ယမန့်နေ့မှအဆက်


ယခုတစ်ကြိမ်တွင်လည်း သူတို့ မေးကြပြန်သည်။ 


“ညည်းမေမေရဲ့ပစ္စည်းတွေ အခုထိ မကုန်နိုင်သေးဘူးလား”


အခါတိုင်း တင်တင်ရီ ဘာမျှပြန် မပြောခဲ့သော်လည်း သည်တစ်ခါတွင်မူ ပြန်ပြောမိသည်။ 


“ဒါ နောက်ဆုံးပဲထင်ပါရဲ့”


သည်တွင် အပျိုကြီးမမများသည် သူမအား ကရုဏာသက်စွာ ဝိုင်းဝန်း ကြည့်ရှုလာကြလေသည်။


“အင်း တစ်နေ့ ဒီလိုပဲဖြစ်ရမှာပေါ့လေ။ ဒါနဲ့ ညည်းနဲ့ မအေးမြနဲ့ကော သင့်သင့်မြတ်မြတ်ရှိကြရဲ့လားဟင်”


“မေမေနဲ့လား” 


“‌ေဩာ်၊ မအေးမြကို မေမေလို့ခေါ်သလား”


“ကျွန်တော် သူ့ကို မေမေလို့ အရင်ကတည်းကခေါ်တာပဲ”


“ဟုတ်လား၊ သိပါဘူးအေ၊ တို့များက မခေါ်ဘူးလားလို့။ ဒါပေမဲ့ သတိထား တင်တင်။ သူဟာ ညည်းအမေအရင်းတော့မဟုတ်ဘူးနော်”


တင်တင်ရီ၏စိတ်တွင် ကျဉ်းကျပ်လာသည်။


စင်စစ် သည်အိမ်သို့ ရောက်ရလေတိုင်း သည်စကားကို ကြားရမြဲဖြစ် သည်။ သည်သို့ အပြောခံရမြဲဖြစ်သည်။


“ေဩာ်၊ တင်တင်၊ တင်တင်။ ညည်းဟာ အင်မတန်ကံကောင်းလွန်းလို့ ဒီအသက်အရွယ်အထိ လူဖြစ်နေရရှာ တာပါကလား”


ဒေါ်မူယာက ညည်းညူသလို ဆိုသည်။


တင်တင်ရီ၏စိတ်တွင် သည်းမခံနိုင်လောက်အောင် ဖြစ်လာသည်။ မိမိအား ကရုဏာသက်နေကြခြင်းများ၊ မအေးမြ မှာ မိခင်မဟုတ်ဆိုခြင်းများအတွက် ခံပြင်းမိသလိုလည်း ရှိလာသည်။ ငယ်စဉ်ကဆိုလျှင်တော့ သည်အကြောင်းပြောလျှင် ထပြန်မိခဲ့မြဲဖြစ်သည်။ သည်ထက် ကျော်လွန်နားထောင်မနေစဖူး။ ယခုတော့ သိလိုစိတ်ကလည်း ပြင်းပြနေသည်။ မအေးမြအပေါ်တွင် သံသယ စိတ်ဝင်နေသည်။ ထို့ကြောင့် ထမပြန် ဖြစ်။ 


“ညည်းမေမေရဲ့ပစ္စည်းတွေကုန်ရင် ဒီအိမ်မှာ ညည်း အနေရ အစားရကျပ်လာ တော့မှာပဲ တင်တင်”


တင်တင်ရီသည် ဒေါ်မူယာ၏မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။


“ကျွန်တော့်ဖေဖေမှာ မအေးမြအပြင် တခြား မိန်းမတစ်ယောက်ရှိသေးလား ဟင်၊ ဒါကို ကြီးကြီးတို့သိသလား”


သည်အမေးစကားကို ကြားရသောအခါ အမျိုးသမီးကြီးများ၏မျက်နှာတွင် ရွှင်ပျခြင်းများပေါ်လာသည်။ မိမိတို့နားမလည် နိုင်သည့်အရာ လောကတွင် မရှိဟူသော အမူအရာမျိုး ပေါ်ပေါက်လာသည်။


“သိပ်သိတာပေါ့ တင်တင်ရဲ့။ အမှန်တော့ အဖြစ်အပျက်တွေဟာ တို့မျက်စိ အောက်မှာတင် ဖြစ်ပျက်သွားခဲ့တာက လား”


“ဒါဖြင့် ကျွန်တော်ဟာ ဖေဖေရဲ့ ပထမမိန်းမက မွေးခဲ့တာပေါ့နော်။ မအေးမြဟာ ကျွန်တော့်မိထွေးပေါ့နော်”


“အစစ်ပေါ့”


သူငယ်ပြန်အံ့ဆဲဆဲဖြစ်သော ဒေါ်ဖြူပြာ က အားပါးတရ ဆိုလိုက်သည်။


“ကျွန်တော့်မေမေ ဘယ်ကိုရောက်သွား သလဲဟင်”


“သူလား၊ ညည်းငယ်ငယ်ကတည်းက ပျောက်သွားရှာတာပဲ။ အခုဆိုဘယ် နေရာဆီများရောက်နေမလဲမသိဘူး”


