မောင်သိန်းဆိုင်
၂၂-၄-၂၀၂၂ ရက်နေ့မှအဆက်
အဲလစ်ဆိုတာက ကျွန်တော့်မိန်းကလေး မိတ်ဆွေပါ၊ တစ်ယောက်နဲ့ တစ်ယောက်ကွဲကွာနေကြတာတော့ ကြာပါပြီး ခင်ဗျားကိ လူအုပ်ထဲမှာ ညပ်နေတာမြင်ပြီး သတိထားမိရာက အဲလစ်အထင်နဲ့ဝင်ပြီး ကယ်မိတာပါ။ ဒါပေမဲ့ အခုခင်ဗျား စကားပြောပုံဆိုပုံဟာ အဲလစ်နဲ့ အတော်ကွာခြားတယ်ဆိုတာ ကျွန်တော် သိလာပါပြီ”
သူ၏အသွင်မှာ တည်ငြိမ်လာသည်။ သူ၏အသံမှာလည်း အမှားအယွင်းတစ်ခုခု ကျူးလွန်မိသူ တစ်ယောက်က တောင်းပန်စကားဆိုဟန်မျိုးဖြင့် ပျော့ပျောင်းလာသည်။ သူသည်ယခုအခါတွင် နန်းကိန္နရီအား ရဲရဲစူးစူး မကြည့်ဝံ့သလို ဖြစ်နေသည်။
နန်းကိန္နရီမှာမူ တစ်ဒင်္ဂဖြစ်ပျက်လိုက်သော အဖြစ်အပျက်၏ ဆန်းကြယ်မှုကို လိုက်မမီနိုင်သလို ဘာပြန်ပြောရမည်ပင်မသိ။
“ကျွန်တော့်နာမည် မျိုးထွန်းသိန်းပါ။ ရေနံချောင်းကို အလည်လိုက်လာရင်း သူငယ်ချင်းတွေနဲ့ ပင်းဘုရားကို လိုက်ခဲ့တာပါ။ မီးလန့်တော့ လူတွေနဲ့ရော ပါလာပြီး သူငယ်ချင်းတွေနဲ့ ကွဲသွားတယ်။ အဲအဆုံးမှာတော့ ခင်ဗျားကို အဲလစ်ထင်ပြီး လူအုပ်ထဲက ဝင်ဆွဲမိတာပါပဲ”
သူက စကားဆက်သည်။
နန်းကိန္နရီသည် သူ၏မျက်လုံးညိုကြီးများ ဝေ့၍ဝေ့၍ သွားသည်ကို အမှတ်ထားကြည့်မိသည် ကလွဲ၍ စကားမပြောဖြစ်နိုင်။ သူပြောပြသော အမှတ်ရခက်သည့် အမည်ကိုလည်း လျင်မြန်စွာ မေ့သွားမိလေသည်။
“အမယ်လေး အရီရယ်”
ကျောဘက်ဆီမှ အသံကို ကြားရသည်။ ဒေါ်ဝင်းရီ၏အသံ။
နန်းကိန္နရီ နောက်သို့လှည့်ကြည့်မိသည်။ ဒေါ်ဝင်းရီမှာ အူယားဖားယား အမူအရာဖြင့် သူ့ထံရောက်လာကြောင်း တွေ့ရသည်။
ဒေါ်ဝင်းရီအား မြင်ရလျှင် နန်းကိန္နရီ အားတက်လာသည်။ နေရာမှထကာ ဒေါ်ဝင်းရီ၏လက်များကို ဆုပ်ကိုင်လိုက်သည်။
“ကံကြီးပေလို့ လူကြားမှာ ညပ်မသေတယ် ဒေါ်ဒေါ်၀င်းရယ်။ အရီဖြင့် လန့်သွားတာပဲ”
“ဒီလိုပဲပေါ့ အရီ၊ အရီ ထက်တောင်ဆိုးသေးတယ်။ ကိုယ့်ကိုယ်ကိုယ် လူအုပ်ထဲက ထွက်နိုင်အောင်ကြိုးစားရတာ တစ်ဖက်။ အရီ့အတွက် ပူရတာက တစ်ဖက်နဲ့၊ မီးလန့်လို့ပဲလား၊ ဒီကနေ့ ခေတ်လူငယ်တွေကပဲ သောင်းကျန်း သလားမသိဘူး၊ ဖြစ်လိုက်တဲ့အဖြစ်ကတော့ ရင်တုန်ပန်းတုန်ပဲ အရီရေ့”
