ယမန်နေ့မှအဆက်   

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် အလုပ်တစ်ခုကို မဖြစ်မနေလုပ်ဆောင်တတ်သူဖြစ်သည်။ သူ၏ဆန္ဒကို  အကောင်အထည်ဖော်နိုင်စွမ်းရှိသူတစ်ယောက်ဖြစ်သည်။ သို့ဖြင့် အဆုံးတွင် နန်းကိန္နရီ ရေနံ့သာသို့ရောက်ရှိလာရသည်။ အတွေးအိပ်မက် မက်ခဲ့ရသော  တက္ကသိုလ်ပညာကို  ဆက်လက် ဆည်းပူးခွင့်ရမည်ဆိုသည့်အတွက်   နန်းကိန္နရီဝမ်းသာသည်။ ယင်းအချက်တစ်ချက်တည်းနှင့်ပင် ရေနံ့သာသို့ ခိုဝင်ရကျိုးနပ်သည်ဟု ထင်သည်။

သို့တိုင်အောင် စိတ်မှာ အလုံးစုံကျေနပ်ဝမ်းသာ နိုင်သေးသည်မဟုတ်။ စိတ်စနိုးစနောင့်ဖြစ်ရဖွယ် ကိစ္စအချို့ ကျန်ရှိနေသေးသည်ပင်။ ဤသည်မှာ နေသားတကျ မရှိသေးသောကြောင့်လည်းဖြစ်နိုင်သည်။

အငြိမ့်အဖွဲ့နှင့်နေရစဉ်က ဆင်းရဲသည်မှန်စေ။ ချို့တဲ့သည်မှန်စေ လွတ်လပ်သည်။ ရေနံ့သာမှာ နေရသည်က    အထိန်းအချုပ်အနှောင်အဖွဲ့များပြားလှသည်ဟု ထင်သည်။ ခမ်းနားကြီးကျယ်ခြင်းသည် လွတ်လပ်ပျော်ရွှင်ခြင်းကိုပင် အနှောင့်အယှက်ပေးလာတတ်သည်။
နန်းကိန္နရီအတွက် အိပ်ခန်းတစ်ခန်း ပေးထားသည်။ ရေနံ့သာရှိ အိပ်ခန်းတိုင်းတွင် ဝရန်တာ တစ်ခုရှိတတ်သည်။ စောစောပိုင်းက ဧည့်ခန်းတွင် စု၍ စကားပြောနေခဲ့ကြသည်။ နောက်တော့ မိမိတို့၏ အိပ်ခန်းအသီးသီးသို့ လာခဲ့ကြသည်။ နန်းကိန္နရီသည် ခုတင်တွင်  လဲလျောင်းလျက်အိပ်ပျော်ရန် ကြိုးစားသည်။ သို့ပေမဲ့ စိတ်လှုပ်ရှားပျံ့လွင့်နေသဖြင့် အိပ်မပျော်နိုင်။ လဲလျောင်းရာမှထလျက် ဝရန်တာတွင် ကြာမြင့်စွာ ရပ်နေမိသည်။

နန်းကိန္နရီကတော့ သတိမထားမိ။ စင်စစ်တွင် အိပ်မပျော်နိုင်သူမှာ  ရေနံ့သာ၌   သူတစ်ယောက် တည်းမဟုတ်ကြောင်း မတွေးမိ။ 

နန်းကိန္နရီနှယ်ပင် ထိုညက ဒေါ်ရေနံ့သာခင်ခင်ကြီးသည်လည်း အိပ်မပျော်နိုင်အောင်ရှိသည်။ ရွှန်းမြ သောလရောင်ကိုခံစားရင်း စိတ်အတွေးတို့  ပျံ့လွင့်နေသည်။

