက်ကြည့်သည်။

 

“ဘာဖြစ်လို့လဲ မသိဘူး မေမေရယ်။ သမီး သိပ်ငို ချင်တာပဲ။ အားရပါးရ ငိုပစ်လိုက်ချင်တယ်။ အဲဒီလို ငိုလိုက်ရရင် ရင်ထဲမှာပေါ့သွားမယ်လို့ ထင်နေတယ်”

 

“ခက်ပါဘိတော့ကွယ်”

 

“ဟုတ်တယ် မေမေ။ ဒီကနေ့ နန်းကိန္နရီတို့ အဖြစ်ကို မြင်ရတာ သမီးစိတ်မှာ သိပ်ထိခိုက်မိတာပဲ။ သမီးဟာ ဆရာဝန်ပါ။ သမီးရဲ့ရှေ့မှောက်မှာ လူတစ်ယောက် သေဆုံးသွားတယ်ဆိုတာ ဘာမှမဆန်း ပါဘူး။ ဒါပေမဲ့ ဒီကနေ့အဖြစ်ကတော့ သမီးရဲ့ရင်ကို နာကျင်စေတယ်ထင်တယ် မေမေ”

 

“မေမေလည်း ဒီအတိုင်းပါပဲကွယ်”

 

နွယ်နွယ်ထွန်းသည် လက်ဖမိုးဖြင့် မျက်ရည်သုတ်သည်။ ငိုရှိုက်လိုခြင်းကို ကြိုးစားထိန်းချုပ်သည်။ “ဘာပဲပြောပြော သမီးဟာ နန်းကိန္နရီနဲ့စာရင် အများကြီး ကံကောင်းပါသေးတယ်နော်”

 

“ဒါပေါ့ သမီးရယ်”

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် နွယ်နွယ်ထွန်း၏ ပွရောင်းသွားသော ဆံပင်ကို လက်ဖြင့်ပြန်သပ်ပေး သည်။ သူ့ရင်ထဲမှာ ပြင်းစွာ လှုပ်ရှားလာသည်။

 

ကြည့်စမ်း၊ သည်ကနေ့ အနှစ် နှစ်ဆယ်ကျော်မျှ ကွဲကွာခဲ့ရသော သမီးဖြစ်သူအား ပထမဆုံးအကြိမ် အဖြစ် ပိုက်ထွေးယုယခွင့် ရခဲ့ပါကလား၊ ရင်ခွင်နွေးနွေးအတွင်း ပွေ့ဖက်ထားခွင့်ကို အနှစ်နှစ်ဆယ် ကျော်အတွင်း ပထမဆုံး ရရှိခဲ့ခြင်းပါကလား။

 

ဒေါ်ရေနံ့သာခင်ခင်ကြီး၏ ရင်မှာနွေးလာသည်။ သမီး၏ ကိုယ်ငွေ့နွေးနွေးသည် နှလုံးသားကိုပင် ပျံ့နှံ့သွားလေသလားဟု ထင်ရသည်။ ကြည်နူးစိတ်၊ နှစ်သိမ့်စိတ်ဖြင့် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ကိုယ်မှာ ကြက်သီးမွေးညင်းများပင် ထလာသည်။

 

သည်တစ်ခါ သမီးခေါ်ဆိုလာသော မေမေဆိုသည့် အသံတိုင်းမှာ အင်အားပါသည်ဟု ဒေါ်ရေနံ့သာ ခင်ခင်ကြီး မှတ်ယူသည်။ အသံသည် ပါးစပ်ဖျားမှ ထွက်လာခြင်း မဟုတ်မူဘဲ နှလုံးသားမှ ပဲ့တင် ရိုက်ခတ်လာသောအသံဟု ထင်သည်။

 

နွယ်နွယ်ထွန်းသည် အားရသွားဟန်ဖြင့် ငိုရှိုက်ခြင်းကို ရပ်လိုက်သည်။ ယခုကျတော့လည်း သူ့မျက်နှာမှာ ပြုံးနေပြန်သည်။ မျက်ရည်လည်ရွဲနှင့် ပြုံးနေခြင်းဖြစ်သည်။ နွယ်နွယ်ထွန်း၏အပြုံးမှာ တောက်ပလှသည်။

 

“သမီး သိပ်တွေးခဲ့မိတယ်မေမေ။ အတွေးခေါင်ခဲ့တယ်။ မေမေနဲ့ပတ်သက်လို့ပဲပေါ့။ ဝန်ခံရမယ်ဆိုရင်တော့ သမီးမှာဘဝင်မကျနိုင်တာတွေ အများကြီးရှိခဲ့ပါတယ်။ မကျေနပ်နိုင်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သမီးဘဝင်ကျခဲ့ပါပြီ မေမေ။ အရာရာကို ကျေနပ်နိုင်ပါပြီ။ နန်းကိန္နရီကို ကျေးဇူးတင်ရမှာပါပဲ။ သူဟာသမီးကို သင်ခန်းစာတွေ အများကြီးပေးခဲ့ပါတယ်”

 

ဆက်လက်ဖော်ပြပါမည်။