ဒေါ်ဝင်းရီမှာ မောနေသည်။ အဝတ်အစားများမှာ တွန့်ကြေနေသည်။ ဆံပင် ပုံစံမှာပျက်နေသည်။
နန်းကိန္နရီသည် ကယ်တင်ရှင်အား သတိရသည်။ ဒေါ်ဝင်းရီနှင့် မိတ်ဆက် ပေးရန် ရည်ရွယ်သည်။
“အရီကို သူကယ်ပေလို့ပေါ့ ” ဆိုကာ နောက်သို့ လှည့်သည်။ တစ်ဆက်တည်းမှာပင် သူ၏နှုတ်မှ “ဟင်” ဟူ သော အာမေ ဋိတ်သံ ထွက်သွားရသည်။ အကြောင်းမူသူ့အား ကယ်တင်ခဲ့သူသည် ထိုင်လက်စနေရာ၌ မရှိတော့။ ဆိုင်ဘေး ပတ်ဝန်းကျင်တွင်လည်း သူ့ကိုမမြင်ရ။
“ဘာလဲ အရီ”
ဒေါ်ဝင်းရီ ထိတ်ထိတ်ပျာပျာမေးသည်။
“အရီ့ကို လူအုပ်ကြားက ဆွဲထုတ်ခဲ့တဲ့လူပါ၊ သူ ဘယ်ပျောက်သွားပါလိမ့်”
“စောစောက အရီနဲ့မျက်နှာချင်းဆိုင် ထိုင်နေတဲ့သူငယ်လား”
“အင်းလေ”
“ကိုယ့်လည်းမြင်ရော သူ့ဘာသာထပြီး လူအုပ်ထဲ တိုးဝင်သွားတာပဲ အရီ”
နန်းကိန္နရီ မချင့်မရဲ ဖြစ်ရသည်။
“ဘယ်လိုလူပါလိမ့်မလဲ”
စိတ်ထဲမှာ မကျေမချမ်း ဆိုမိသေးသည်။
“ဇရပ်ကို ပြန်ကြရအောင်”
ဒေါ်ဝင်းရီဆိုသည်။
နန်းကိန္နရီသည် ဒေါ်ဝင်းရီ၏ နောက်မှ လိုက်ခဲ့ရသည်။ စိတ်မှာ မကျေနပ်နိုင်သေး။ ဇရပ်သို့ ပြန်လာရာ လမ်းတစ်လျှောက်လုံး လူတကာ၏ မျက်နှာကို စေ့စေ့ကြည့်မိသည်။ သူပါလာလေမလား အထင်နှင့်ဖြစ်သည်။ သို့ပေမဲ့ သူ၏ အရိပ်အယောင်ကိုသော်မျှ မတွေ့ရ။
သူသည် ခြေရာဖျောက်ကောင်းသူပေပဲလား မပြောတတ်။ ဒေါ်ဝင်းရီအား မြင်ရုံမျှဖြင့် အဘယ်ကြောင့် ရှောင်ထွက်သွားရလေသနည်း မစဉ်းစားတတ်။ သူပြောခဲ့သောအမည်ကို တကူးတက ပြန်တွေးသည်။ အစဖော်ကြည့်မိသည်။ “မျိုး” တစ်လုံးသာမှတ်မိသည်။ ကျန်စာလုံးများကို မေ့သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထိုအတွက် နန်းကိန္နရီမှာ ဘဝင်မကျနိုင်အောင် ရှိရသည်။
မည်သို့ဆိုစေ သူ့မျက်နှာကို မှတ်မိနေသည်။ မြင်ယောင်နေသည်။ သူ၏ရုပ်သွင်မှာ နန်းကိန္နရီ၏ မျက်ဝန်းသူငယ်အိမ်၌ စွဲထင်နေဆဲဖြစ်သည်။
စင်စစ် သူ၏ရုပ်သွင်သည် မိမိ၏မျက်ဝန်းသူငယ်အိမ်၌ စွဲထင်နေသည်သာ မဟုတ်သေး။ အသည်းနှလုံး၏ နက်ရှိုင်းသောအပိုင်းသို့တိုင် စွဲထင်နေသည့်အဖြစ်ကိုမူ ထိုစဉ်က နန်းကိန္နရီ မသိရိုးအမှန်၊ မမျှော်လင့်မိရိုးအမှန်ပင်။