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် အိပ်ခန်းမီးကိုပိတ်ထားသည်။ အခန်းကိုမှောင်ချထားသည်။ သူနှင့် နန်းကိန္နရီတို့၏အိပ်ခန်းများမှာ ကပ်လျက်သားဖြစ်သည်။ ဝရန်တာချင်း လက်တစ်ကမ်းစာသာကွာသည်။

ရေနံ့သာခင်ခင်ကြီးသည် ဝရန်တာသို့ထွက်မလာ။ အခန်းတံခါးဘောင်ကိုမှီရင်း    နန်းကိန္နရီဘက်သို့ ကြည့်နေသည်။ စကားမပြောဘဲ၊  အသံမပေးဘဲ တိတ်တဆိတ်  စူးစိုက်ကြည့်နေခြင်းဖြစ်သည်။ စီးကရက်ကို ရှိုက်ဖွာနေသည်။ ယခုအခါ  သူသည် စီးကရက်ကို စွဲစွဲလမ်းလမ်းနှစ်နှစ်ခြိုက်ခြိုက် သောက်တတ်နေပြီဖြစ်သည်။ စင်စစ်တွင်လည်း နှစ်ပေါင်းမြောက်မြားစွာကတည်းက အထီးကျန် ဆန်ခဲ့သော သူ့အဖို့ စီးကရက်သည် အကောင်းဆုံး အပေါင်းအဖော် ဖြစ်နေခဲ့လေသည်။

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် နန်းကိန္နရီ၏စိတ် သန္တာန်၌ မည်သို့သောအတွေးမျိုး ဝင်နေပါလိမ့်ဟု စဉ်းစားနေသည်။   ဖြစ်နိုင်မည်ဆိုလျှင်    ယင်းမိန်းကလေး၏ စိတ်ကြေးမုံပြင်ကို မြင်ချင်စမ်းပါဘိ တော့သည်။

မည်သို့ဆိုစေ နန်းကိန္နရီ စိတ်လှုပ်ရှားနေပေလိမ့်မည်ဟု တွေးမိသည်။  နန်းကိန္နရီသာမဟုတ်။  သူ ကိုယ်တိုင်သည်လည်း စိတ်လှုပ်ရှားနေရသည်။

အနှစ်နှစ်ဆယ်ကျော်မျှ    တောင့်တခဲ့ရသော အာသာဆန္ဒမှာ ယခုအခါ တစ်ဝက်တစ်ပျက်မျှ ပြည့်ဝနေပြီဟု မှတ်ယူမိသည်။

နန်းကိန္နရီအား အမွေစားအမွေခံသမီးအဖြစ် မွေးစားတော့မည်ဆိုစဉ်က မမဝင်းရီထံ စာလှမ်းရေး လိုက်သည်။    မမဝင်းရီကတော့    နန်းကိန္နရီကို ဆက်လက်အကဲခတ်စေချင်သေးဟန်တူသည်။ နောက်ကြောင်းကို  စုံစမ်းစေချင်သည်  စာပြန်လာ သည်။ အကယ်၍များ ပျောက်ဆုံးနေခဲ့သော သမီး ငယ်သာဖြစ်နေခဲ့ပါလျှင်    မွေးစားသည်ဟူသော စကားကိုပင် သုံးနှုန်းရန်မလိုဟု ဆိုသည်။ စိတ်တွင် စနိုးစနောင့်မဖြစ်ရဘဲနှင့်  ဆက်ဆံသွားနိုင်မည်ဟု ပြောသည်။ 

