မောင်သိန်းဆိုင်
၁-၄-၂၀၂၂ ရက်နေ့မှအဆက်
သူတို့သည် စောစောကလိုပင် စကားမစပ်မိကြ တော့ဘဲ ဆက်လက်လျှောက်လာခဲ့ကြသည်။
နှစ်ယောက်စလုံး၏ ရင်ထဲတွင်ပင် အတိတ်၏ လှိုင်းဂယက်များ ရိုက်ခတ်လာဟန်ရှိသည်။
သစ်ပင်ကြီးများ နည်းပါးကာ လမ်းမှာလည်း ကျယ်ပြန့်သဖြင့် သူတို့သည် လဟာပြင်တွင် လမ်း လျှောက်နေရသည့်နှယ် ရှိကြသည်။ မိုးကောင်းကင် ပြင်ကြီးကို အပြန့်ကျယ်စွာ မြင်ရသည်။ ကမ္ဘာအေး စေတီဆီမှ မီးရောင်များ၊ နာဂလိုဏ်ဂူမှ မီးရောင် များကို လှမ်းမြင်ရသည်။
မင်္ဂလာဒုံ တောင်ကြောတစ်လျှောက်နှင့် မြောက် ဥက္ကလာပမြို့သစ်ဆီမှ လမ်းမီးရောင်များ၊ တိုက်တာ အိမ်ခြေတို့၏ မီးရောင်များကို ပိုးစုန်းကြူးများ လက်နေသလို ဟိုတစ်ကွက် သည်တစ်ကွက် တွေ့ နေရသည်။
မိုးရွာပြီးစ လသာညသည် ရွှန်းမြနေလေသည်။
“ကျော့မောင်ရေ ဒီရှုကွင်းကို ကြည့်ရတာ မြို့မ ကနေ စနေနံကို လှမ်းမြင်ရတာနဲ့ မတူဘူးလား ဟင်”
တစ်ယောက်သောသူ၏ အမေးစကား။ သူ၏ အမေးစကားကို ကြားရလေမှပင် အဖော်ဖြစ်သူ သည် ရှုကွင်းကို ကြည့်ဖို့ သတိရမိဟန်တူသည်။
“အေးကွ တူသလိုပဲနော်”
သူတို့သည် ရှုကွင်းကို စိတ်ဝင်စားသွားရပြန် သည်။ စိတ်အတွေးတို့သည် ဝေးလံသီခေါင်သော ဇာတိမြေသို့ ပျံ့လွင့်ရောက်ရှိသွားသည်။
သူတို့နှစ်ယောက်သည် အကြောင်းအမျိုးမျိုး ကြောင့် ဇာတိမြေမှ ဝေးကွာနေကြသူများဖြစ်သည်။
သူတို့နှစ်ယောက်ကား ကိုမောင်မောင်ဦးနှင့် ကိုကျော့မောင်။
စင်စစ်တွင် ခင်ခင်ကြီးအား ဒေါ်ရေနံ့သာခင်ခင်ကြီးဟု ခေါ်တွင်နေပါလျက် သူတို့နှစ်ယောက်ကို “ဦး” တပ်ခေါ်ရန် လူတို့ဝန်လေးလျက်ရှိကြလေ သည်။ ထိုအတွက် သူတို့ နှစ်ယောက်၏စိတ်တွင် စနိုးစနောင့်ခံစားမိသည်လည်း အမှန်ပင်။
သို့ပေမဲ့ ခင်ခင်ကြီးဟူသည်ကား ဂုဏ်ဒြပ်အား ဖြင့် သူတို့ထက် များစွာမြင့်မားသည်။ ငွေကြေး ချမ်းသာ ကြွယ်ဝသည်။အသက်အရွယ် ပမာဏ ထက် ဂုဏ်နှင့်ကြေး ငွေ ပမာဏကို လူတို့ခံစားတတ် ကြသည်ဆိုခြင်းကို တွေ့ကြရသည်။
