မောင်သိန်းဆိုင်
ယမန်နေ့မှအဆက်
“မင်းဆီမှာရှိတဲ့ငွေပေး”
“ဘာလဲမောင်မောင်ဦး အခုချက်ချင်းသွားပေး တော့မလို့လား”
“ဒါပေါ့”
“အချိန်ကိုလည်းကြည့်ပါဦး”
“ကိစ္စမရှိပါဘူး”
“မနက်ဖြန်မနက်ကျမှပဲ လုပ်ပါလားကွာ”
“သူငယ်ချင်းရာ၊ ဒီညတစ်ညလုံး အိပ်မပျော်နိုင် မယ့်အတူတူ ကိစ္စပြီးအောင် ရှင်းလိုက်ကြပါစို့”
ကိုကျော့မောင် ဘာပြောရမည် မသိတတ်တော့ ပြန်။ ညကြီးမင်းကြီး ငွေထုပ်ပိုက်၍ သွားရမည့် အဖြစ်ကိုမူ လိုလားနိုင်ခြင်းမရှိသည်အမှန်ပင်။ သို့ပေမဲ့ မောင်မောင်ဦးကို တားဆီး၍ မရနိုင်မှန်း သိသည်။ ငယ်သူငယ်ချင်းမို့ သူ့အကြောင်းကို အစင်းသိသည်။ သည်ကောင်က လူတစ်မျိုး။ သူလုပ်ချင်မိပြီဆိုလျှင် မည်သူမျှ တား၍ရတတ်သည်မဟုတ်။ ဖျောင်းဖျ၍ နာခံမည့်သူမဟုတ်။ ဇွတ်တရွတ်နိုင်သည်။ အဆုံးတွင် သူ့ကိုသာ အလျှော့ပေးရတတ်သည်။
ကိုကျော့မောင် လက်မှနာရီကို ကြည့်သည်။ တစ်နာရီ။
သူ့စိတ်မှာ အလိုလိုနေရင်း လေးလံလာသည်။ ရင်ထဲမှာ ထင့်နေသည်။
“မနက်ကျမှ သွားကြရအောင်ပါကွာ”
နောက်ဆုံးအကြိမ်အဖြစ် ပြောကြည့်မိသေးသည်။
“မင်းနေခဲ့ပါ။ ငါ့ဘာသာသွားမှာပါ။ မနေ့ညကလည်း ဒီအချိန်လောက်မှာ ငါရေနံ့သာရှေ့ကို ရောက်ခဲ့သေးတယ်”
“ဟုတ်လား”
ကိုကျော့မောင် အံ့အားသင့်ရသည်။ ယမန်နေ့ညကအကြောင်းကို ယခု ကြားရခြင်းဖြစ်သည်။ သည်တော့လည်း စိတ်ထဲမှာ အနည်းအပါးဆိုသလို ပေါ့ပါးရသည်။ အင်း အပြောမြန်ပေလို့သာပဲ ထင်သည်။
“ဒီငွေတွေနဲ့ မင်းတစ်ယောက်တည်းသွားလို့ ဘယ်ဖြစ်မလဲ။ ငါလိုက်ခဲ့ပါမယ်ကွာ”
သို့ဖြင့် သူတို့နှစ်ယောက် အိမ်မှ ထွက်ခဲ့ကြသည်။
ညသည် ယမန်နေ့ညကနှင့် လုံးဝမတူချေ။ ယမန်နေ့ညက ကောင်းကင်မှာ ကြည်လင်နေသည်။ လဝန်းပေါ်ထွန်းနေသည်။ သည်ကနေ့ည တွင်မူ ကောင်းကင်တွင် မိုးရိပ်မိုးဆင်ကို တွေ့ရသည်။ လမသာ၊ ကြယ်မမြင်ရ၊ တိမ်ဖြင့် ပိန်းပိတ်နေသည်။ မိုးနံ့ရနေသည်။
မိုးခြိမ်းသံများကို ကြားရသည်။ တစ်ခါတစ်ရံ လျှပ်စီးလက်ပြက်တတ်သည်။
လူတို့အိပ်စက်ကုန်ကြလေပြီ။ လမ်းပေါ်မှာ သူတို့နှစ်ယောက်တည်းရှိသည်။ ကမ္ဘာလောကတစ်ခုလုံး အိပ်မောကျနေချိန်၌ မိမိတို့သာ လှုပ်ရှားသွား လာနေကြသည်ထင်ရ၏။ ကိုကျော့မောင်မှာ သွားရ ပြန်ရမည့်ခရီးကိုတွက်ရင်း ရင်မောနေမိသည်။
