မောင်သိန်းဆိုင်

ယမန်နေ့မှအဆက်


လွန်ခဲ့သည့် သုံးနှစ်အထက်ကျော်က နန်းကိန္နရီသည် အခြားသောအမည် တစ်ခုဖြင့် မန္တလေး၌ ကျင်လည်ခဲ့ဖူး သည်။ မန္တလေးလမ်းများပေါ်၌ ပြေးလွှား သွားလာဖူးသည်။ ရွှေတချောင်းနံဘေး၊ ကျုံးရိုးတစ်လျှောက်နှင့် ရေနီမြောင်း ဝန်းကျင်တို့တွင် ဆော့ကစားဖူးသည်။ သည်စဉ်က နန်းကိန္နရီနေသောအရပ်မှာ ဥယျာဉ်တန်း။ 
ဥယျာဉ်တန်း။
အိမ်တစ်အိမ်ရှေ့တွင် မာစီဒီးကား ထိုးဆိုက်လာသည်။ ကားပေါ်မှ သစ်လွင် တောက်ပသည့် အဝတ်အစားများဝတ် ဆင်ထားသော မိန်းမသုံးယောက် ဆင်း လာသည်။ ဤသည်ကို လမ်းအတွင်းရှိ စပ်စပ်စုစုနိုင်သူတို့ သတိထားကြသည်။ ဂရုတစိုက်လေ့လာမိသူများအနေနှင့် ယင်းမိန်းမသုံးယောက်တို့အနက် တစ် ယောက်သောသူကို မြင်ဖူးသည် ထင်မိ ၏။ အသေအချာကြည့်မိ၏။ ထိုအခါ ယင်းအမျိုးသမီး၏မျက်နှာကို မှတ်မိ လာသည်။    တင်တင်ရီအမည်ဖြင့် သည်ရပ်ကွက်၊ သည်လမ်း၊ သည်အိမ်မှာ နေခဲ့ဖူးသူပါကလား။
ကြည့်စမ်း။ ယခုတော့လည်း လူမှား ချင်စရာပင်ကောင်းနေပါပကော။ မည်သို့ မည်ပုံ   ကြီးပွားနေပါလိမ့်စသည်ဖြင့် လူတို့တွေးကြသည်။
နန်းကိန္နရီနေခဲ့ဖူးသည်ဆိုသောအိမ် မှာ နှစ်ထပ်အိမ်တစ်လုံးဖြစ်သည်။ ဝိုင်း မှာ ကျယ်ပြန့်၍ သီးစားပင်များရှိသည်။ အိမ်တွင် အပြုအပြင်ကင်းမဲ့ခဲ့ဟန်တူ သည်။
ပျက်စီးယိုယွင်းမှုများကို တွေ့နေရ သည်။  
ဝိုင်းထဲတွင်  ကလေးငယ်တစ်သိုက် ဆူညံစွာ  ပြေးလွှားဆော့ကစားနေခဲ့ ကြသည်။ နန်းကိန္နရီတို့မော်တော်ကား ဆိုက်လာလျှင် ကလေးများသည် ကစား  ခြင်းကို ရပ်တန့်ကာ ဆန်းကြယ်သော မျက်နှာထားကလေးများဖြင့်  စူးစိုက် ကြည့်လာကြသည်။
နန်းကိန္နရီသည်    ကလေးများထံ တိုးသွားကာ အကြီးဆုံးမိန်းကလေး၏ လက်ကို   ဆုပ်ကိုင်လိုက်သည်။    ထို ကလေးမမှာ    အသက်ဆယ့်နှစ်နှစ် အရွယ်ခန့်ရှိသည်။
“တူးတူး၊ မမကို မမှတ်မိတော့ဘူး လားဟင်”
နန်းကိန္နရီမေးသည်။ သို့ရာတွင် တူးတူး ဆိုသူကလေးက ဘာမျှပြန်မပြော။ နန်း ကိန္နရီအား စိန်းစိန်းကြည့်လျက်သာရှိသည်။
“ဖေဖေ မေမေတို့ကောဟင်”
သည်အမေးကို နှုတ်ဖြင့်မဖြေ။ အိမ် အတွင်းသို့ လက်ညှိုးထိုးပြသည်။