ဇာတိမြေနှင့် ကင်းကွာခဲ့သော်လည်း ဇာတိမြေရှိ လူ အချို့တို့ကို မေ့လျော့စပြုနေပြီဖြစ်သော်လည်း မောင်မောင်ဦးနှင့် ကိုကျော့မောင်တို့ နှစ်ယောက်မှာ များစွာ ကင်းကွာ ခြင်းမရှိခဲ့ကြ။ မကြာခဏဆိုသလို ကြုံဆုံမိကြမြဲပင်။
သူတို့၏ဘဝများမှာ တည်ငြိမ်ခြင်းကင်းသည်။ အထူးသဖြင့် ကိုမောင်မောင်ဦး၏ဘဝမှာ လှုပ်လှုပ် ခတ်ခတ်နိုင်လှသည်။
ပြောကြစတမ်းဆိုလျှင် ကိုကျော့မောင်၏ ဘဝကမှ တော်သေးသည်။ တစ်နေရာတွင် နှစ်နှစ်တန်သည် သုံးနှစ်တန်သည် ရပ်တည်နိုင်စွမ်းရှိသည်။ ကိုမောင် မောင်ဦးမှာကား ယင်းသို့ မဟုတ်။ ရံခါတွင် သူသည် မန္တလေးမှာ ရှိသည်။ ရံခါတွင် ရှမ်းပြည်တွင် သူ့ကို တွေ့ရတတ်သည်။ ရံခါတွင်မူ ရန်ကုန်သို့ ရောက်နေ ပြန်လေသည်။ အများအားဖြင့် သူသည် မန္တလေး၌ အနေများသည်။
ကိုမောင်မောင်ဦး၏ဘဝမှာ များစွာပဟေဠိဆန်သည်။ သူ့ကို အရင်းနှီးဆုံး မိတ်ဆွေဖြစ်သော ကိုကျော့မောင် ကိုယ်တိုင်ပင် နားလည်နိုင်စွမ်း မရှိခဲ့။ ကိုမောင်မောင်ဦးသည် သူ့ကိုယ်သူ တတ်နိုင်သမျှ ဇာတ်မြှုပ်နေသည်။ သူငယ်ချင်း အရင်းအချာဖြစ်သည့် ကိုကျော့မောင်ကိုပင် သူ့ဘဝ သူ့အကြောင်းများ ပြောပြရန် ဝန်လေးနေတတ်သည်။
ကိုမောင်မောင်ဦးသည် ဒုက္ခတစ်စုံတစ်ခု တွေ့ရပြီးချိန်တိုင်း ကိုကျော့မောင်ရှိရာသို့ ရောက်လာတတ်သည်။ ကိုကျော့မောင်သည်လည်း အကြောင်းကိစ္စ တစ်စုံတစ်ခုပေါ်လာပြီဆိုလေတိုင်း ကိုမောင်မောင်ဦး အား ရှာဖွေတွေ့ဆုံမိသည်ပင် ဖြစ်သည်။
သူတို့နှစ်ယောက်တွင် တူညီသော အချက်နှစ်ရပ်ရှိသည်။ ၎င်းမှာ ယခုတိုင်အောင် အထီးကျန်များ၊ လူလွတ်များ ဖြစ်နေကြခြင်းနှင့် ထာဝရ ငွေလိုလျက် ရှိကြခြင်းဖြစ်သည်။ အကြောင်းတစ်ခုခုဖြင့် ငွေရလာ ပြန်လျှင်လည်း ငွေသည် သူတို့ထံ၌ ကြာရှည်မနေ။ မကုန်မချင်း သုံးဖြုန်းပစ်တတ်ကြသည်ပင်။
သူတို့သည် တစ်နေရာတွင် အတည်တကျ မနေနိုင် ကြ။ သူတို့၏ စားအိမ်၊ သောက်အိမ်များမှာ သူငယ် ချင်း မိတ်ဆွေနှင့် ဆွေမျိုးအပေါင်းအသင်းတို့၏ အိမ်များသာဖြစ်သည်။