သို့ပေမဲ့ ကံအားလျော်စွာ ကမ္ဘာအေးဘုရား အရောက်တွင် ညဉ့်လုံးပေါက်ပြေးဆွဲသော အငှားသုံး ဘီးကားကိုရသည်။ သူတို့ကားပေါ်သို့ရောက်ချိန်၌ မိုးတဖွဲဖွဲရွာကျလာသည်။
ဦးမွန်ကြီးသည် ခိုအိမ်လေးထဲမှနေကာ တဖွဲဖွဲရွာကျနေသော မိုးပွားကလေးများကို စူးစိုက်ကြည့်နေ သည်။သည်ကနေ့ည သူ တဝါးဝါးသမ်းဝေနေသည်။ မိုးတဖွဲဖွဲရွာနေသောညမျိုးကို သူ့လိုခြံစောင့်တိုင်းက မုန်းတီးတတ်ကြပေသည်။
စင်စစ်တွင်လည်း အခြားသူတို့ အိပ်စက်နေချိန်၊ အမှောင်ကြီးစိုးထားချိန်တွင် မိမိအနေနှင့် မအိပ်စက် ရပဲနေသည့်အဖြစ်ကို ဦးမွန်ကြီး မကြာခဏ မကျေ မနပ်ဖြစ်ခဲ့ဖူးသည်။ လောကတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေချိန်တွင် တစ်နာရီပြီးတစ်နာရီ အချိန်များ ကုန်ဆုံးပစ်နေရသည့်အဖြစ်မှာ အသည်းနာစရာ ကောင်းသည်ဟု ဦးမွန်ကြီး အသိသားပင်။ ဝမ်း တစ်ထွာအတွက်သာ မဟုတ်ပါက သည်အလုပ် လောက် စိတ်မရှည်ချင်စရာကောင်းသောအလုပ်ကို သူလုပ်မိမည်မဟုတ်။ အထူးသဖြင့် မိုးက ခုနစ်ရက် ခုနစ်လီ ဆက်ပြီးရွာချနေချိန် သို့မဟုတ် မိုးဖွဲကလေးတွေ ခပ်ကျဲကျဲရွာနေချိန်မျိုးတွင် မိမိဘဝကို မိမိ နာကြည်းလာမိလောက်အောင် ပျင်းရိခြင်းကို ခံစားရတတ်သည်။ ယင်းညမျိုးကို ဦးမွန်ကြီး မုန်းတီးမိသည်။
ယင်းအချိန်မှာပင် ဦးမွန်ကြီးအတွက် အပျင်းပြေရ စေမည့် အဖြစ်အပျက်တစ်ရပ် ပေါ်ပေါက်လာသည်။
ခြံရှေ့တွင် သုံးဘီးကားတစ်စီး ထိုးဆိုက်လာခြင်း ဖြစ်သည်။ ဦးမွန်ကြီးသည် ပေါ့ပါးဖျတ်လတ်စွာဖြင့် ထိုင်ရာမှ ထလိုက်လေသည်။
ကိုမောင်မောင်ဦး သုံးဘီးကားပေါ်မှ ဆင်းသည်။ ရေနံ့သာခြံတံခါးဝသို့ ကပ်လာသည်။ သည်တွင်ပင် သူသည် သူနှင့်တံခါးတစ်ဖက်တစ်ချက်စီ မျက်နှာ ချင်းဆိုင်ရပ်လင့်နေသော ဦးမွန်ကြီးကို ပက်ပင်းပါ တွေ့လိုက်ရလေသည်။
“ခင်ခင်ကြီးနဲ့တွေ့ချင်လို့”
ကိုမောင်မောင်ဦး ဆိုသည်။
“ခင်ဗျား လာနှောင့်ယှက်တာ ဒါပါနဲ့ဆို နှစ်ခါရှိပြီ”
ဦးမွန်ကြီးက ကိုမောင်မောင်ဦးကို မှတ်မိဟန်ဖြင့် ဆိုသည်။
“ဒီတစ်ခါလာတာ နှောင့်ယှက်ဖို့မဟုတ်ပါဘူး။ ရှင်းစရာရှိလို့ပါ။ ဒီလိုလုပ်ဗျာ အထဲကိုမဝင်နဲ့ဆိုရင် မဝင်ပါဘူး။ ခင်ခင်ကြီးကို ဒီနေရာခေါ်ပေးပါ။ ဟုတ်လား”
“သူ အိပ်နေပြီ”
“မောင်မောင်ဦးက ငွေကိစ္စပြောချင်လို့ပါဆိုရင် သူထလာမှာပါ”
