မောင်သိန်းဆိုင်
ယမန်နေ့မှအဆက်
ဒေါ်ရေနံ့သာခင်ခင်ကြီးက ကိုမောင်မောင်ဦးအား ရက်စက်စိမ်းကားသူဟု ထင်သလို ဒေါ်ဝင်းရီထင်သည်။ နှလုံး သားကင်းမဲ့သူဟုမြင်သလို ဒေါ်ဝင်းရီ မြင်သည်။ တစ်ဆက်တည်းမှာပင် ဒေါ်ဝင်းရီ၌ စိတ်ဆန္ဒစောမှု ရှိနေသည်။ ၎င်းမှာ နန်းကိန္နရီက ကိုမောင်မောင်ဦး အပေါ် သူတို့ထင်မြင်သကဲ့သို့ ထင်မြင်စေလိုခြင်း ဖြစ်သည်။
သို့စင်လျက် ကိုမောင်မောင်ဦးအပေါ် နန်းကိန္နရီ ထားရှိအပ်သော သဘောထားမှာ တစ်မျိုးတစ်မည် ဖြစ်နေကြောင်း ဒေါ်ဝင်းရီ တွေ့ရှိရသည်။
ဒေါ်ဝင်းရီက နောက်ဆုံးအဆင့်ဖြစ် သော နန်းကိန္နရီအား အကြောင်းပြုလျက် ငွေညှစ်လာသည့်အဖြစ်အထိ ပြောပြပြီးချိန်တွင် နန်းကိန္နရီက မေးခွန်းတစ်ခုကို ကောက်ကာငင်ကာ မေးလိုက်သည်။
“ဦးမောင်မောင်ဦး ဘယ်မှာနေတယ် ဆိုတာ ဒေါ်ဒေါ်ဝင်း သိသလားဟင်”
ထိုအမေးအတွက် ဒေါ်ဝင်းရီ၏ စိတ်မှာ ဆန်းကြယ်သလို ခံစားရသည်။
“ဟင့်အင်း မသိဘူး၊ ဘာဖြစ်လို့လဲ ဟင်” ပြန်မေးမိသည်။
နန်းကိန္နရီသည် ဒေါ်ဝင်းရီအား မကြည့်ဘဲဆိုသည်။
“အရီဖြင့်လေ အဲဒီဦးမောင်မောင်ဦးကို သိပ်တွေ့ချင်တာပဲ။ ငွေညှစ်တယ်ဆိုတဲ့ညက သူရေနံ့သာကိုရောက်လာတယ်။ ဆူဆူညံညံကြားလို့ အရီအောက်ထပ်ကို ဆင်းကြည့်ပါသေးတယ်။ ဦးမောင်မောင်ဦးလို့ ကြိုပြီးတော့ သိမထားရတာကတစ်ကြောင်း၊ သူ့ကိုယ်မှာ သွေးတွေရော မိုးရေတွေပါ၊ စိုနေ တာကတစ်ကြောင်းကြောင့် သဲသဲကွဲကွဲ မမြင်သာခဲ့ဘူး”
သည်တွင် ဒေါ်ဝင်းရီသည် နန်းကိန္နရီ ၏စကားကို ဖြတ်မေးမိသည်။
“အရီက သူ့ကို ဘာလို့တွေ့ချင်ရတာ လဲဟင်”
“အို ဒေါ်ဒေါ်ဝင်းရယ် တကယ်တမ်းကျတော့ အရီ ဦးမောင်မောင်ဦးကို တွေ့ချင်မြင်ချင်တယ်ဆိုတာ ဘာများ ဆန်းသလဲ။ အရီဟာ ဒေါ်ရေနံ့သာ ခင်ခင်ကြီးရဲ့ သမီးဆိုရင် ဦးမောင်မောင်ဦးဟာ အရီရဲ့ ဖေဖေ ဖြစ်နေရမှာပဲ မဟုတ်လား။ သူနဲ့အရီနဲ့ ဆွေမျိုးအရင်း ကြီးဆိုတာလိုပဲမဟုတ်လား”
နန်းကိန္နရီ၏စကားကြောင့် ဒေါ်ဝင်းရီ မှာ ချောက်ချားသွားရသည်။ သူ ထင်မှတ်ခဲ့သလို နန်းကိန္နရီအနေနှင့် ကိုမောင်မောင်ဦးအပေါ် နာကြည်းမုန်းတီးမနေကြောင်း နားလည်လာသည်။ ပြီးလျှင်လည်း နန်းကိန္နရီ၏ အထင်မှာ မှန်ကန်နေကြောင်း တွေးမိပြန်သည်။
