မောင်သိန်းဆိုင်

 

 

ဒေါ်ရေနံ့သာခင်ခင်ကြီး ရောက်လာသည်ဆိုလျှင်ပင် ဦးမြတ်စံတို့ဇနီးမောင်နှံသည် ဇာတ်တိုက်နေရာမှ ပျာပျာသလဲ ထလာသည်။ ပျူပျူငှာငှာ ဆီးကြိုကြသည်။ လာရင်းအကြောင်းကို မေးသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးကို ဧည့်ခန်းသို့ သီးခြားခေါ် ယူလာသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးကို မြင်ရလျှင်အကြောင်း တစ်စုံတစ်ရာထူးခြားခြင်းရှိရမည်ဟု ကိုငှက်ရိုး တွေးသည်။ သူသည် အခန်းတစ်ခန်းကို ရပ်နား လိုက်ချိန်၌ ဆေးလိပ်ရှာသလိုလိုနှင့် ဧည့်ခန်းသို့လာသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် ဦးမြတ်စံတို့ ၏ ပြောစကားများကို နားစွင့်သည်။

 

ဦးမြတ်စံမှာ မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ငြင်းပယ်နေကြောင်း တွေ့ရသည်။

 

“ယုံပါ တူမကြီးရယ်၊ ဦးတို့ မုသားမပြောပါဘူး။ ဒီနာမည်မျိုးကို တူမကြီးပြောမှ ဦးတို့ကြားဖူးတာပါ။ လူကိုမြင်ဖူးဖို့ဆိုတာတော့ ဝေလာဝေးပါပဲကွယ်”

 

ဒေါ်ရေနံ့သာခင်ခင်ကြီးကို ကြည့်ရသည်မှာ အကြံအိုက်နေပုံရသည်။ စီးကရက်တစ်လိပ်ကို မီးညှိကာ အလျင်စလို ရှိုက်ဖွာနေသည်။ စီးကရက် မီးခိုးများကို မှုတ်ထုတ်လိုက်ခြင်းနှင့်အတူ ပြောသည်။

 

“ကျွန်မ ယတိပြတ်ပြောချင်တယ် ဦး။ ကျွန်မနဲ့ နန်းကိန္နရီရဲ့အကြားမှာ ဘာပြဿနာမှမပေါ်ချင်ဘူး။ ကျွန်မကိုပဲဖြစ်ဖြစ်၊ နန်းကိန္နရီကိုပဲဖြစ်ဖြစ် ဘယ်သူကမှ အနှောင့်အယှက်မပေးစေချင်ဘူး။ ဒီတော့ ဦးတို့ဘက်က ဘယ်သူကလာမေးမေး ကျွန်မတို့အကြောင်းကို တစ်စွန်းတစ်စမဟဘဲ နေဖို့ပါပဲ။ ဘာမှ မသိသလိုနေဖို့ပါပဲ။ ကျွန်မ နန်းကိန္နရီကို မွေးစားလိုက်တယ်ဆိုတဲ့အကြောင်း လူသိနည်းလေ ကျွန်မတို့အဖို့ အကောင်းဆုံးဖြစ်လေပဲ”

 

“ဒီအတွက် ဦးတို့ကို စိတ်ချပါ။ ဦးတို့ တတ်နိုင်သမျှ ထိန်းပါ့မယ်။ ဦးတို့ပါးစပ်က ဒီစကား ဘယ်အခါမှ မထွက်စေရပါဘူး။ အဲ ဒါပေမဲ့တစ်ခုတော့ရှိတယ်။ နန်းကိန္နရီရဲ့အကြောင်းကို သိထားတာက ဦးတို့လင်မယား နှစ်ယောက်တည်းမဟုတ်ဘူး။ အငြိမ့်တစ်ဖွဲ့လုံးက သိထားကြတာပဲ။ ဘူးတစ်ရာ ပိတ်လို့ရမယ်။ ပါးစပ်တစ်ပေါက်ပိတ်ဖို့ မလွယ်ဘူးဆိုတာလို”

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ဦးမြတ်စံ၏စကား မဆုံးမီ စိတ်မရှည်နိုင်သလို ဖြတ်ပြောလိုက်သည်။

 

“အို ဒီပါးစပ်ပေါက်တွေက ဘာမို့ပိတ်လို့မရရ မှာလဲ။ ပါးစပ်ပေါက်တွေကို ငွေနဲ့ပိတ်လိုက်ရင် အလိုလိုပိတ်သွားမှာပေါ့။ ဒီပါးစပ်တွေပိတ်ဖို့ ငွေဘယ်လောက်ကုန်ကုန် ကျွန်မအကုန်ခံမယ် ဦး”

 