ယင်းအခိုက်မှာပင် အိမ်တံခါးပေါက်၌ မိန်းမတစ်ယောက်၏ အရိပ်အသွင်ပေါ် လာသည်။ အသက်မှာ လေးဆယ်နီးပါးရှိ ပုံရသည်။ ပိန်ပိန်ပါးပါး၊ အသားလတ်လတ် ထဲကဖြစ်သည်။ ကလေးများ၏မိခင်ဖြစ် ကြောင်း သိသာသည်။ ပူအိုက်နေလျက်က အနွေးထည်ဝတ်ထားသည်ကို ထောက်၍ နေထိုင်မကောင်းဖြစ်ကြောင်း ထင်ရှား သည်။
နန်းကိန္နရီသည် ယင်းမိန်းမအား မရွံ့မရဲ လှမ်းကြည့်သည်။
“‌ေဩာ်၊ ဘယ်သူများလဲလို့ လက်စသတ် တော့ ညည်းကို”
လူမမာနှင့်မတူလောက်အောင် မာကျော သောလေသံသည်    ယင်းမိန်းမထံမှ ထွက်ပေါ်လာသည်။
အမျိုးသမီးက နန်းကိန္နရီ၏ပခုံးမှကျော် ကာ     ဒေါ်ရေနံ့သာခင်ခင်ကြီးဘက်သို့ လှမ်းကြည့်သည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး ကလည်း  သူ့အား  အကဲခတ်သလို ကြည့် နေကြသည်။
အမျိုးသမီး၏မျက်နှာမှာ   တင်းမာ သည်။ ခက်ထန်သည်။ တံခါးပေါင်ကိုမှီ၍ ရပ်ရင်း လက်တစ်ဖက်က ခါးထောက်ထား သည်။ ရင်းနှီးဖော်ရွေလိုသောအမူအရာ ကို   တစ်စက်ကလေးမျှမပြ။   အားတုံ့ အားနာသဘောဖြင့်ပင်   အိမ်အတွင်းသို့ ဖိတ်ခေါ်လိုပုံမပေါ်။
“ကိုင်း ဆိုစမ်းပါဦး။  ဒီတစ်ခါ  ဘာဒုက္ခ ပေးဦးမလို့လဲ” 
အမျိုးသမီး၏ အမေး။
“ကျွန်မ   ဒီတစ်ခါလာတာ   ဒုက္ခပေးရ အောင်  မဟုတ်ပါဘူး။  စိတ်ချပါ။ ကျွန်မ အတွက်နဲ့ ဘယ်သူမှ ဒုက္ခမရောက်စေရ ပါဘူး”
နန်းကိန္နရီ အဖြေပေးသည်။ 
“ဒါဖြင့် ဘာကိစ္စ” 
“ဖေဖေနဲ့တွေ့ချင်လို့ပါ”
အမျိုးသမီး၏မျက်နှာမှာ ပိုမိုတင်းမာ လာကြောင်း တွေ့ရသည်။
“ဖေဖေနဲ့တွေ့ချင်လို့” 
အမျိုးသမီးက လှောင်ပြောင် သရော်လို ဟန်ဖြင့် နန်းကိန္နရီ၏စကားကို လိုက်ဆို သည်။ ပြီးမှ “ညည်းဖအေ ဒီအိမ်မှာမရှိဘူး” ဆိုသည်။
“ဖေဖေ ဘယ်မှာလဲဟင်”
“ညည်းဖေဖေ သူတော်ကောင်းကြီး လေ၊ ဘုရားဖြစ်မယ့် အုတ်နီခဲကြီးလေ” 
အမျိုးသမီးမှာ ပြောရင်းက ဒေါသဖြစ် လာဟန်ရှိသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးတို့ဘက်သို့ လှည့်၍တိုင်တည်သလိုဆို သည်။