ယခုအခါ ကိုကျော့မောင်သည် အစ်မဝမ်းကွဲတစ်ယောက်ထံ သောင်တင်နေသည်။ သူ၏ အစ်မဝမ်းကွဲသည် မုဆိုးမဖြစ်လေသည်။ လင်ယောက်ျားဖြစ်သူ သေဆုံးသွားသောအခါ အမွေများစွာ ရလိုက်သည်။ ပါရမီရိပ်သာ၌ တိုက်သစ်ကလေး တစ်လုံးလည်း ကျန်ရစ်သည်။ သားသမီးများအနက်အချို့မှာ အိမ်ထောင်ရက်သားကျ၍ တင့်တင့်တယ်တယ် ရှိနေကြခြင်းဖြစ်သည်။
ကိုကျော့မောင်၏အစ်မကြီးသည် ဖဲတွင် ဝါသနာကြီးလှသည်။ အိမ်တွင် နေ့စဉ်လိုလို ကြေးကြီးဖဲဝိုင်း ဖြစ်သည်။ ကိုကျော့မောင်သည် တစ်ချပ်မှောက် ဝိုင်းတစ်ပိုင်း၌ အနိုင်ရဖူးသည်။ ထို့နောက် ဆက်တိုက်ဆိုသလို ဖဲရိုက်တိုင်း ရှုံးနေသည်။ သူကိုယ်ပိုင်ငွေ အပါအဝင် အစ်မဖြစ်သူထံမှ ချေးခဲ့သော ငွေများကုန်ခဲ့သည်။ ယခုအခါ ကြွေးလည်ပင်း ခိုက်နေသည်။
သူ၏ အစ်မကိုယ်တိုင် အတော်ကလေးထိခဲ့ရာ ချေးယူခဲ့သောငွေကို ပြန်လည်အလိုရှိနေသည်။ ယခု တလောတွင် သူ့အပေါ် များစွာကြည်ဖြူနိုင်စွမ်းမရှိအောင် ဖြစ်နေသည်။ ထိုအတွက် ကိုကျော့မောင်မှာ ခေါင်းမီးတောက်မတတ် ဖြစ်နေသည်။
အရက်ဆိုင်တွင် ကိုငှက်ရိုးနှင့် ဆုံရသည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီးအကြောင်း ကြားရသည်ဆိုလျှင်ပင် သူသည် တစ်နည်းတစ်လမ်းဖြင့် ငွေရပေါက်ရလမ်း ပေါ်ပေါက်လာ မလား အထင်ရှိခဲ့သည်။ သို့တိုင်အောင် မည်သို့မည်ပုံ ငွေထွက်လာအောင်လုပ်ရမည် မသိတတ်။
သည်အတွင်း ကိုမောင်မောင်ဦးအား သတိရလာသည်။ ကိုမောင်မောင်ဦးတွင် ငွေအသင့်ရှိလျှင် ဆွဲနိုင် မည်ဟု ထင်သည်။ မန္တလေးသို့ လာခဲ့သည်။ ကိုမောင် မောင်ဦးထံမှ ငွေအသင့်အတင့် ရခဲ့သည်။
သည်တွင်ပင် သူသည် ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် နန်းကိန္နရီတို့၏အကြောင်းများကို ကိုမောင်မောင်ဦးအား ပြောပြမိသည်။ ကိုမောင်မောင်ဦးက ချက်ချင်း ဆိုသလိုပင် သူနှင့်အတူ ရန်ကုန်သို့လိုက်ရန် ပြင်ဆင် သည်။ ရန်ကုန်သို့ လိုက်ပါလာခဲ့သည်။