ဒေါ်ရေနံ့သာခင်ခင်ကြီး၏စိတ်တွင်မူ ယင်းအတွေး မျိုးဝင်မနေခဲ့။

“နန်းကိန္နရီဟာ ခင်ကြီးရဲ့ ပျောက်ဆုံးနေတဲ့သမီး ကလေးအစစ်အမှန်ဖြစ်မှာပဲလို့    ခင်ကြီးတော့ ယုံကြည်နေမိတယ် မမဝင်းရီ။ စဉ်းစားကြည့်လေ၊ ခင်ကြီးရဲ့သမီးလေးဘဝဟာ နန်းကိန္နရီရဲ့ ဘဝအခြေ အနေမျိုးသာဖြစ်မှာပဲ။ ဒီလိုဘဝမျိုးနဲ့သာ ကျင်လည် လာရမှာပဲ။  သူ့ရုပ်၊  သူ့အသံ၊  သူ့ဘဝဟာ  သူ့ကို ခင်ကြီးသမီးလေးပါလို့ ယတိပြတ်ပြောနိုင်အောင် အထောက်အထားရနေတာပဲမဟုတ်လား။ နောက် တစ်ခုကလည်း   သူ့ကို  မွေးစားတယ်ပဲပြောပြော၊ ဘာပဲပြောပြော၊ သူနဲ့ခင်ကြီးတို့ အတူတကွနေနိုင် သွားဖို့သာအဓိကမဟုတ်လား မမဝင်းရီ”

ဒေါ်ရေနံ့သာခင်ခင်ကြီးက    အခိုင်အမာဆိုလေတော့လည်း မမဝင်းရီအနေနှင့် ဘာတစ်ခုမျှ မစွက် ဖက်ဘဲနေခဲ့သည်။ နန်းကိန္နရီအား မွေးစားလိုက်ခြင်း အားဖြင့် နှစ်ပေါင်းများစွာ အထီးကျန်ဆန်နေခဲ့ရသော ဘဝတွင် အဖော်ရလာလိမ့်မည်ဟု မမဝင်းရီ မှတ်ယူမိပုံရလေသည်။ 

ဒေါ်ရေနံ့သာခင်ခင်ကြီး၏အတွေးသို့ အကြောင်းတစ်ရပ်ဝင်လာသည်။ အကြားအာရုံသို့အမည်တစ်လုံး သည် ပဲ့တင်သံသဖွယ် ဝင်ရောက်လာသည်။ ထိုအခါ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ကိုယ်မှာ     တုန်လှုပ် ချောက်ချားလာသလို ဆတ်ခနဲ ဖြစ်သွားလေသည်။

သူ၏အတွေးသို့     ဝင်လာသောအကြောင်းမှာ  မောင်မောင်ဦးနှင့်     ပတ်သက်သည့်အကြောင်း၊ အကြားအာရုံသို့ ပဲ့တင်သံသဖွယ် ဝင်ရောက်လာသော အမည်မှာ  မောင်မောင်ဦးဟူသောအမည်။

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ထိုသူနှင့်ပတ်သက် သောအကြောင်းရပ်မှန်သမျှကို     တတ်နိုင်သမျှ မေ့ပျောက်နေစေရန် အားထုတ်သည်။ ယင်းအမည်ကို စိတ်အတွေးမှ ထုတ်ပယ်ထားနိုင်ရန် အတန်တန် ကြိုးစားခဲ့သည်။ 

သို့တိုင်အောင် သူ၏အားထုတ်ကြိုးစားမှုတို့မှာ    အချည်းအနှီးသာဖြစ်ခဲ့သည်။ မောင်မောင်ဦးဟူသော အမည်သည်လည်းကောင်း၊      မောင်မောင်ဦးနှင့်       ပတ်သက်လေသောအကြောင်းရပ်တို့သည် လည်း ကောင်း၊  သူ့အား   ထာဝရလွှမ်းမိုးမြဲ လွှမ်းမိုးနေခဲ့ သည်။ အရိပ်သဖွယ်လျှင် ထာဝရကြီးစိုးမြဲကြီးစိုးနေ ခဲ့သည်။ အတိတ်ကာလ၏ပဲ့တင်သံသည် အသည်းနှလုံး၏   နက်ရှိုင်းသောအပိုင်း၌ ထာဝစဉ်သဲ့သဲ့ညင်းညင်း မြည်ဟည်းနေခဲ့သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး၏ဘဝတွင် အိပ်မပျော်နိုင်သော ညပေါင်းမြောက်မြားစွာရှိခဲ့သည်။ အိပ်မပျော်ဘဲ အတွေးကို ယောက်ယက်ခတ်ရလေပြီဆိုသောအခါတိုင်း  မောင်မောင်ဦးဟူသည်  စိတ်တံခါးပေါက်ဆီမှ လိပ်ပြာမှင်စာနှယ် တိတ်တခိုးဝင်ရောက်လာ တတ်မြဲပေတည်း။