“ကြည့်ပါဦးရှင်။  ကျွန်မနဲ့  ဒီကလေး ငါးယောက်ကိုထားခဲ့ပြီး ဘုန်းကြီးဝတ် သွားတယ်။ အခုဆိုရင် တစ်နှစ်ခွဲရှိနေပြီ။ သူ့တော့ လွတ်ရာလွတ်ကြောင်း လုပ်သွား တာ။ ကျွန်မမှာ ကလေးငါးယောက်နဲ့ ဘယ်လောက် ဒုက္ခရောက်ရမယ်ဆိုတာ ရှင်တို့ပဲစဉ်းစားကြည့်ပါဦး၊ နည်းနည်းမှ အသုံးကျတဲ့လူမဟုတ်ဘူး။ ထွီ၊ ဒီလို လူစားမျိုးလား နိဗ္ဗာန်ရောက်မှာ”  
နန်းကိန္နရီသည် ဘာပြောရမည်မသိ တတ်သလို ဖြစ်သွားသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးတို့ကိုယ်တိုင်လည်း ဘာပြောရ မည်မသိတတ်တော့။ အငေးသားဖြစ်နေ ကြရသည်။ မိမိတို့လာမိခြင်းမှာ  လာခြင်း ကောင်းသော လာခြင်းမျိုးမဟုတ်သည်ကို အလိုလို ရိပ်စားလာမိကြသည်အမှန်ပင်။
“ဘယ်ကျောင်းမှာလဲဟင်”
အတော်ချည်းကြာမှ နန်းကိန္နရီ၏အသံ ထွက်လာသည်။
“ဘုရားကြီးတိုက်ထဲမှာ။ ဒီမယ် တင်တင်ရီ၊ ညည်းကို     ကျုပ်တောင်းပန်ပါတယ်။ ညည်းဖအေကိုညည်း ဒုက္ခပေးချင်ပေး၊ ကျုပ်ကို လာပြီးဒုက္ခမပေးဖို့တော့ ကျုပ် တောင်းပန်ပါတယ်”
“ကျွန်မ ပြောခဲ့ပြီကော။ ကျွန်မလာတာ ဘယ်သူ့ကိုမှ ဒုက္ခပေးဖို့မဟုတ်ပါဘူးလို့။ ပြီးတော့လည်း နောက်ဆိုရင် ဒီအိမ်ရိပ် တောင် ကျွန်မ လာမနင်းဘူးဆိုတာ ယုံပါ”
နန်းကိန္နရီ၏အသံမှာ အတော်ချည်း ကျယ်လောင်လာသည်။ မျက်နှာထားမှာ လည်း   တင်းမာလာသည်။   သူသည် နောက်သို့ ချာခနဲလှည့်လိုက်သည်။
အရိပ်အခြည်ကို နားလည်နေမိပြီဖြစ် သော ဒေါ်ရေနံ့သာခင်ခင်ကြီးတို့သည် ကားအတွင်း ဝင်ထိုင်နေမိကြပြီဖြစ်သည်။
နန်းကိန္နရီ ကားထဲသို့ဝင်ထိုင်လိုက်လေ လျှင် ကားသည် အိမ်ရှေ့မှ မောင်းထွက်ခဲ့ လေသည်။
ရုတ်တရက်တွင် မည်သူမျှ စကားမပြော နိုင်ကြ။ ဘာပြောရမှန်း  မသိတတ်သလို ရှိကြသည်။ 
ဒေါ်ရေနံ့သာခင်ခင်ကြီးအနေနှင့် မေးလို သောမေးခွန်းများ၊ ပြောလိုသောစကား များ ရှိနေသည်။ သို့တိုင်အောင် မျက်နှာ ထား မှုန်နေဆဲဖြစ်သည့် နန်းကိန္နရီ၏   အသွင်အပြင်ကိုကြည့်ကာ မမေးရက်နိုင် အောင်ရှိသည်။  ဒေါ်ဝင်းရီကိုယ်တိုင် လည်း ဘာမျှမပြောနိုင်ဘဲရှိသည်။
လမ်းကွေ့ချိုးတစ်ခုသို့အရောက်၌ နန်းကိန္နရီက စကားဆိုသည်။
“ဘုရားကြီးတိုက်ကို သွားမလားဟင်” 