နှစ်ပေါင်းများစွာ ငြိမ်သက်ခဲ့ရလေသောရင်တို့ ခုန်လာရပြန်သည်။ နှစ်အတန်ကြာ မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့သော အကြောင်းအရာတို့ စိတ်အတွေး၌ ပြန်လည်ပေါ်ပေါက်လာရပြန်လေပြီ။ ရင်မှာပူနွေးသော ဝေဒနာတို့ဖြင့် ပြည့်သိပ်လာပြန်သည်။
“မင်း ရေနံချောင်းကို ရောက်သေးသလား ကျော့မောင်”
ကိုမောင်မောင်ဦး၏ အမေး။
“တစ်ခါတလေတော့ ရောက်ပါတယ်။ ဒါပေမဲ့ ရေနံချောင်းဟာ ငါ့အဖို့ သူစိမ်းဆန်နေသလိုပဲ။ အသိအကျွမ်းတွေလည်း နည်းနေပြီ။ မြို့ကွက်တို့ဘာတို့ တိုက်တာ အိမ်ခြေတို့ရဲ့ အခြေအနေတွေကလည်း ပြောင်းကုန်ပြီ။ ငါရေနံချောင်းမှာ ကြာကြာမနေနိုင် ခဲ့ဘူး”
ကိုကျော့မောင်၏ စကားကို ကိုမောင်မောင်ဦး ခေါင်းတညိတ်ညိတ်လုပ်နေသည်။
“ငါတော့ မရောက်တာ ကြာလှပြီ။ တွက်ကြည့်တော့လည်း ရေနံချောင်းနဲ့ ပတ်သက်လို့ ငါ့မှာ ဘာသံယောဇဉ်မှ မရှိတော့ဘူး မဟုတ်လား။ ပြီးတော့ တချို့လူတွေက ကိန်းခန်းအကြီးချင်သားကွ သိ လား။ ခပ်ကြာကြာ ကွဲနေပြီး ပြန်တွေ့ကြတော့ တို့ငယ်ငယ်ကလို လည်ပင်းဖက်ပေါင်းတဲ့အတိုင်း ပေါင်းချင်မှပေါင်းလို့ရတာ။ မင်းနဲ့သာ ငယ်ငယ် ကလို မင်းတစ်လုံး ငါတစ်လုံးသုံးပြီး ဆက်ဆံလို့ ရတာ မဟုတ်လား”
စကားဆိုရင်းမှပင် ကိုမောင်မောင်ဦးသည် တစ်စုံတစ်ခုကို တွေးတောမိသလို စကားဖြတ်လိုက်သည်။ ပြီးမှ စကားဆက်သည်။
“ဒီမယ် ကျော့မောင်။ အခုလေ ငါ့ကိုယ်ငါ ပြန်ပြီး ဆန်းစစ်ကြည့်မိလာတယ်ကွ။ တကယ်တမ်းကျတော့ ငါဟာ ဥတစ်လုံးတစ်ကောင်ကြွက်လို လူတစ်ယောက်ပဲ။ ငါ့ဘက်က ပူပန်ရမယ့်လူ၊ တွယ်တာရမယ့်လူမရှိသလို ငါနဲ့ ပတ်သက်လို့ လည်း ဘယ်သူကမှ ပူပန်မှာမဟုတ်ဘူး။ ငါ့ကို ဘယ်သူ့မှ တွယ်တာမှာမဟုတ်ဘူး။ လောကကြီးမှာ ငါ့အပေါ် သံယောဇဉ်ရှိတဲ့ လူဆိုလို့ မင်းပဲရှိတယ်။ ငယ်ငယ်တုန်းကတော့ အကြောင်းမဟုတ်ဘူး။ အခုလို အသက်ကလေးထောက်လာတော့ တစ်ခုခု ကို တွယ်တာချင်သလိုလို၊ အလေးအနက်ထားချင် သလိုလိုပဲကွ။ အေးလေ ဒါကြောင့်လည်း ခင်ခင်ကြီးနဲ့ နန်းကိန္နရီရဲ့ အကြောင်းကို ကြားရင်ကြားချင်း ငါထလိုက်လာမိတာပဲ ဖြစ်မယ်ထင်တယ်”