ပင်းဘုရားပွဲတော် ပွဲခင်းကို သတိမထားနိုင်လောက်အောင်၊ အခြားသော အကြောင်းအရာများကို မစဉ်းစားနိုင် လောက်အောင် မိမိ၏စိတ်အစဉ်ကို ကြီးစိုးလွှမ်းမိုးလာသည် ဆိုခြင်းကိုလည်း နန်းကိန္နရီ မတွေးတတ်နိုင်သေးပါပေ။
ထိုကြောင့်ပင် ဆိုခဲ့သည်မဟုတ်လော။
ပင်းဘုရားပွဲတော်သည် အသစ်ဖြစ်သောသူ၊ အသစ်ဖြစ်သော ဇာတ်လမ်းကလေးများဖြင့် ထာဝရ နုပျိုနေတတ် သည်ဟူ၍။
နန်းကိန္နရီအဖို့ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ ဘဝဖြစ်စဉ်ကို ကြားရသည်မှာ ပျောက်ဆုံးနေလေသော အရာတစ်ခုကို ပြန်လည်ရှာဖွေတွေ့ရှိရသည့်နှယ်ဖြစ်သည်။
ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏အကြောင်းကို နန်းကိန္နရီအား ပြန်ပြောင်း ပြောပြခဲ့သူ မှာ ဒေါ်ဝင်းရီဖြစ်သည်။
စင်စစ် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ ဘဝဖြစ်စဉ်ကို ကာယကံရှင်ကိုယ်တိုင်ကလွဲလျှင် ဒေါ်ဝင်းရီအသိဆုံး၊ နား အလည်ဆုံး။ ဒေါ်ဝင်းရီကိုယ်တိုင် သိထားခဲ့သောအချက်များ၊ မသိခဲ့ရသေးသည်ကို ဒေါ်ရေနံ့သာ ခင်ခင်ကြီး ကိုယ်တိုင်က ဖြည့်စွက်ပြောပြထားချက်များအရသည် ကမ္ဘာပေါ်တွင် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အကြောင်းကို အသိစွမ်းနိုင်ဆုံးသူ တစ်ယောက်ပြပါဆိုလျှင် ဒေါ်ဝင်းရီအား ပြရမည်ပင်။
ဒေါ်ဝင်းရီသည် နန်းကိန္နရီတို့ ရေနံချောင်းသို့ ရောက်လာစ ရက်များကတည်းက သည်အကြောင်းကို ပြောဖြစ်ရန် အတန်တန်ကြိုးစားခဲ့သည်။ အချိန်မရခြင်း၊ လူမရှင်းခြင်းအပြင် ဒေါ်ရေနံ့သာခင်ခင် ကြီးကိုယ်တိုင်က သူ၏မျက်ကွယ်၌သာ သည်အကြောင်းကို ပြောပါဆိုသောကြောင့် မပြောဖြစ်နိုင်ခဲ့။ နန်းကိန္နရီအား သည်အကြောင်း အသိပေးချိန်တန်ပြီ ဆိုခြင်းကိုမူ သမီးယောက်မ နှစ်ယောက် စလုံးက သဘောတူညီပြီး ဖြစ်သည်။
ဒေါ်ရေနံ့သာ ခင်ခင်ကြီးအကြံမှာ ရေနံချောင်းမှသည် မန္တလေးသို့ ကူးရန်ဖြစ်သည်။ မန္တလေးရှိ နန်းကိန္နရီအား မွေးစားခဲ့ပါသည်ဆိုသူထံ နန်းကိန္နရီ၏ အကြောင်းကို စေ့ငုချင်သည်။