ကိုမောင်မောင်ဦး၏စကားကို ဦးမွန်ကြီးကျိတ်ရယ်လိုက်သည်။ အင်း ... တစ်ပွဲတစ်လမ်း တွေ့ရဦး တော့မှာပါကလား တွေးသည်။
“သူ အိပ်ရာက ဘယ်နည်းနဲ့မှ ထမလာပါဘူး၊ ပြီးတော့ သူကျုပ်ကိုလည်း ယတိပြတ်အမိန့်ပေးပြီးသား ပဲဟာ။ ခင်ဗျားကို ခြံဝင်းထဲဝင်ခွင့်ပေးဖို့မပြောနဲ့ ခြံရိပ်တောင် မနင်းစေရဘူးတဲ့”
ကိုမောင်မောင်ဦး အကြံအိုက်သလိုဖြစ်သွားသည်။ သူသည် တံခါးမှကျော်ကာ အိမ်ဆီသို့ ကြည့်သည်။ တစ်အိမ်လုံး မှောင်ကျနေသည်။ ငြိမ်သက်တိတ်ဆိတ် နေသည်။
“တဆိတ် ကျေးဇူးပြုပြီး ဆောင်ရွက်ပေးစမ်းပါဗျာ။ ခင်ခင်ကြီးကို ခေါ်ပေးစမ်းပါ။ ကိစ္စက သိပ်ကိုအရေး ကြီးနေလို့ပါ”
“ကျုပ် စကားနှစ်ခွန်းမပြောတတ်ဘူး။ ခင်ဗျားပြောတာတွေ တစ်ခုမှလုပ်မပေးနိုင်ဘူး။ အကောင်းဆုံးကတော့ ဒီနေရာကနေ ချက်ချင်းလှည့်ပြန်သွားဖို့ပဲ”
ကိုမောင်မောင်ဦး၏မျက်နှာမှာ တင်းမာလာသည်။ မျက်လုံးများက အရောင်တောက်လာသည်။
“ဒီမယ် ကျွန်တော်တောင်းပန်ပါတယ်ဗျာ။ သူနဲ့ မတွေ့ရင် မဖြစ်လို့ပါ”
ဦးမွန်ကြီး စိတ်တိုလာလေပြီ။ လက်ဝှေ့သမား ဟောင်းတစ်ဦးဖြစ်သည်နှင့်အညီ စိတ်တိုလာသည် ဆိုသည်နှင့်တစ်ပြိုင်နက် ဆေးထချင်သလိုလို၊ နတ်ပူးချင်သလိုလို၊ အာဠာဝကကပ်ချင်သလိုလို ဖြစ်လာသည်။
“နောက်ဆုံးပြောလိုက်မယ်၊ အခုလည်း မတွေ့ ရဘူး၊ နောင်ကိုလည်း မတွေ့ရဘူး၊ ဒါပဲ”
ကိုမောင်မောင်ဦးမှာ ခံပြင်းသလို ဖြစ်လာသည်။
“မနက်မိုးလင်းချင် လင်းစေဗျာ၊ ခင်ခင်ကြီးနဲ့ မတွေ့ရမချင်း ကျုပ်မပြန်ဘူး”
“ရော...ဒီလူခက်နေပါရော့လား”
ဦးမွန်ကြီးသည် တစ်ကိုယ်တည်းညည်းညူသလို ဆိုလိုက်သည်။ သူသည် တံခါးသော့ခလောက်ကို ဖွင့်လိုက်သည်။ သည်တော့လည်း ကိုမောင်မောင်ဦးမှာ သူ့အတွက် တံခါးဖွင့်ပေးသည်ဟု ထင်ပုံရသည်။ ဝမ်းပန်းတသာ ဖြစ်သွားသည်။
တံခါးသည် လူတစ်ကိုယ်စာ ပွင့်သွားသည်။ ကိုမောင်မောင်ဦး အလျင်စလိုဝင်သည်။ သည်မှာတွင်ပင် သူ၏မျက်နှာမှာ ပူခနဲဖြစ်သွားသည်။ မျက်စိမှာ မီးဝင်းဝင်းတောက်သွားသည်။ ကိုယ်မှာ နောက်သို့ယိုင်သွားရသည်။ ရှေ့မှ အတားအဆီး တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည့်နှယ်ပင်။