“အမှန်တော့ ဒီအဖြစ်အပျက်မှာ အဓိကတရားခံဟာ ဦးမောင်မောင်ဦး မဟုတ်ဘူးလို့ အရီထင်တယ်။ အဓိက တရားခံဟာ ဘယ်သူလဲဆိုတာ အရီသိတယ်။ ဦးကောင်းမိုးပဲဖြစ်ရမယ်မဟုတ် လား ဒေါ်ဒေါ်ဝင်း”
“ ဦးကောင်းမိုး”
“ဟုတ်တယ်။ သူ့ကြောင့်သာ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတယ်လို့ အရီနားလည်နေမိတယ်။ သူဟာ အတော် ယုတ်မာနိုင်စွမ်း ရှိတဲ့လူတစ်ယောက်ပဲနော်။ အသည်းနှလုံးမရှိတဲ့လူဆိုတာ အဲဒီလူကြီးမျိုးကို ပြောတာပဲ ဖြစ်ရမယ်။ အရီသာ မေမေ့ နေရာမှာရှိရင် ဦးကောင်းမိုးကိုယ်တိုင်လည်း အသက်ထင်ရှားရှိနေဦးမယ်ဆိုရင် ဓားနဲ့ နုပ်နုပ်စဉ်းပစ်မိမလားမသိဘူး ဒေါ်ဒေါ်ဝင်း”
နန်းကိန္နရီသည် ယင်းစကားကို အံလေးကြိတ်ရင်း လက်သီးကလေးဆုပ်ရင်း တင်းမာသောမျက်နှာ၊ တောက် ပသောမျက်လုံးတို့ဖြင့် ပြောခဲ့ခြင်းဖြစ်သည်။ ဒေါ်ဝင်းရီမှာ နန်းကိန္နရီ၏ အမူအရာကိုကြည့်ရင်း သဘောကျလာမိသလို ရှိသည်။ နန်းကိန္နရီဒေါသဖြစ်ခြင်းကို ပထမဆုံးအကြိမ် မြင်ဖူးရခြင်းဖြစ်သည်။
“ဦးလေးညွန့်နဲ့ ဒေါ်ဒေါ်ဝင်းတို့ အချစ်ရေးကိစ္စမှာလည်း သူပါသေးတာပဲနော်။ ဘယ်နေရာမဆို သူမပါတာ မရှိဘူး။ မကောင်းတဲ့ဘက်ကိုဆိုရင် မားမားရပ် မယ်ဆိုတဲ့လူစားမျိုးပဲ ထင်ပါရဲ့။ ဒါထက် သူဘယ်လို သေခဲ့ရတာလဲ ဒေါ်ဒေါ်ဝင်း”
“ ဦးကောင်းမိုးဟာ ခင်သန်းနွဲ့ဆိုတဲ့ မိန်းမပျက်တစ်ယောက်နဲ့ညားတယ်။ ခင်သန်းနွဲ့က ရှိသမျှပစ္စည်းတွေယူပြီး ထွက်ပြေးသွားတယ်။ အဲဒီစိတ်နဲ့ စိတ္တဇလိုဖြစ်နေတယ်။ နောက်တော့ အိမ်မီးလောင်တဲ့အထဲ ပါသွားတယ်လို့ ကြားရတာပဲ”
“ဝမ်းသာလိုက်တာ၊ ကိုယ့်ကိုယ်ကိုယ် မီးသင်္ဂြိုဟ်သလို ဖြစ်သွားတာပေါ့နော်”
“ဒါပေါ့”
“ခင်သန်းနွဲ့ဆိုတဲ့ နာမည်ကလေးကို နှမြောလိုက်တာ”
“ဘာဖြစ်လို့လဲဟင်”
“ဦးကောင်းမိုးနဲ့ ညားတဲ့မိန်းမပျက်က ခင်သန်းနွဲ့မဟုတ်လား။ အရီတို့အငြိမ့် အဖွဲ့ထဲမှာ ခင်သန်းနွဲ့ဆိုတဲ့ ယိမ်းသမလေးတစ်ယောက်ရှိတယ်။ သိပ်သဘောကောင်းတဲ့မိန်းကလေး ဘယ်သူခိုင်းခိုင်း ပြုံးပြုံးလေးနဲ့ လုပ်ပေးတတ်တယ်။ ဘယ်သူမဆို သူ့ကို ချစ်ကြတယ်။ ဒါကြောင့် ဒီနာမည်ကို နှမြောတယ်လို့ ပြောတာပါ”
သို့နှယ်ဖြင့် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ ဘဝဖြစ်စဉ်ကို နန်းကိန္နရီ သိခဲ့ရသည်။ နားလည်ခဲ့ရသည်။ လှိုက်မော ဆွတ်ကျင် ခြင်းနှင့်အတူ သိနားလည်ရခြင်းဖြစ်ပါသည်။