အသွေး အသား အကြော အရိုး စသည်တို့ဖြင့် ဖွဲ့စည်းထားသော မနုဿအဖွဲ့အစည်းဖြစ်သည့် ဒေါ်ရေနံ့သာခင်ခင်ကြီးတွင် လူသားတိုင်း၌ ရှိအပ်သော ထွေပြားသည့်အာရုံနှင့် အာသာဆန္ဒတို့ ရှိလေ သည်။ အသွေးအသားနှင့်စပ်ဆိုင်သော စိတ်လှုပ်ရှားမှုသည် ရံခါတွင် ဒေါ်ရေနံ့သာခင်ခင်ကြီး၌ ပေါ်ပေါက် လာတတ်သည်။ ထိုအခါ ကြာခဲ့ဝေးခဲ့ မှေးမှိန်ခဲ့ပြီဖြစ်သော အတိတ်ကာလမှ အထိအတွေ့ အကျီအစယ်၊ အနမ်းအရှုပ်တို့ စိတ်အသိမှာ ပြန်လည်ပေါ်ပေါက်လာတတ်သည်။ ထိုစဉ်က ယင်းအာရုံရေယဉ်ကြော၌ မသိမသာ  နစ်မြောခဲ့ပုံကို  သတိရသည်။  ရင်မှာ ရှိမ်းမြရသည်တို့သည် လည်းကောင်း၊ အသည်းနှလုံး မှာ   ပူနွေးခဲ့ရသည်တို့သည်  လည်းကောင်း၊ လတ်တလောခံစားရသည့်အသွင်   ရှိလာသည်။ သို့နှင့်အမျှ   မိမိခန္ဓာကို   ပိုင်စိုးခွင့်ပေးခဲ့ရသည့် တစ်ဦးတည်းသောသူကိုစိတ်အသိမှာ အမှတ်ရလာသည်။ ထိုသူ၏မျက်နှာကို မြင်ယောင်လာသည်။ သည်တော့လည်း လွမ်းဆွတ်ရခြင်းသည် ရင်ထဲ၌ ပြင်းထန်သော ဒီရေအရှိန်အဟုန်နှယ် ပေါ်ပေါက်လာရသည်။

တစ်ဆက်တည်းမှာပင်  ထိုသူ၏  စိမ်းကားမှု၊ ရက်စက်မှု၊ ဥပေက္ခာပြုမှုများကို သတိတရရှိလာသည်။ အသည်းနှလုံးမှာ သံတွေ သံခဲသဖွယ် ပူလောင်ပြင်းပြလာရပြန်သည်။    မုန်းတီးနာကြည်းခြင်း ဝေဒနာကြောင့် နှုတ်ခမ်းကို ပြတ်လုမတတ် ကိုက်လိုက်မိသည်လည်း ရှိသည်။ နာကြည်းရလွန်းသော နှလုံးသားမှာ တင်းမာလွန်းမက တင်းမာလာပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ရတော့မည်သို့လည်း ရှိခဲ့ရသည်။

မည်သို့ဆိုစေ ထိုသူသည် မိမိ၏ဘဝအပေါ် လွှမ်းမိုးနိုင်လွန်းလှပါကလား။ ကြီးစိုးနိုင်လွန်းလှပါ ကလား ဟု  ဒေါ်ရေနံ့သာခင်ခင်ကြီး  တွေးတတ်လာသည်။ 

