မောင်သိန်းဆိုင်


ယမန်နေ့မှအဆက်


“မေဓာဝီလေ့ ရသေ့နှယ် နေရာရှာ သကို၊ ဆင်နှာမောင်းတစ်ပင်လုံး သုံးခွက် တစ်ခွက်တင် ကျိုသောက်လွန်လွန်းလို့ ကျောက်ခွက်ညိုမှာ ရွှဲရွှဲစိုအောင် ရှူရှူ ပန်းတယ်လေ . . .”
ဖေဖေသည် အတော်ချည်း ထွေခဲ့ ဟန်ရှိသည်။ သီချင်းကို ခပ်ကျယ်ကျယ် ဟစ်လာသည်။    ဖေဖေ၏အသွင်ကို အဝေးမှပင် မြင်နိုင်သည်။ လမ်းလျှောက် လာရာတွင်  ကိုယ်မှာ  ယိုင်နေသည်။ သိုင်းကွက်နင်းနေသည်။ တင်တင်ရီ သည် ဖေဖေရောက်အလာကို စောင့် ကြည့်နေမိသည်။
“မွေးထိုက်လို့   မွေးရတော့မယ်။ သူငယ်မကုသိုလ်၊ ငါ့ကုသိုလ်၊ ငါ့သမီး မှန်တယ်ဆိုရင် လက်တိုဂျင်ဂလက်ဇို၊ ငါ့လက်က ထွက်လိုက်ဟ ချိုချို”
ဖေဖေသည်  တင်တင်ရီရှေ့သို့ရောက် လာသည်။  အစသော်   တင်တင်ရီကို ဘယ်သူဘယ်ဝါမှန်းသိပုံမရ။   စူးစိုက် ကြည့်နေသည်။   အတော်ချည်းကြာမှ မှတ်မိပုံရသည်။
“ဘယ်သူများလဲလို့    လက်စသတ် တော့သမီးကိုး”
တင်တင်ရီသည် ဖေဖေ့ကို ကြေကြေ ကွဲကွဲကြီး စူးစိုက်ကြည့်နေမိသည်။ 
ဖေဖေ့ကိုယ်မှ အရက်ချွေးနံ့ရသည်။ ချဉ်စူးစူးနံနေသည်။     ဖေဖေသည် မတ်မတ်ရပ်နိုင်အောင်ပင် မနည်းချည်း ကြိုးစားနေရသည်။    လဲတော့မလို ပြိုတော့မယောင်နှင့်။
သည်တော့လည်း     ဓာတ်တိုင်နှင့် ကိုယ်ကိုခွာကာ   ဖေဖေ့ထံ   တိုးလာခဲ့ သည်။ ဖေဖေ့ကိုတွဲရသည်။
“သမီး ဒီမှာဘာထွက်လုပ်နေတာလဲ ဟင်။ အခုထိ ဘာလို့မအိပ်သေးတာလဲ”
လျှာလေး အာလေးနှင့် ဖေဖေမေး သည်။ အဘယ်မျှမူးနေသည်ဆိုစေကာမူ တင်တင်ရီ သည်အချိန်၌ အိမ်ပြင်ထွက် နေသည်ကိုမူ ဖေဖေ သဘောကျပုံမရ။
“ပြောစမ်းသမီး၊     ဒီအချိန်ဟာ 
မိန်းကလေးတစ်ယောက်   အိမ်အပြင်မှာ ရှိသင့်တဲ့အချိန်မျိုးလား”
တင်တင်ရီမဖြေသဖြင့်     ဖေဖေ   ထပ်မေးသည်။ 
တင်တင်ရီသည်   ငိုရှိုက်ချင်စိတ်ကို မနည်းချုပ်တည်းရသည်။
“ဟုတ်တယ်ဖေဖေ၊   ဒီအချိန်ဟာ မိန်းကလေးတစ်ယောက် လမ်းမှာ ထွက် ရပ်နေသင့်တဲ့အချိန်မျိုးမဟုတ်ဘူး။ ဖေဖေ ကိုယ်တိုင်လည်း   အပြင်မှာရှိနေသင့်တဲ့ အချိန်မျိုးမဟုတ်ဘူး”
