ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

 

“ဟုတ်ကဲ့ခင်ဗျ”

 

“ဪ ကိုငှက်ရိုး”

 

“ဟုတ်ကဲ့ အစ်မကြီး”

 

“ရှင့်လူကို ပြောလိုက်စမ်းပါ။ ကျွန်မအနေနဲ့ သူရဲ့ ချစ်ခြင်းမေတ္တာကို အစက ဒီထက်မက တန်လိမ့်မယ် ထင်ခဲ့တယ်လို့။ ဒီထက်မက တန်ဖိုးရှိလိမ့်မယ် ယူဆခဲ့တယ်လို့။ အခုတော့ သူတန်ဖိုးဖြတ်လိုက်တာက မဖြစ်စလောက်ကလေးပါလား။ နည်းလွန်းလှချေကလားရှင်။ နောက်တစ်ခုကလည်း သူတောင်းတဲ့ငွေဟာ ကျွန်မဘုရားလည်ဖူးရင် သူတောင်းစားတွေကို စွန့်ကြဲခဲ့တဲ့ ငွေလောက်ပဲရှိတယ်ဆိုတာကိုလည်း တစ်ဆိတ် ကျေးဇူးပြုပြီး ပြောပေးစမ်းပါ ကိုငှက်ရိုး”

 

“ဟုတ်ကဲ့ အစ်မကြီး ပြောလိုက်ပါ့မယ်”

 

တစ်ဖက်က နှုတ်ဆက်စကားမဆိုဘဲ စကားပြောခွက်ကို ချထားလိုက်သည်။

 

လာလမ်းအတိုင်း ပြန်ခဲ့စဉ်တွင် သူ၏ခြေလှမ်း များမှာ နှေးကွေးလေးလံနေသည်။ မိမိကိုယ်ကို မြွေနှင့် မီးနှင့် ကစားသူများ ဖြစ်နေလေပြီလား ထင်သည်။ ငွေရသည်ကတော့ဟုတ်ပါပြီ၊ ထိုအတွက် အားထုတ်ရသည်မှာလည်း မည်သို့မျှ ပင်ပန်းခက်ခဲခြင်း မရှိသည်မှာလည်း မှန်ပါပြီ။ သို့စဉ်လျက် ပြဿနာမှာ အလွယ်နှင့်မှပြီးပါ့မလား။ ရှေ့အဖို့တွင် အခက်အခဲများနှင့် ကြုံဆုံရလေမည်လား စသည်ဖြင့် ကိုငှက်ရိုး ရင်လေးစွာတွေးနေမိသည်။

 

သူသည် ဆိုင်သို့ပြန်ရောက်ခဲ့သည်။

 

“အဆင်ပြေရဲ့ မဟုတ်လား ကိုငှက်ရိုး”

 

မောင်မောင်ဦးဆိုသူမေးသည်။

 

“ပြေပါတယ်”

 

ကိုငှက်ရိုးသည် တိုတိုပင်အဖြေပေးသည်။ သူ့အနေနှင့် သူစိမ်းရှေ့တွင် ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် ပြောခဲ့သော စကားများကို ပြန်ပြောမပြချင်။ မောင်မောင်ဦးဆိုသူကလည်း ပြောစေချင်ဟန်မရှိ။

 

သူတို့သည် ဝိုင်းကိုအတန်ကြာအထိ ဆက်ကြပြီးနောက် ကိုငှက်ရိုးကပင်စ၍ လူစုခွဲဖို့ပြောသည်။ ဆိုင်မှထွက်ခဲ့သည်။

 

“သူငယ်ချင်း မင်းပြန်နှင့်ပေတော့။ ငါ သူနဲ့ ခဏ လိုက်သွားလိုက်ဦးမယ်”

 

မောင်မောင်ဦးဆိုသူပြောသည်။ သူ၏အဖော်သည် ဘာမျှမပြောဘဲ ထွက်ခွာသွားသည်။

 

“သူက ဘယ်သူလဲဗျ”

 

ကိုငှက်ရိုး စပ်စုမိသေးသည်။

 

“ကျုပ်ရဲ့ သူငယ်ချင်းတစ်ယောက်ပါဗျာ”

 

မောင်မောင်ဦးဆိုသူ့ ခပ်ပေါ့ပေါ့ပြောသည်။

 

“ဘာဖြစ်လို့ မေးတာလဲဟင်”

 

ထပ်မေးသည်။

 

“ဪ၊ ဒီလူ့ကိုကြည့်ရတာ တစ်ယောက် ယောက်နဲ့တူသလားလို့။ မြင်ဖူးတဲ့လူလားလို့”

စကားပြတ်သွားကြသည်။

 