နန်းကိန္နရီ၏စိတ်တွင် ပျောက်ဆုံးနေ လေသောအရာတစ်ခုကို ပြန်လည်ရှာဖွေ တွေ့ရှိရသည့်နှယ်လည်း ခံစားရသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး၏ ဖြစ်စဉ်ကို ပြောအပြီးတွင် ဒေါ်ဝင်းရီက နန်းကိန္နရီ အား သတိပေးစကား ဆိုခဲ့သေးသည်။
“ကိုမောင်မောင်ဦးဟာ အရီနဲ့ ဘာပဲတော်တော်၊ သူနဲ့ အဆက်အဆံမလုပ်ဖို့ ကိုတော့ သတိထားရလိမ့်မယ် အရီ။ သူနဲ့ ဝေးဝေးနေရမယ်ဆိုပါတော့။ ဘာကြောင့် လဲဆိုတော့။ ဒေါ်ဒေါ်ဝင်း သိရသလောက် ကိုမောင်မောင်ဦးဟာ တစ်ခါမှ ကောင်းကျိုးမပေးဖူးခဲ့လို့ပဲ။ သူနဲ့ပတ်သက်လာရင် ဒုက္ခ သုက္ခ ရောက်ခဲ့ရတာချည်းပဲ။ အရီ့အနေနဲ့ ကိုမောင်မောင်ဦးကို ကြပ်ကြပ် ရှောင်လေ အကောင်းဆုံးဖြစ်လေပဲ”
ဒေါ်ဝင်းရီမှာ ယင်းသတိပေးစကားကို ပြောနေရင်းမှပင် ယင်းသို့ ပြောနေရခြင်းမှာ အလဟဿလို ဖြစ်နေကြောင်း သတိထားမိသည်။ နန်းကိန္နရီသည် ဒေါ်ဝင်းရီ၏ စကားများကို မကြားသလို ရှိသည်။ သူ၏မျက်နှာ၌ တစ်စုံတစ်ခုသော အရိပ်သဏ္ဌာန် ယှက်သန်းနေလေသည်။ ယင်းအရိပ်သဏ္ဌာန်မှာ မျှော်လင့်ခြင်း အားကိုးယုံကြည်ခြင်းစသော အတွင်းစိတ်သန္တာန်မှ ထင်ဟပ်လာသော တက်ကြွသည့် သဏ္ဌာန်မျိုးဖြစ်သည်။
နန်းကိန္နရီက ဆိုခဲ့သေးသည်။
“ဦးမောင်မောင်ဦးက အရီနဲ့ပတ်သက် ပြီး မေမေ့ဆီမှာ ငွေညှစ်လာတယ်ဆိုတာ အရီဖြင့် မယုံနိုင်အောင်ဘဲ။ ဖြစ်ချင်မှလည်းဖြစ်မှာပါ ဒေါ်ဒေါ်ဝင်းရယ်။ တွက်ကြည့်လေ၊ တကယ်တမ်းငွေညှစ်ခဲ့တယ် ဆိုရင် ငွေရပြီးမှပဲ ပြီးရောပေါ့။ ဘာဖြစ်လို့ ရေနံ့သာကို လာမှာလဲ။ ဒီတုန်းက အရီသိတယ်။ သူ့မှာ ပြောစရာ၊ ဖြေရှင်းစရာ တစ်စုံတစ်ခုရှိပုံရတယ်။ ပြောခွင့် ဖြေရှင်း ခွင့်မရတာမျိုးဘဲဖြစ်မယ်”
နန်းကိန္နရီသည် ဒေါ်ရေနံ့သာ ခင်ခင်ကြီးနှင့် ကိုမောင်မောင်ဦးတို့အား စေ့စပ်ပေးလိုစိတ် ရှိနေလေသလား၊ သည်လူနှစ်ယောက်အကြားတွင် မေတ္တာတံတား ခင်းပေးလိုလျက် ရှိလေသလား စသည်ဖြင့် ဒေါ်ဝင်းရီ တွေးလာမိသည်။
သည်တော့လည်း ဒေါ်ရေနံ့သာခင်ခင်ကြီး၏ ဘဝဖြစ်စဉ်ကို ပြောပြမိခြင်းမှာ မှားယွင်းသော အပြုအမူတစ်ရပ်ကို ပြုမူမိခြင်းမျိုးများ ဖြစ်နေလေပြီလားဟု ဒေါ်ဝင်းရီ စဉ်းစားမိစ ပြုလာလေသည်။