တင်တင်ရီသည် ရှိုက်ငိုခြင်း မပြုမိအောင် မနည်းထိန်းချုပ်ထားရသည်။ အံကို တင်းတင်းကြိတ်ရင်း ဝဲလာသော မျက်ရည်ကို သိမ်းဆည်းရသည်။


“အခုပစ္စည်းတွေဟာ ညည်းမေမေရဲ့ ပစ္စည်းတွေချည်းပဲပေါ့၊ ဒါတွေနဲ့ ထိုင်စားနေကြတာ ဘယ်လောက်ကြာပြီလဲ။ ဒါတွေရှိနေတုန်းတော့ မအေးမြက တင်တင်ကို ကြည်ဖြူနေဦးမှာပါ။ ဒါတွေ ကုန်တဲ့ရက်ကျရင်တော့ သဘောထား တစ်မျိုးပြောင်းလာမှာအမှန်ပဲ” 


“ကျွန်တော့်မေမေကို ကြီးကြီးတို့ မြင်ဖူးသလား ဟင်” 


တင်တင်ရီ မေးသည်။


“အို၊ မမြင်ဖူးပဲရှိပါ့မလား။ မိန်းမချော တစ်ယောက်ပဲ။ အသက်ကလည်း ဘာမှ ကြီးသေးတာမဟုတ်ဘူး။ ဒါကြောင့် 


သူပျောက်ဆုံးသွားရတာကို တို့များအခုထိ ယူကျုံးမရ ဖြစ်နေမိကြတာပေါ့”


တင်တင်ရီ ဘာမျှဆက်မပြောတော့နိုင်။ ရင်ထဲတွင် ကြေကွဲခြင်း၊ လှိုက်လှဲခြင်း များက အထုအထည်ခိုင်မာစွာ ကြီးစိုး နေရာယူလာသည်။ သူသည် ထိုင်ရာမှ ထလိုက်သည်။ 


“ပြန်တော့မလို့လား တင်တင်” 


အပျိုကြီးများ၏အမေးကိုလည်း မဖြေနိုင်။


“အေး၊ ဒီအကြောင်းတွေ ခရေစေ့တွင်း ကျသိချင်တယ်ဆိုရင် တို့များအိမ်ကို လာခဲ့ဦးပေါ့”


သည်စကားကိုလည်း တုံ့မပြန်နိုင်ခဲ့။


ထိုအိမ်ပေါ်မှ ကသောကမျော ကမန်းကတန်း ဆင်းခဲ့မိသည်။ အိမ်သို့ အပြေး တစ်ပိုင်းလာခဲ့သည်။


ရင်ထဲမှာ လှုပ်ရှားသည်။


တွေးတော စဉ်းစားဖွယ်တို့သည်လည်း ရင်နှင့်တစ်လုံး ရှိနေရပေပြီ။ တစ်ခါတစ်ရံတွင် ထိုအိမ်သို့သွားမိခြင်းအတွက် နောင်တရသည်။ အပျိုကြီးမမများကိုလည်း စိတ်ကနာကြည်းချင်လာသည်။ 


သည်အကြောင်းများကို အဘယ်ကြောင့် အစဖော်ချင်ကြရပါလိမ့်။ အဘယ်ကြောင့် မိမိအား အသိပေးချင်ကြရပါလိမ့်။ မစဉ်းစားတတ်နိုင်အောင်ဖြစ်ရသည်။ မသိလက်စနှင့် မသိဘဲနေရခြင်းကမှ တော်ပါလိမ့်ဦးမည်။ သိလာရပြီဆို တော့လည်း ရင်မှာမောရပြီ မဟုတ်ပါလား။


တင်တင်ရီ အိမ်သို့ပြန်ရောက်လာသည်။


ဖေဖေ့ကို အောက်ထပ်မှာတွေ့ရသည်။ ဖေဖေသည် လက်ကောက်ပေါင်၍ရသော ငွေအနက်မှ ငွေနှစ်ဆယ်တန်တစ်ရွက် နုတ်ယူသည်။ ထုံးစံအတိုင်း အရက်ဆိုင်သို့ သွားမည်မှန်းသိလျက်က တင်တင်ရီ မေးသည်။


“ဖေဖေ ဆိုင်ကိုသွားဦးမလို့လားဟင်” 


ဖေဖေ ခေါင်းညိတ်ပြသည်။ 


“ဖေဖေ့အသက်အရွယ်နဲ့ဆို လျှော့သင့် ပါပြီ”


“ဟင်”


“အရက်တွေ သိပ်သောက်နေရင် ဖေဖေ သက်ဆိုးရှည်မှာမဟုတ်ဘူး”


ဖေဖေသည် တင်တင်ရီ၏စကားကို ရယ်ပစ်လိုက်သည်။


“ဖေဖေ့ကျန်းမာရေးအတွက် ပြောတာပါ။ ကျွန်တော်က ဖေဖေ့ကို စိုးရိမ်လို့ပါ” 