သည်တွင်  ဒေါ်ရေနံ့သာခင်ခင်ကြီးက ပြောသည်။
“နေပေစေဦး အရီ၊ ဒီကနေ့အတွက် တော်လောက်ပါပြီ။ နောက်နေ့တွေကျမှ ပဲ   သွားကြတာပေါ့။   တည်းအိမ်ကိုပဲ မောင်းတော့”
x x x x x
[၃] 
လရောင်သည် အရှေ့ရိုးမမှ ကျော် လွန်ဖြာကျစ ပြုပေပြီ။ များစွာ လင်း ထင်ခြင်းမရှိသေး။ မြူထုကို အားတင်း ထိုးဖောက်နေရဟန်ရှိသည်။
သို့စေကာမူ နန်းကိန္နရီရှိသောနေရာ သို့ လရောင်ရောက်လာစပြုပြီ။ သစ်ကိုင်း သစ်ရွက်တို့အကြားမှ     ပြောက်တိ ပြောက်ကြား ယိုဆင်းလာစပြုပြီ။
နန်းကိန္နရီသည် ခြံရှေ့မြက်ခင်းရှိ ဒန်း ပေါ်တွင်  တစ်ကိုယ်တည်းထိုင်နေသည်။ တစ်နေ့လုံးလိုလိုပင်     သူ၏စိတ်မှာ မငြိမ်သက်နိုင်။ လူကိုယ်တိုင်သည်လည်း ယောက်ယက်ခတ်လျက်  ရှိရချေသည်။ နေ့လယ်က အဖြစ်အပျက် အတွေ့အကြုံ သည် နန်းကိန္နရီ၏စိတ်ကို လှုပ်ရှားစေ နိုင်စွမ်းရှိခဲ့ဟန်တူသည်။
နေ့လယ်ကအဖြစ်အပျက်သည် နန်း ကိန္နရီ ယင်းအိမ်တွင် မနေနိုင်ဘဲ အငြိမ့် စင်ပေါ်သို့ရောက်ရှိခဲ့ခြင်း၏ သဲလွန်စကို မြင်တွေ့လာရသည်။ နန်းကိန္နရီ မန္တလေး မှသည် ရန်ကုန်သို့ ရောက်ရှိလာရခြင်းကို ယေဘုယျမျှ နားလည်လာသည်။
စောစောပိုင်းကဆိုလျှင် ဒေါ်ဝင်းရီသည် အိမ်အပေါ်ထပ်ဝရန်တာမှနေ၍ နန်းကိန္နရီ အား စောင့်ဆိုင်းကြည့်ရှုနေသည်။
နန်းကိန္နရီအား   ကြည့်ရသည်မှာ 
တစ်စုံတစ်ရာကိုအလေးအနက်စဉ်းစားနေပုံရသည်။     သူ၏စိတ်အစဉ်တွင် ရှုပ်ထွေးနောက်ကျိဖွယ်များ ပေါ်ပေါက် နေဟန်ရှိသည်။
ယခု   ဒေါ်ဝင်းရီသည်   အိမ်အပေါ် ထပ်မှဆင်းလာသည်။ နန်းကိန္နရီရှိရာသို့ လျှောက်ခဲ့သည်။
“လာ ဒေါ်ဒေါ်ဝင်း” ဆိုကာ နန်းကိန္နရီ နေရာဖယ်ပေးသဖြင့်    ဒေါ်ဝင်းရီသည် နန်းကိန္နရီ၏နံဘေးတွင် ဝင်ထိုင်လိုက် သည်။
“အရီ့အတွက်  ဒေါ်ဒေါ်ဝင်းတို့ စိတ် မောနေရပြီထင်တယ်”
နန်းကိန္နရီ ဆိုသည်။
“ဒေါ်ဒေါ်ဝင်းတို့အတွက်က ကိစ္စမရှိပါ ဘူး။  အရီကိုယ်တိုင်  စိတ်မောလူမော ဖြစ်နေရတာက ဆိုးတာပါ၊ နေ့လယ်က တွေ့ခဲ့ရတဲ့အမျိုးသမီးဟာ    အတော် မချေမငံနိုင်တယ်နော် အရီ”
နန်းကိန္နရီက သက်ပြင်းရှိုက်လိုက်သည်။
 ဆက်လက်ဖော်ပြပါမည်။