“ရွှေ့၊ နိမ့်ဟ”

 

ကိုငှက်ရိုး၏ဝမ်းထဲမှ ကျိတ်၍ရွတ်ဆိုလိုက်မိသည်။ သူသည် ကျေနပ်စွာဖြင့် စကားဝိုင်းအနီးမှ ထွက်ခွာလာခဲ့သည်။

 

သည်အတိုင်းဆိုပါက မောင်မောင်ဦးဆိုသူ၏ပြော စကားမှာ အဓိပ္ပာယ်ရှိနေပါရော့လား။ သည်လူ အတော်လာဘ်မြင်တဲ့လူပေပဲဟု ကိုငှက်ရိုးစိတ်ထဲမှ ချီးကျူးသည်။ သည်နောက်ပိုင်းတွင် ဇာတ်တိုက်ရသည်ကို စိတ်မပါတော့။ သူသည် ဒေါ်ရေနံ့သာ ခင်ခင်ကြီးအား တစ်စုံတစ်ခုပြောချင်နေသည်။ ဘာပြောရမည်လည်း မသိတတ်။ ကိုမောင်မောင်ဦးဆိုသူ မပါဘဲ သူဘာမျှမပြောနိုင်သည်ကို တွေးမိလာသည်။ ကိုမောင်မောင်ဦးသည် သူ၏ရှေ့ဆောင်၊ သူ၏လမ်း ညွှန်၊ အရာရာ သူနှင့်တိုင်ပင်ရမည်။

 

သို့တိုင်အောင် သူသည် တစ်စုံတစ်ခုကို လုပ်ချင်လျက်ရှိလေသည်။ သူတတ်နိုင်သမျှ အလျင်ကြို၍ ဆောင်ရွက်ချင်နေသည်။

 

သို့ဖြင့် ညနေပိုင်းဇာတ်တိုက်ပြီးချိန်မှာ တယ်လီဖုန်းလမ်းညွှန်စာအုပ်တစ်အုပ်ဖြင့် အလုပ်ရှုပ်နေသော ကိုငှက်ရိုးကို တွေ့ရသည်။ သူသည် ဒေါ်ရေနံ့သာ ခင်ခင်ကြီးတည်းဟူသောအမည်ကို တယ်လီဖုန်း လမ်းညွှန်စာအုပ်၌ ရှာသည်။ အင်္ဂလိပ်စာ လေးငါး ခြောက်တန်းလောက် တတ်ထားသူဖြစ်၍ တယ်လီ ဖုန်းလမ်းညွှန်လောက်တော့ ရှာတတ်သည်ပင်။

 

တွေ့ပြီဆိုသည်နှင့်တစ်ပြိုင်နက် ဒိုင်ခွက်ကိုလှည့်သည်။ အဘယ်ကြောင့်ဟူ၍တော့မသိ။ ထိုစဉ်က သူ၏ရင်မှာ ခုန်နေလေသည်။

 

တစ်ဖက်မှ “ဟဲလို” ထူးသည်။ အသံမှာ မိန်းမသံ။

 

“နန်းကိန္နရီနဲ့ စကားပြောချင်လို့ပါ”

 

ကိုငှက်ရိုး ဆိုသည်။

 

“ဘယ်သူက ပြောချင်တာလဲ”

 

တစ်ဖက်မှ စစ်မေးလာ၍ သူ့အမည်ကို ပြောပြ လိုက်ရသည်။

 

“‌ဪ၊ ကိုငှက်ရိုးလား။ အခုပြောနေတာ ကျွန်မပါ။ ရေနံ့သာခင်ခင်ကြီးပါ”

 

ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် တိုက်ရိုက်တိုးလိုက်ရသည့်အတွက် ကိုငှက်ရိုး တုန်လှုပ်သွားသည်။ ရုတ်တရက် ဘာပြောရမည်မှန်းမသိ။

 

“ဘာကိစ္စလဲ ကိုငှက်ရိုး၊ အကြောင်းထူးရှိလို့လား ဟင်”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး၏အသံမှာ ကိုငှက်ရိုးအား အလိုကျပုံမရှိလှ။

 

“ကိစ္စရယ် ဘာရယ် မဟုတ်လှပါဘူး အစ်မကြီးရာ။ သတိရလို့ပါ၊ စကားစမြည် ပြောချင်လို့ပါ”

 

ဒေါ်ရေနံ့သာ ခင်ခင်ကြီးက နန်းကိန္နရီကို ခေါ်လိုက်ပုံရသည်။ စကားပြောခွက်မှ နန်းကိန္နရီအသံ ပေါ်လာသည်။

 