“ကိစ္စမရှိပါဘူး သမီးရဲ့။ အရက်ဟာ လူကိုတော့ ကျန်းမာစေနိုင်သလား။ မကျန်းမာစေနိုင်သလား မသိဘူး။ ဖေဖေ့ ရဲ့စိတ်ကိုတော့ ကျန်းမာစေနိုင်တယ်။ စိတ်ရဲ့အာဟာရ ဆိုပါတော့ကွယ်။ စိတ်ရဲ့ အာဟာရဆိုပါတော့။ သူက ဖေဖေ့ရဲ့စိတ်ကို ငြိမ်းချမ်းစေနိုင်တယ်လေ”


တင်တင်ရီသည် ဖေဖေ့၏မျက်နှာကို စူးစိုက်ကြည့်နေမိသည်။ သူ၏မျက်နှာကို ပြန်ကြည့်နေသော ဖေဖေ့မျက်လုံးများ နှင့် ရင်ဆိုင်ရသည်။ 


“ဒီကနေ့ အရက်ဆိုင်ကိုမသွားပါနဲ့လား ဖေဖေ”


“ဟင်”


“ဒီကနေ့ တစ်နေ့တည်းပါ။ ဒီကနေ့ တစ်နေ့ အိမ်မှာနေပါလားဟင်”


ဖေဖေ၏မျက်နှာတွင် တွေဝေသော အရိပ်အသွင် လွှမ်းလာသည်။


“ကျွန်တော် တောင်းပန်ပါတယ် ဖေဖေ”


“သမီးကိုကြည့်ရတာ မျက်စိမျက်နှာ လည်းမကောင်းပါလား သမီး ဘာဖြစ်လာသလဲဟင်”


“ကျွန်တော် ဘာမှမဖြစ်ပါဘူး ဖေဖေ”


“မဟုတ်သေးပါဘူး။ နေပါဦး အပျိုကြီးတွေက သမီးကို ဘာပြောလိုက်လို့လဲ”


“ဘာမှမပြောပါဘူး ဖေဖေ”


ယင်းအချိန်တွင် အပေါ်ထပ်မှ အသံ တစ်သံကို ကြားရသည်။ 


“တင်တင်ရီ”


အသံမှာ မအေးမြ၏အသံ။ တင်တင်ရီ ပြန်မထူး၊ ဖခင်ဖြစ်သူကိုသာ တောင်းပန် တိုးလျှိုးသောအမူအရာဖြင့် ကြည့်နေ သည်။


“တင်တင်ရီ”


ခေါ်သံ ထပ်မံထွက်ပေါ်လာသည်။ အသံမှာ ကျယ်လောင်လာသည်။


ဖေဖေသည် သက်ပြင်းရှိုက်လိုက်သည်။


“ကောင်းပြီလေ။ ဒီလိုလုပ်၊ ဒီကနေ့ အဖေ အများကြီးမသောက်ဘူး။ နေထိုင်ကောင်းရုံလောက်ကလေးပဲ သောက် မယ်။ အိမ်ကို စောစောပြန်လာမယ်။ ဖေဖေ သိတယ်။ ဖေဖေ သိတယ်။ သမီး မှာ ပြောစရာ တစ်စုံတစ်ခုရှိတယ်ဆိုတာ ဖေဖေ သိတယ်” 


“တင်တင်ရီ၊ တင်တင်ရီ” 


အိမ်ပေါ်ထပ်မှ ဒေါသတကြီး ခေါ်သံကြားရသည်။ 


“ကဲ သွားလိုက်ဦး” ဆိုကာ ဖေဖေအိမ်မှ ထွက်သည်။ ဖေဖေ ခြံဝသို့ရောက် သည်အထိ စောင့်ကြည့်နေပြီးနောက် တင်တင်ရီ အိမ်ပေါ်ထပ်သို့ တက်ခဲ့ သည်။


မအေးမြသည် လှေကားပေါက်ကို ကျောပေးရင်း မှန်တင်ခုံတွင် ထိုင်နေ သည်။ ဆံပင်ကို အတွန့်အကောက်များ ဖြစ်အောင် ပြုပြင်နေသည်။ 


သူ့နောက်ကျောဘက်တွင် တင်တင် ရီ လာရပ်သည်ကို မှန်ထဲမှနေ၍ မအေးမြ တွေ့ရသည်။


“ဘယ်လိုတုံး မကြီးစာ။ ခေါ်တဲ့လူ အသက်ထွက်တော့မယ်။ ဘာဖြစ်လို့ မထူးတာလဲဟင်။ ညည်းပါးစပ်က ဘာဖြစ်နေလို့လဲ”


တင်တင်ရီ မအေးမြကို အဖြေမပေး။ မှန်တွင် အရိပ်ထင်နေသော မျက်နှာကို စူးစူးစိုက်စိုက်ကြီး ကြည့်နေသည်။ နားဝယ် အပျိုကြီးပြောသောစကားတို့ ဂယက်ထန်လာသည်။


“သူ ငါ့အမေမဟုတ်ပါလား။ သူနဲ့ငါ ဘာမှမတော်ပါကလား”


ဆက်လက်ဖော်ပြပါမည်။