မိမိ၏ဘဝကြမ္မာကို ထိုသူသည် အရိပ်မည်းကြီးသဖွယ် ထာဝရဖုံးအုပ်ထားသည်။

ခန္ဓာကိုယ်နှင့်စပ်လျဉ်းသမျှကိုလည်း ထိုသူအားပေးခဲ့ရသည်။   အသည်းနှလုံးနှင့်   စပ်ဆိုင်သော ခံစားမှုမှန်သမျှကိုလည်း ထိုသူထံ အပ်ခဲ့ရသည်။ ဦးနှောက်နှင့်ပတ်သက်သော အသိဟူသမျှမှာလည်း ထိုသူအတွက်သာလျှင် ဖြစ်ခဲ့ရသည်။ စင်စစ် မိမိသည် မောင်မောင်ဦးတည်းဟူသော ကြမ္မာနတ်မိစ္ဆာ၏ ယဇ်ပလ္လင်အထက်၌ အသက်သွေးတို့ဖြင့် စတေးရန် လည်စင်းပေးခဲ့ရသည့် သားကောင်ပါလားဟု ဒေါ်ရေနံ့သာခင်ခင်ကြီး၏စိတ်တွင် အထင်ရောက်လာမိသည်။  ဘဝကို စိုးမိုးသူမှာလည်းသူ၊ အချစ်ကို နုတ်ပယ်ခဲ့သူမှာလည်းသူ။   

အသည်းနှလုံးကို ကွဲအက်စေသူမှာလည်း  သူသာပင်။ ထို့ကြောင့် သူ့ကို မုန်းရသည်။ နာရသည်။ ယင်းဝေဒနာသည် သူ၏ထံမှ  မည်သည့်အခါတွင်မျှ  ပျောက်ကွယ် သွားလိမ့်မည်မထင်။ ယင်းဝေဒနာကို ခံစားရသမျှ မောင်မောင်ဦးကိုလည်း မေ့၍ရလိမ့်မည်မဟုတ်။ အကယ်၍ နန်းကိန္နရီသည်သာ ထင်မှတ်ထားသလို မိမိ၏  သမီးအရင်းဖြစ်ခဲ့ပါက  မောင်မောင်ဦးနှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေရပေလိမ့်ဦးမည်။ မောင်မောင်ဦးနှင့်စပ်လျဉ်းသော အတိတ် ဖြစ်ရပ်တို့သည် ပဲ့တင်ထပ်လာပေလိမ့်ဦးမည်ဟု ဒေါ်ရေနံ့သာခင်ခင်ကြီး တွေးမိသည်။

ယခုအခါ မောင်မောင်ဦးတစ်ယောက် မည်သည့် နေရာသို့များ ရောက်ရှိနေပါလိမ့်။ 
သည်အတွေးကို တွေးမိလေတော့လည်း ထိုသူအတွက် ရင်မှာမောရသားပါကလား။ သူ့အကြောင်းကို မကြားရသည်မှာ ကြာချေပြီ။ သူ့ကို နောက်ဆုံးမြင်တွေ့လိုက်ရသည်မှာ ရေနံ့သာနှင့်မနီးမဝေးတွင် ဖြစ်သည်။ ဖေဖေ့ကိစ္စနှင့်ပတ်သက်၍ဆွေးနွေးပြီး အပြန် သူအိမ်ရှေ့မှ စက်ဘီးဖြတ်စီးသွားသည်ကို အိမ်ပေါ်မှ လှမ်းမြင်လိုက်ရခြင်းဖြစ်သည်။ ထိုမှစ၍ တစ်ကြိမ်တစ်ခါမျှ ကြုံဆုံဖို့ အခွင့်အရေး ပေါ်မလာခဲ့။ အနှစ်နှစ်ဆယ်ကျော်မျှ ကွဲကွာနေခဲ့ရသည်။

ဆက်လက်ဖော်ပြပါမည်။