ကိုမောင်မောင်ဦးသည် မမျှော်လင့်ဘဲ ခံလိုက်ရသဖြင့် အံ့သြသွားသည်။ ကာကွယ်ရန် အချိန်မရလိုက်၊ အထိုးအနှက်ခံလိုက်ရပြီ ဆိုသည်ကို သိသည်။ လက်သီးချက်က တစ်ချက်တည်းမဟုတ်ခဲ့။ တစ်လုံးပြီးတစ်လုံး တစ်ချက်ပြီးတစ်ချက်။ မျက်နှာဝမ်းဗိုက်နှင့် ကိုယ်အနှံ့အပြားသို့ ထိခိုက်မိသည်။ အဆုံးတွင် မြေသို့ ဘုံးဘုံးလဲရသည်အထိ။ မြေကြီးနှင့် မျက်နှာအပ်မိသည်အထိ။
ဦးမွန်ကြီးသည် ဝူးခနဲလေမှုတ်ထုတ်လိုက်သည်။ လဲကျနေသော ကိုမောင်မောင်ဦးကို ငုံ့ကြည့်သည်။ လက်သီးပုန်းရော၊ ဒူးပျံရော၊ ခြေဖျားပါ မိသွာ သဖြင့် ထိုသူ သက်သာလှမည်မဟုတ်ကြောင်း အတပ်သိသည်။ သနားတော့ အသနားမိသား။ သို့ပေမဲ့ ထမင်းရှင်၏စကားကို နာခံရမည်ပင်။ သူ့ဆန်စားရဲမှဆို မဟုတ်လား။
ယင်းအချိန်တွင် သုံးဘီးကားပေါ်မှ ကျန်ရစ်သော ကိုကျော့မောင်သည် ထိတ်ထိတ်ပျာပျာအမူအရာဖြင့် ကားပေါ်မှ ဆင်းလာသည်။ ဦးမွန်ကြီးသည် ကိုကျော့မောင်ဘက်သို့ လှည့်လိုက်သည်။ အသင့် အနေအထား ရှိနေသည်။
“မောင်မောင်ဦး၊ မောင်မောင်ဦး”
ကိုကျော့မောင်သည် စိုးရိမ်ကြီးစွာဖြင့်ခေါ်ရင်း ပြေးလာသည်။
အစသော် ကိုမောင်မောင်ဦးမှာ သတိလစ်ဟင်း မတတ်ဖြစ်နေသည်။ သူ၏အမည်ကို ခေါ်သံကြားတော့မှ ကောင်းစွာသတိရသည်။ သူသည် ထနိုင်အောင်ကြိုးစားသည်။ ထိုအချိန်မှာပင် သူ၏လက် တစ်ဖက်သည် အလတ်စား ပန်းအိုးတစ်အိုးကို ထိတွေ့ဆုပ်ကိုင်မိလေသည်။ သူ၏အသိမှာ ဝေနေသည်။ ဝါးနေသည်။ ပန်းအိုးကိုကိုင်လျက် မတ်တတ်ရပ်လိုက်သည်။
“ခင်ဗျား သူ့ကိုဘာလုပ်လိုက်သလဲဟင်”
ကိုကျော့မောင်သည် ဦးမွန်ကြီးအား အပြစ်တင်နေသည်။
ဦးမွန်ကြီး တစ်စုံတစ်ရာ ပြောမည်ပြုသည်။ သို့ရာတွင် သူ့ပါးစပ်မှစကားသံအစား ညည်းညူသံ ထွက်လာသည်။
ကိုမောင်မောင်ဦးက ပန်းအိုးဖြင့် ခေါင်းကို ရိုက်ချလိုက်သည်။ ဦးမွန်ကြီးမှာ ပုဏ္ဍရိက် ပန်းချုံအတွင်း ခွေကျသွားသည်။
ကိုမောင်မောင်ဦးသည် အိမ်ကြီးဆီသို့ ပြေးလာသည်။ ကိုကျော့မောင်သည် မြန်ဆန်လွန်းလှသော အဖြစ်အပျက်များကြောင့် အံ့အားသင့်သလိုဖြစ် နေရာမှ ကိုမောင်မောင်ဦး၏နောက်သို့ ပြေးလိုက် လာခဲ့သည်။
အိမ်ဆင်ဝင်အောက်သို့ ကိုမောင်မောင်ဦး ရောက်လာသည်။ အိမ်အတွင်း မည်သို့ဝင်ရမည်ကို စဉ်းစားနေရသည်။
ယင်းအခိုက် ဆင်ဝင်မီးလုံး ဖျတ်ခနဲလင်းလာသည်။ လက်ဆွဲသံတံခါး ပွင့်သွားသည်။
တံခါးဝတွင် မားမားရပ်လင့်နေသူကား ဒေါ်ရေနံ့သာခင်ခင်ကြီး။