သို့ဖြင့် မန္တလေးသို့မကူးမီတစ်ရက်အလိုတွင် အခြေအနေကလည်းပေး၊ အခါအခွင့်ကလည်း ကြုံလာသဖြင့် ဒေါ်ဝင်းရီ ပြောဖြစ်ခဲ့သည်။
ထိုစဉ်က အိမ်တွင် ဒေါ်ရေနံ့သာ ခင်ခင်ကြီးမရှိ၊ အိမ်တစ်အိမ်သို့ နှုတ်ဆက်စကားဆိုရန် သွားသည်။ ဦးခင်မောင်ညွန့်သည်လည်း အလည်လွန်နေဟန်ရှိသည်။
ဒေါ်ဝင်းရီသည် အဆက်မပြတ် စီးဆင်းမြဲ စီးဆင်းနေလေသော ဧရာ ဝတီမြစ်ရေ အလျဉ်နှယ်ဖြစ်သည့် ဦးအောင်ခန့်နှင့် ဦးကောင်းမိုးတို့၏ အငြိုးအတေး အမုန်းအတီးအလျဉ်မှ အစတည်ပေါက်ပွားလာသော ပဋိပက္ခ ဖြစ်ရမှု၊ နာကြည်း ကြေကွဲရမှုများမှ အစချီ နိဒါန်းပျိုးခဲ့သည်။
ပဋိပက္ခမုန်တိုင်းအကြားမှ သားကောင်ပမာဖြစ်ခဲ့ရသည့် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ ဖြစ်စဉ်ကို ပင်ကိုက လှိုက်လှဲ နာကျင်လျက်ရှိရသောရင်ဖြင့် ကိုယ်တိုင် ထိတွေ့ခံစားခဲ့ရသည့်ပမာ ပြောပြခဲ့သည်။
နန်းကိန္နရီသည် ဒေါ်ဝင်းရီပြောသမျှ ကို စိတ်ဝင်တစား နားထောင်သည်။
အချို့သောအပိုင်းများတွင် သူ့ကိုယ် သူအသက်မှ ရှူမိပါလေစ၊ မျက်တောင် ခတ်ရန်ပင် သတိမှရမိပါလေစ ထင်မိသည်။
စင်စစ် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အဖြစ်ကို ကြားရသည်မှာ လှိုင်းစီးရသည့်နှယ် လှိုက်မောဖွယ်လည်းကောင်းသည်။ ရင်တွင် နာကြည်းကြေကွဲခြင်း တံပိုးဂယက်တို့ ရိုက်ခတ်လာရစေနိုင် သည်စသည်ဖြင့် နန်းကိန္နရီ၏စိတ်တွင် အထင်ရောက်မိလေသည်။
ဒေါ်ဝင်းရီအနေနှင့် ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏အကြောင်းကို အဘယ်မျှ သိနားလည်သည်ဆိုစေ၊ ဒေါ်ရေနံ့သာ ခင်ခင်ကြီးနှင့် ပတ်သက်စပ်လျဉ်းလျက်ရှိသော ကိုမောင်မောင်ဦး၏ အကြောင်းကိုမူ ဒေါ်ရေနံ့သာခင်ခင်ကြီးနှယ်ပင် မသိနားမလည်နိုင်သော အကြောင်းရပ်များစွာ ရှိနေပေသည်။ သူ့အနေနှင့် ဒေါ်ရေနံ့သာခင်ခင်ကြီးထံမှ တစ်ဆင့်ခံ နားလည်ရသည်ဖြစ်၍ ထိုသူ့အပေါ် ဒေါ်ရေနံ့သာခင်ခင်ကြီး နှယ်ပင် နာကြည်းမုန်းတီးနေခဲ့သည်သာဖြစ်သည်။ ထို့ကြောင့်ထိုသူနှင့်စပ်လျဉ်း၍ ပြောပြခဲ့သမျှတို့မှာလည်း နာကြည်း မုန်းတီးမှု လွှမ်းနေလေသည်။