အိမ်သို့လျှောက်လာကြရင်း ကိုငှက်ရိုးက ဒေါ်ရေနံ့ သာခင်ခင်ကြီးနှင့် ဖုန်းဆက်ခဲ့သည့်အကြောင်းများကို ပြန်ပြောပြသည်။ မောင်မောင်ဦးဆိုသူက ခပ်ပေါ့ပေါ့ပင်။ အရေးမကြီးလှသလို နားထောင်နေသည်။

 

“သူ့ဆီက ကိုယ်လိုသလောက်ရခဲ့ပြီပဲဗျာ။ သူ့ကို ဆက်ပြီးဒုက္ခမပေးပါနဲ့တော့ပေါ့။ မဟုတ်လား”

 

စကားအဆုံး၌ ကိုငှက်ရိုးက တရားချမိသေးသည်။

 

သို့ဖြင့် အိမ်သို့ရောက်လာကြသည်။ မကြာမီမှာပင် မာစီဒီးကား ဆိုက်လာသည်။ ဒရိုင်ဘာလုပ်သူသည် စကားတစ်ခွန်းမျှလည်းမပြော။ သူတို့၏မျက်နှာကိုလည်းမကြည့်၊ သတင်းစာစက္ကူဖြင့်ထုပ်ထားသော အထုပ်တစ်ထုပ်ကို သူတို့နှစ်ယောက်ရှေ့သို့ ဘုံးခနဲပစ်ချလိုက်သည်။ ဘာမပြောညာမပြောနှင့်ပင် ပြန်လည်ထွက်ခွာသွားသည်။

 

အစသော် ကိုငှက်ရိုးရော မောင်မောင်ဦးဆိုသူပါ ကြောင်နေကြသည်။ အံ့အားသင့်နေကြသည်။အထုပ် ကိုသာ မျက်တောင်မခတ်တမ်း ငေးနေမိကြသည်။

 

နောက်မှ မောင်မောင်ဦးဆိုသူက အထုပ်ကိုကောက်ကိုင်သည်။ အပေါ်မှပတ်ထားသောစက္ကူကို ဖြဲကြည့်သည်။ အထဲတွင် နှစ်ဆယ်တန် ငွေစက္ကူများ ကို တွေ့ရသည်။

 

ကိုငှက်ရိုးမှာ ဝမ်းသာရမည်လား၊ ဝမ်းနည်းရမည်လားမသိ။ အသိဟူသမျှ တွေနေသည်။ ဝေနေသည်။ တစ်ကိုယ်လုံးပင် တဆတ်ဆတ်တုန်ချင်လာသည်။

 

မောင်မောင်ဦးဆိုသူက ငွေစက္ကူတစ်ထပ်ကို ထုတ်ယူသည်။ နှစ်ဆယ်တန်ငါးချပ် အခေါက်ဆယ်ခေါက် ရေတွက်လိုက်သည်။ ကိုငှက်ရိုးအား လှမ်းပေးသည်။

 

ကိုငှက်ရိုးသည် ငွေကိုယူလိုက်သည်။ နည်းသည်များသည်မပြော။ စင်စစ်တွင်လည်း သူ၏တစ်သက် တာ၌သည်မျှ များပြားသောငွေကို တစုတလုံးတည်း ဆုပ်ဆုပ်ခဲခဲ ရခဲ့ဖူးသည်မဟုတ်။ ငွေနှစ်ထောင်ကို တစ်နေ့တည်းရလိုက်ရသည်ဆိုခြင်းမှာ သူ့အဖို့ ကြီးစွာသော လာဘ်ရွှင်ခြင်းပေတည်း။

 

မောင်မောင်ဦးဆိုသူ ငွေထုပ်ပိုက်လျက် နှုတ်ဆက် ပြန်သွားသည်။

 

ကိုငှက်ရိုးကား တစ်ကိုယ်တည်း စိတ်တွက်တွက်လျက် ကျန်ရစ်သည်။ သူသည် အခြားအရာများကို မတွေးတော့။ ငွေနှစ်ထောင်အနက်မှ တစ်ထောင်ကို အိမ်ပြင်မည်။ ကျန်တစ်ထောင်ထဲမှ ငါးရာကို သုံးဖို့ ထားမည်။ ငါးရာကိုတော့ မိန်းမက လိုချင်လှပါသည်ဟု တဖွဖွပြောနေသော ယိုးဒယားဘတ်ကြိုး တစ်ကုံး ဝယ်ပေးလိုက်မည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် ပတ်သက်၍မူ သူပြောခဲ့သလို တစ်သက်လုံး တစ်ခါမျှ မသိဖူးခဲ့သလိုပင် နေတော့မည်ဟု ဆုံးဖြတ်သည်။ လမ်း၌တွေ့လျှင်ပင် နှုတ်မဆက်တမ်းပေါ့။