ယင်းအချိန်တွင် အိမ်ဆင်ဝင်အောက်သို့ မော်တော်ကား ထိုးဆိုက်လာသံ ကြားရသည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီး ပြန်လာခြင်းပင်ဖြစ်သည်။ စကားစပြတ် ကြရသည်။
သို့ဖြင့် နောက်တစ်နေ့တွင် နန်းကိန္နရီတို့ မန္တလေးသို့လာခဲ့ကြသည်။ ရေနံချောင်းမှသည် ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မန္တလေး မော်တော်ကားလမ်းအတိုင်း လာခဲ့ကြခြင်းဖြစ်သည်။ မန္တလေးသို့ လာခဲ့ရာတွင် ဒေါ်ဝင်းရီသည် လည်း ပါလာခဲ့လေသည်။
မန္တလေးသို့ရောက်လျှင် ဗိုလ်မှူးညို ထွန်းနှင့် ဆုံကြရသည်။
နန်းကိန္နရီသည် ဗိုလ်မှူးညိုထွန်း၏ အမည်ကို မကြာခဏကြားခဲ့ရသည်။ ဗိုလ်မှူးညိုထွန်းကိုမူ တစ်ကြိမ်သာ မြင်ဖူးခဲ့သည်။ ယခုမှပင် ရင်းရင်းနှီးနှီး ဆက်ဆံရခြင်း ဖြစ်လေသည်။ နန်းကိန္နရီသည် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ ဖြစ်စဉ်ကို ကြားရပြီးနောက် ဗိုလ်မှူး ညိုထွန်းအနေနှင့် ပါဝင်ခဲ့သော အခန်း ကဏ္ဍကို နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်ကာ စိတ်မှာ အလိုလို ရင်းရင်းနှီးနှီး ရှိနေမိခဲ့လေသည်။
နန်းကိန္နရီသည် မန္တလေးသို့ ရောက်ရှိလာရခြင်းအတွက် စိတ်မှာ စနိုးစနောင့် ခံစားနေခဲ့ရသည်။ ဖြစ်နိုင်မည် ဆိုလျှင် သည်မြေသို့ မလာချင်။ သည်မြေသို့ ခြေမချချင်။ သည်မြေတွင်ရှိသော သူတို့နှင့်လည်း ထပ်မံကြုံဆုံလိုစိတ်မရှိ။ ယခုမူ မည်သို့မျှ ရှောင်လွဲ၍မရနိုင်ဘဲ သည်မြေတွင် ခြေချခဲ့ရပေပြီ။ မကြုံ မဆုံလိုသူတို့နှင့် ထပ်မံကြုံရဆုံရပေဦးတော့မည်။
သူတို့သည် ဗိုလ်မှူးညိုထွန်း စီစဉ်ပေးသော စီဗီလိုင်းရှိ အိမ်ကြီးတစ်ဆောင်တွင် တည်းခိုကြသည်။ ပစ္စည်းပစ္စယများကို နေရာချထားပြီးလျှင်ပြီးချင်း ဒေါ်ရေနံ့သာခင်ခင်ကြီးက ဆိုသည်။
“အရီ နေခဲ့ဖူးတဲ့အိမ်ကို သွားကြရ အောင်”
သည်တော့လည်း နန်းကိန္နရီမှာ တစ်စုံတစ်ရာ ငြင်းပယ်နိုင်စွမ်းမရှိ။ တစ်ဆက်တည်းမှာပင် သည်အသက် အရွယ်သို့ ရောက်ရှိလာသည့်တိုင် မိမိကိုယ်မိမိ မပိုင်သေးပါကလား၊ တစ်ပါးသူအတွက် အသက်ရှင်နေဆဲပါကလား ဟု နန်းကိန္နရီ နာကြည်းစွာ တွေးမိသည်။
ဆက်လက်ဖော်ပြပါမည်။