တင်တင်ရီက ကိုယ့်အဓိပ္ပာယ်နှင့်ကိုယ် ပြောသည်။ သူ၏အသံမှာ  နာကြည်းဟန် ပေါ်နေသည်။  မာကျောသွားသည်။  ဤ သည်ကို ဖေဖေက သူ့အား အပြစ်တင် သည်ဟု  ထင်မှတ်ပုံရသည်။  ချက်ချင်း စိတ်ပြောင်းသွားသည်။ ရယ်သွမ်းသွေးရင်း သီချင်းဆိုလိုက်သည်။
“ဘူးမမှုတ်နဲ့သမီးရယ်၊ ဖေဖေ့ကိုချစ် တယ်ဆို၊    ဒယ်ဒီလေးကိုချစ်တယ်ဆို၊  
ဆို ... ဆို ... ဆို”
ဖေဖေသည် သူ့ဘာသာ သဘောကျမိ သလို     အော်ဟစ်   ရယ်မောလိုက်သည်။ တင်တင်ရီသည် ချက်ချင်းပင် ရူးချင်စိတ် ပေါက်သွားသည်။
မအေးမြတို့    လွတ်လွတ်လပ်လပ် ဖောက်ပြန်နိုင်ခွင့်    ရခဲ့ခြင်းကိုလည်း ရိပ်စားလာမိသည်။ ဖေဖေသည် အရက် မူးလာပြီဆိုလျှင် သီချင်းအော်ဟစ်ဆိုတတ် သည်။ ဖေဖေ့သီချင်းသံသည် သူတို့အတွက် အချက်ပေးအထိမ်းအမှတ် ဖြစ်ခဲ့ပုံရသည်။
သားအဖနှစ်ယောက်   အိမ်ဘက်သို့ လျှောက်လာသည်။ အိမ်တွင် မီးလင်းနေ ပေပြီ။  မအေးမြနှင့်  ခင်မောင်စိုးတို့၏ အရိပ်အသွင်ကို   အိမ်အောက်ထပ်တွင် မြင်နေရပေပြီ။
တင်တင်ရီတို့ အိမ်အတွင်းရောက်ရှိလာ သောအခါ သူတို့နှစ်ယောက် ကွပ်ပျစ်ပေါ် မှာ ဣန္ဒြေရရ စကားပြောနေသည်ကို တွေ့ရသည်။ သူတို့ချင်း ဘာမှမဖြစ်ခဲ့သလို ပါပဲကလား။
သူတို့မျက်နှာများကို တင်တင်ရီ စေ့စေ့ မကြည့်ဝံ့။   မျက်နှာချင်းဆိုင်ရမည်ကို လည်း ဝန်လေးသည်။ ဖေဖေ့ကို အိပ်ရာသို့ လိုက်ပို့သည်။  သူကိုယ်တိုင်သည်လည်း အိပ်ရာသို့ဝင်သည်။  ညစာ  ထမင်းမစား ဖြစ်တော့။ အဝတ်များကိုလည်း လဲလှယ် ဝတ်ဆင်ခြင်း မပြုမိ။
ထိုညက   ခေါင်းအုံးတစ်ခုလုံး   ရွှဲရွှဲစို အောင်  ငိုရှိုက်ရသည့်အဖြစ်ကို  ဖေဖေ မသိ။ မအေးမြတို့ ခင်မောင်စိုးတို့မသိ။
ထိုစဉ်ကစ၍    သည်အသိုင်းအဝိုင်း၊ သည်ပတ်ဝန်းကျင်၊   သည်အိမ်၊ သည်အရပ် ကို   စွန့်လွှတ်ရန်   စိတ်ဆုံးဖြတ်မိသည် ကိုလည်း  သူကိုယ်တိုင်ကလွဲ၍  အခြား သူတို့ သိစွမ်းနိုင်ခြင်းမရှိကြချေ။
သို့နှယ်ဖြင့်         တင်တင်ရီ၏စိတ်မှာ ယောက်ယက်ခတ်စပြုလာသည်။ မအေးမြ နှင့် ခင်မောင်စိုးတို့၏ကိစ္စသာ ပေါ်ပေါက် လာခြင်းမရှိလေလျှင် သူ့မှာ ဖြေသာစရာ ရှိနိုင်သေးသည်။    ထိုကိစ္စသည်   သူ တွေ့ကြုံနေရသော လောလောဆယ်ကိစ္စ ရပ်များတွင် အဆိုးရွားဆုံးဖြစ်နေသည်။ 