 

စင်စစ်သည်အဖြစ်ကြောင့် ဒေါ်ရေနံ့သာခင်ခင်ကြီး နှင့် တစ်ကြိမ်သောကာလတွင် ထပ်မံရင်ဆိုင်ရဦး မည်ဆိုခြင်းကိုလည်း မစဉ်းစားမိ။ မတွေးမိ။

 

ပစ္စက္ခ၌မူ ကိုငှက်ရိုးသည် သူ့အတွေးနှင့်သူ ကြည်နူးနေပါချေ၏။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ခြံဝင်းအတွင်း၌ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။

 

သူ့ကိုကြည့်ရသည်မှာ စိတ်တည်ငြိမ်နိုင်ပုံမရ။ လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးအား သည်ပုံစံမျိုးဖြင့် တစ်ကြိမ်တစ်ခါမျှ မမြင်ရစဖူး၊ သည်မျှ စိတ်ယောက်ယက်ခတ်နေခြင်းမျိုးကို မတွေ့ရစဖူး။ ထို့ကြောင့် နန်းကိန္နရီအပါအဝင် တစ်အိမ်သားလုံး အနေရကျဉ်းကျပ်နေသည်။ ဘာလုပ်၍ ဘာပြောရမည်လဲ မသိတတ်။

 

ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏ရင်အတွင်း ဝင်ကြည့်မည်ဆိုပါက အဘယ်မျှ ပူလောင်ပြင်းပြနေမည်ကို သိနိုင်မည်။ သူ၏နှလုံးသားမှာ နာကြည်းခြင်း၊ ခံပြင်းခြင်းများဖြင့်  တဆတ်ဆတ်ခါနေသည်။ ကြိတ်မနိုင် ခဲမရ ဖြစ်နေသည်။

 

စင်စစ် ငွေတစ်သောင်းဆိုသည်မှာ သူ့အတွက် ဘာမျှဖြစ်လောက်သော ငွေမဟုတ်၊ ယင်းငွေကို ပေးလိုက်ရသည့်အတွက် သူ့တွင်မည်သို့မျှ ထိခိုက်နစ်နာခြင်းလည်း မဖြစ်ခဲ့။ သို့တိုင်အောင် သည်ငွေ တစ်သောင်းမှာ သူသုံးခဲ့ဖူးသည့်ငွေများအနက် နှမြောစရာအကောင်းဆုံးငွေဟု ထင်သည်။

 

သည်ငွေတစ်သောင်းကို သူ၏အသည်းနှလုံး တစ်မြုံတစ်မလုံးနှင့် လဲလှယ်လိုက်ရသည့်ငွေဟုထင်သည်။ အချစ်နှင့် လဲလှယ်လိုက်ရသည့်အရာဟု တွက်သည်။ တစ်သက်လုံး ထိန်းသိမ်းချုပ်တည်းခဲ့ရ သမျှ အလဟဿပါကလားဟု တွေးသည်။

 

ရင်ထဲတွင် အခြားမည်သည့်ခံစားရမှုမျှ မရှိတော့။ နာကြည်းခံပြင်းခြင်းဝေဒနာကသာ လွှမ်းမိုးကြီးစိုးနေသည်။ ယင်းဝေဒနာသည် စိတ်အတွေးကိုသာမက လူကိုပါ ယောက်ယက်ခတ်မျှ လှုပ်ရှားစေသည်။ ငွေ အပို့ခိုင်းလိုက်သော မာစီဒီးကား ပြန်လာသည်။ ဦးမွန်ကြီးက တံခါးဖွင့်ပေးသည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီးကို တံခါးအနီးတွင် တွေ့ရသဖြင့် ကားရပ် လိုက်သည်။ ဒရိုင်ဘာသည် မော်တော်ကားတံခါး ပေါက်မှ ခေါင်းပြူထွက်လာသည်။

 

“ပေးခဲ့ပြီလား”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး မေးသည်။

 

“ဟုတ်ကဲ့”

 

ဒရိုင်ဘာက ဖြေသည်။

 

“ဘယ်သူ့ကိုပေးခဲ့တာလဲ”

 

“ဟိုလူပြက်နဲ့ တခြားလူတစ်ယောက်ကိုပဲ”

 

ဒါပဲပေါ့။ ပြီးပြီပေါ့။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည်  တစ်ဝက်မက ရှည်သော စီးကရက်ကို လွှင့်ပစ်ရင်းက ပြောလိုက်သည်။  ဒရိုင်ဘာသည် ကားကိုဂိုဒေါင်သို့ အရောက် မောင်းသွားသည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီးသည် ဦးမွန်ကြီးထံလာသည်။ ဦးမွန်ကြီးသည် သူ့ထံမှအမိန့်ကို နာခံရန် အသင့်ဖြစ်နေသည်။