စင်စစ်တွင် ရေနံ့သာသို့ ရောက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နန်းကိန္နရီအမည်ဖြင့် တယ်လီဖုန်း လာခြင်းဖြစ်လေသည်။ ထိုအတွက် ရေနံ့သာ၌ အထူးအဆန်းဖြစ်နေသည်။

 

“အရီလား၊ ငါ ငှက်ရိုးပါဟ”

 

“ဪ၊ ဦးလေးကိုငှက်ရိုး၊ ပြော”

 

“အကြောင်းထူးတော့ မရှိပါဘူးဟာ၊ သတိရလို့ပါ။ နင် သူဌေးသမီးဖြစ်နေတော့ တို့ကိုများ မေ့နေပြီလားလို့”

 

“မမေ့ပါဘူး ဦးလေးရယ်။ အရီ့မှာ ဒီစိတ်ထားမျိုး မရှိဘူးဆိုတာ ဦးလေးအသိသားနဲ့”

 

“အေးပါ၊ ငါကလည်း စကားအဖြစ်ပြောတာပါ။ ဒါပါပဲ အရီ။ အားတဲ့အခါ တို့ဆီလည်းလာလည်ပါဦး ဟုတ်လား”

 

“ဟုတ်ကဲ့”

 

ကိုငှက်ရိုး စကားပြောခွက်ကို ချထားလိုက်သည်။

 

ကိုငှက်ရိုးသည် အကျေနပ်ကြီး ကျေနပ်နေသည်။ အနှစ်သိမ့်ကြီး နှစ်သိမ့်နေသည်။

 

နန်းကိန္နရီအား မည်သို့ ဆက်သွယ်ရမည်ဆိုခြင်းကို သိခဲ့ရပြီ။ သူ့ဘက်က တာဝန်ကျေခဲ့ပြီ၊ မောင်မောင်ဦး ဆိုသူ၏တာဝန်သာ ကျန်တော့မည်ဟု မှတ်ထင်နေသည်။ သူနှင့် အမြန်ဆုံးတွေ့ချင်နေသည်။

 

သို့နှင့်ပင် သူသည် စိတ်စောစွာဖြင့် အိမ်သို့ပြန်ခဲ့သည်။

 

မိမိအိမ်ကို အဝေးမှ လှမ်းမြင်လိုက်ရပြီဆိုသည်နှင့် တစ်ပြိုင်နက် ကိုငှက်ရိုးမှာ အအံ့ဩကြီး အံ့သြရ သည်။ အတုန်လှုပ်ကြီး တုန်လှုပ်ရသည်။

 

အကြောင်းမူ

 

သူ့အိမ်ရှေ့တွင်ရပ်ထားသော ဒေါ်ရေနံ့သာခင်ခင်ကြီး၏ မာစီဒီးကားကို မြင်လိုက်ရသောကြောင့်တည်း။

 

ကိုငှက်ရိုး ခြေလှမ်းတုံ့သွားရသည်။ တထိတ်ထိတ် ခုန်လာသည်။ စင်စစ် ဒေါ်ရေနံ့သာခင်ခင်ကြီးဟူသည် သူထင်သည်ထက်ပင် လျင်နေပါပကောဟု တွေးမိသည်။

 

သူသည် မဝံ့မရဲအမူအရာဖြင့် အိမ်အတွင်းဝင်ခဲ့ရ သည်။

 

သူ့ကိုမြင်ရလျှင်ပင် “ဪ၊ ကိုငှက်ရိုး” ဆိုကာ ဒေါ်ရေနံ့သာခင်ခင်ကြီး ထိုင်ရာမှထသည်။ တစ်ဆက် တည်းမှာပင် “ရှင်၊ ဒီအချိန်နဲ့မှပြန်လာပါ့မလားလို့၊ အကြာကြီးစောင့်ရဦးမှာလားလို့” ဆိုသည်။

 

ကိုငှက်ရိုးသည် စိတ်တည်ငြိမ်နိုင်ရန် အားထုတ်ရသည်။

 

“ဘာကိစ္စပါလိမ့် အစ်မကြီး။ အရေးတကြီးတွေ့ဖို့ ရှိလို့လားဟင်” မေးရသည်။

 

ရှိတယ်ဆိုပါတော့ ကိုငှက်ရိုး။ ဒီကနေ့ ရှင် ကျွန်မ အိမ်ကိုဖုန်းဆက်တာနဲ့ပတ်သက်လို့ပါ။ ရှင့်မှာ နန်းကိန္နရီကို ပြောစရာစကားတွေ အများကြီးရှိတယ်မဟုတ်လားဟင်”

 

 