သူတို့သည် ဝေဇယန္တာလမ်းအဆုံးသို့ ရောက်လာ သည်။ ပါရမီလမ်းဘက်သို့ ချိုးကွေ့လာခဲ့ကြသည်။
သည်တွင် ကိုကျော့မောင်သည် ဘာကိုအမှတ်ရသည်မသိ။ သီချင်းတစ်ပုဒ်ကို ကောက်ကာငင်ကာ သီဆိုလိုက်သည်။
“ရိုးတစ်လျှောက် ဖြိုးမောက်ပါတဲ့ လယ်ပတူ”
သည်သီချင်းကြောင့် ကိုမောင်မောင်ဦး၏ ကိုယ်မှာ ရုတ်တရက် ဆတ်ခနဲ ဖြစ်သွားသည်။ ခြေလှမ်းတုံ့သွားသည်။ သူသည် ကိုကျော့မောင်ကို စိန်းစိန်းကြီး စိုက်ကြည့်လိုက်လေသည်။
“မင်း ငါ့ကို နှိပ်စက်လိုက်တာလား ကျော့မောင်” သူ၏ အသံမှာ တုန်နေသည်။ ခက်ထန်နေသယောင် လည်း ထင်ရသည်။
“ဟား ... ဟား မောင်မောင်ဦး၊ မောင်မောင်ဦး။ ဒီ သီချင်းကို မင်းအမှတ်ရနေတုန်းပဲကိုးကွ။ ငါက မင်းမေ့များမေ့နေပြီလားလို့ ဆိုကြည့်တာပါ”
“မမေ့ဘူး ကျော့မောင် ဒီသီချင်းကို ငါ့တစ်သက် ဘယ်တော့မှ မမေ့ဘူး။ ငါနဲ့ ခင်ခင်ကြီးတို့ရဲ့ ရှားပါးတဲ့ အချိန်ကလေးအတွင်းမှာ အချိန်လုပြီး တွေ့ကြတယ်။ ခွဲရမယ့် အချိန်ရောက်လာမှာ သိပ်ကြောက်မိ တယ်။ ဒီသီချင်းဟာ ခွဲခွာမှုအတွက် အထိမ်းအမှတ်ပဲ။ သီချင်းသံကိုကြားရင် “အစ်ကို ခင်ကြီးပြန် တော့မယ်”လို့ ပြောခဲ့ပုံကလေးတွေဟာ ငါ့အသည်းမှာ ဖျက်မရတဲ့အမှတ်အသားလို ဖြစ်နေတယ်။ ဒီသီချင်း သံကိုကြားရင် ငါရင်နာရတယ် သူငယ်ချင်း”
ကိုမောင်မောင်ဦး၏မျက်ဝန်းတွင် မျက်ရည်ကြည် ရစ်ဝဲလာကြောင်းကို ကျော့မောင် အံ့အားသင့်စွာ တွေ့ရသည်။
မျက်ရည်ကြည်သည် မျက်လုံး အိမ်တစ်ခုလုံးတွင် ပြည့်လျှံနေကြောင်း မြင်ရသည်။
“ဆောရီးကွာ သူငယ်ချင်း၊ ငါက မင်း ဒီအထိ စိတ်ထိခိုက်သွားလိမ့်မယ် မထင်လို့ပါ။ ဘာပဲပြောပြော မင်း ခင်ခင်ကြီးအပေါ် သံယောဇဉ် မကုန်သေးပါဘူး”
ကိုကျော့မောင်သည် စကား၏အဆုံးပိုဒ်ကို အလေးအနက်ထား၍ ပြောလိုက်သည်။