 

“ဒီမယ် ဦးမွန်ကြီး ကျွန်မပြောတဲ့စကားကို သေသေချာချာနားထောင်စမ်းပါ။ ဒီနေ့ကစပြီး ကျွန်မတို့ အိမ်ခြံဝင်းထဲကို ဘယ်သူစိမ်းမှမဝင်စေနဲ့။ အထူးသဖြင့် ဦးမွန်ကြီး ဟိုတစ်နေ့ကတွေ့ခဲ့ရတယ် ဆိုတဲ့လူ၊ သူ့နာမည် မောင်မောင်ဦး၊ နောက်ကိုငှက်ရိုးဆိုတဲ့လူ၊ အဲဒီလူတွေဆိုရင် ခြံဝင်းထဲ အဝင်ခံဖို့နေနေသာသာ ခြံရိပ်ကိုတောင် မနင်းစေနဲ့။ ဦးမွန်ကြီးကို ကျွန်မ အာဏာကုန်လွှဲအပ်တယ်။ ဦးမွန်ကြီးရဲ့ အစွမ်းအစကိုလည်း ကျွန်မမြင်ချင်တယ်။ နောက်တစ်ခုက တကယ်လို့ လက်လွန်ခြေလွန်ဖြစ်သွားပေစေဦး၊ ဘာတစ်ခုမှမပူနဲ့ ဦးမွန်ကြီးဖက်က ကျွန်မမားမားရပ်မယ်၊ အစစအရာရာ ကျွန်မတာဝန်ယူမယ်။ ဟုတ်ပြီလား ဦးမွန်ကြီး”

 

ဦးမွန်ကြီးသည် တိုက်ပွဲတစ်ပွဲတိုက်ရအံ့သော အချိန်၌ စစ်ခေါင်းဆောင်၏အမိန့်ကို ဦးလည်မသုန် နာခံနေသော စစ်သားကောင်းတစ်ယောက် နှယ် ဒေါ်ရေနံ့သာခင်ခင်ကြီး၏စကားကို စေ့စပ် သေချာစွာ နာခံမှတ်သားနေလေသည်။

 

ကိုကျော့မောင်နှင့် ကိုငှက်ရိုးတို့နှစ်ယောက် တီးတိုးလုပ်နေကြသည်ကိုလည်း မြင်ရသည်။ ကိုကျော့မောင်က ဗြုန်းစားကြီးဆိုသလို ချေးယူထားသော ငွေငါးထောင်ကိုပြန်ဆပ်သည်။ ကိုကျော့ မောင်တွင် သုံးစွဲစရာ လက်ကျန်ငွေလည်း ရှိနေသေးသည်။ ထိုအဖြစ်များအတွက် ကိုမောင်မောင်ဦး မှာ တအံ့တသြကြီး ဖြစ်နေရသည်။ ကိုကျော့မောင် နှင့် ကိုငှက်ရိုးတို့တွင် တစ်ခုခုရှိရမည်ဟု တွက်သည်။ သို့ပေမဲ့ ဖွင့်မေး၍ မကောင်းတတ်ဟုတွေးကာ ငွေကိုလက်ခံပြီးနောက် တစ်စုံတစ်ရာမျှ မမေးဘဲနေခဲ့သည်။ ငွေအကြောင်းနှင့်စပ်လျဉ်း၍ တစ်စွန်း တစ်စမျှမဟဘဲ နေခဲ့သည်။ယင်းအချိန်တွင် ကိုကျော့မောင်မှာ များစွာ စိတ်လှုပ်ရှားလျက် ရှိလေသည်။

 

အစသော် ဒေါ်ရေနံ့သာခင်ခင်ကြီးထံမှငွေကို လက်ခံခဲ့ခြင်းအတွက် သူ့မှာအလေးအနက် တွေးတောစဉ်းစားချက် တစ်ချက်မျှမရှိခဲ့ချေ။ ယင်းငွေကိုသည်မျှ မြန်မြန်ဆန်ဆန်ကြီး လက်ခံ ရရှိလိမ့်မည်ဟုလည်း မတွေးခဲ့။ သည်မျှ များပြား သောငွေကို သည်လို လွယ်လွယ်ကူကူရလိမ့်မည် မထင်ခဲ့။

မည်သို့မျှ မျှော်လင့်ထင်မှတ်ခြင်း မရှိပါဘဲလျက် ငွေကို ရုတ်တရက် လက်ခံရရှိလိုက်လေတော့လည်း အံ့အားသင့်ရသည်မှအပ အခြား ဘာမျှမတွေးတတ်နိုင်။ တွေးဖို့တော့ အချိန်မရလိုက်။

 

ဆက်လက်ဖော်ပြပါမည်။