ဒေါ်ရေနံ့သာ ခင်ခင်ကြီးက ကိုငှက်ရိုး၏မျက်ဝန်း သူငယ်အိမ်ကို စူးစိုက်ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။ သူ၏အကြည့်မှာ ရဲရဲစူးစူးနိုင်လှသည်။ မျက်ဝန်းများမှာ အရောင်ထွက်မတတ် တောက်ပနေသည်။ အကြည့်သည် မိမိကိုယ်တိုင်ကိုပင် ထုတ်ချင်းပေါက် ဖောက်ထွင်းသွားလေတော့မလား။မျက်လုံးမှသည် အသည်းနှလုံးဆီအထိ မြင်နိုင်စွမ်းရှိလေသလား စသည်ဖြင့် ကိုငှက်ရိုးထင်သည်။ ကိုငှက်ရိုးမှာ ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် မျက်လုံးချင်းဆိုင် မကြည့်ဝံ့ဘဲ မျက်လွှာချလိုက်ရသည်။

 

ကိုငှက်ရိုး၏အိမ်ရှင်မမှာ အခြေအနေကို နားလည်ဟန်ဖြင့် နောက်ဖေးဘက်သို့ ထွက်သွားသည်။

 

“မဟုတ်လား ကိုငှက်ရိုး၊ ဒီတုန်းက ကျွန်မနဲ့ အရင်တိုးမိလို့ ရှင်ပြောချင်တဲ့စကားတွေ မပြောဘဲ နေလိုက်တာမဟုတ်လား”

 

ဒေါ်ရေနံ့သာခင်ခင်ကြီးက ထပ်မေးသည်။ ကိုငှက်ရိုးမှာ အလိုလိုနေရင်းကပင် ချောက်ချားလာ မိသလိုရှိသည်။ တရားသူကြီးတစ်ဦး၏ရှေ့မှောက်သို့ ရောက်နေရသောတရားခံတစ်ဦးအသွင် မိမိ ကိုယ်ကိုယ် ထင်နေမိသည်။

 

“ကျွန်...ကျွန်တော် အမှန်အတိုင်းပြောရင် အစ်မကြီးယုံမလားဟင်”

 

“ပြောသာပြောပါ ကိုငှက်ရိုး”

 

ကိုငှက်ရိုးသည် ချောင်းဟန့်ရင်း စကားစသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အသက်လေးဆယ် နှစ်မြောက်မွေးနေ့မှ က၍အပြီး နန်းကိန္နရီနှင့် ပတ်သက်၍ ဒေါ်ရေနံ့သာခင်ခင်ကြီး သူ့ထံ လာရောက်စေ့ငု၍အပြန် ကလေးမုန့်ဖိုးဆိုကာ ပေးခဲ့သောငွေဖြင့် အရက်ဆိုင်သို့ ရောက်ရကာ မောင်မောင်ဦးဆိုသူနှင့် တွေ့ခဲ့ပုံ။ မောင်မောင်ဦးဆိုသူမှာ ရေနံချောင်းမှဖြစ်ပြီး ဒေါ်ရေနံ့သာခင်ခင်ကြီး ကိုသိနေပုံ၊ နန်းကိန္နရီအား တွေ့ချင်ကြောင်းပြောပုံ တို့ကို ကိုငှက်ရိုး ပြောပြရသည်။

 

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ကိုငှက်ရိုး၏ စကားများကို စိတ်ဝင်စားစွာ နားထောင်နေသည်။ အံကို တင်းတင်းကြိတ်ထားသည်။ မျက်လုံးများမှာ ပိုမိုအရောင်တောက်လာသည်ဟု ထင်ရပါသည်။

 

“သူက နန်းကိန္နရီကို ဘာအတွက်တွေ့ချင်ရတာလဲဟင်”

 

ကိုငှက်ရိုး၏စကားအဆုံး၌ ဒေါ်ရေနံ့သာခင်ခင် ကြီး မေးသည်။

 

ထိုအမေးကို ဖြေကြားရန် ကိုငှက်ရိုးနှုတ်လေးနေသည်။ အတော်ချည်းကြာမှ သက်ပြင်းရှိုက်ရင်း အဖြေပေးမိသည်။

 

“သူပြောတဲ့စကားတွေက ပြန်ပြောလို့တောင် ကောင်းမယ်မထင်ပါဘူးဗျာ။ သူ့ကိုကြည့်ရတာ ငွေလိုနေပုံပါပဲ။ သူကနန်းကိန္နရီကို အကြောင်းပြုပြီး အစ်မကြီးကို တစ်နေ့ ရွှေဥတစ်လုံး ဥပေးနိုင်တဲ့ ငန်းမကြီးဖြစ်အောင် လုပ်ရမတဲ့”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး အံ့အားသင့်သွားရသည်။

 

ဆက်လက်ဖော်ပြပါမည်။