မအေးမြနှင့် မျက်နှာချင်းမဆိုင်မိအောင် ကြိုးစားသည်။ ခင်မောင်စိုးအိမ်သို့လာ လျှင် အလိုလိုနေရင်း အနေကျုံ့ရသည်။ ဖေဖေ့ကိုမူ ကရုဏာသက်ရသည်။ ဖေဖေ နှင့်ပတ်သက်လာလျှင် နာကြည်းစရာကို ချည်းတွေ့ရသည်ဟု ထင်သည်။
ပူလောင်ပြင်းပြသော နွေရက်များသို့ ရောက်လာသည်။ စာမေးပွဲသည် ကျောနား သို့ ကပ်လာပေပြီ။ ကျောင်းပိတ်ရက်သို့ မကြာမီ  ရောက်ရတော့မည်။  ကျောင်း ဖွင့်ရက်များတွင် အိမ်မှာနေရသောအချိန် နည်းပါးသည်ဖြစ်၍    မအေးမြတို့နှင့် မျက်နှာချင်းဆိုင်ရဖို့ အခွင့်အရေးမရှိလှ။ အိမ်မှာ   စိတ်နောက်ကျိရှုပ်ထွေးရသမျှ ကျောင်းမှာ    စိတ်အပြောင်းအလွဲရနိုင် သည်။ ကျောင်းပိတ်ရက်များတွင်မူ အိမ်မှာ ချည်းနေရမည်။ မအေးမြတို့နှင့် ထာဝစဉ် မျက်နှာချင်းဆိုင်ရပေလိမ့်မည်။    ထို့ အတွက် တင်တင်ရီ ဘဝင်မကျနိုင်အောင် ရှိရသည်။ 
သည်အတွင်း စာမေးပွဲနီးကပ်လာသည် ကို အကြောင်းပြုကာ စာပြပေးမည်ဆို သောသဘောဖြင့် ခင်မောင်စိုးက  သူနှင့် လက်ပွန်းတတီး ရင်းနှီးရန် အားထုတ် သည်။ တင်တင်ရီသည် ခင်မောင်စိုး စာပြ မည်ကို လက်မခံ။ မအေးမြက ထို့အတွက် သူ့အား ဆူပူကြိမ်းမောင်းခဲ့သေးသည်။
တင်တင်ရီသည် လမ်းထိပ်က အပျိုကြီး များအိမ်သို့ တစ်ကြိမ်ရောက်ရသေးသည်။ ပေါင်နှံရန်မဟုတ်၊     ငွေချေးရန်မဟုတ်၊ စိတ်က အလိုလိုသွားချင်နေ၍ဖြစ်သည်။ ဖေဖေပြောခဲ့သောစကားများကို အတည် ပြုချက်ယူရန် ဖြစ်သည်။ ထိုအခါ ယင်း မိန်းမကြီးများ၏စကားသည် ဖေဖေပြော ခဲ့သောစကားနှင့် တစ်ထပ်တည်းကျနေ ကြောင်း တွေ့ရသည်။
စာမေးပွဲဖြေရသည်။    မည်သို့ဆိုစေ မိမိ၏ဘဝလွတ်မြောက်ရေးမှာ စာမေးပွဲ အောင်မြင်မှုဖြစ်ကြောင်း    တင်တင်ရီ သဘောပေါက်သည်။   နားလည်သည်။ စာမေးပွဲကို ကြိုးစားဖြေဆိုသည်။
နွေရက်များသို့ ရောက်လာပြီဆိုလျှင် တင်တင်ရီတို့အိမ်ခေါင်းရင်း မန်ကျည်း ပင်သို့ ဖော်မဲ့ဥသြငှက် ရောက်လာတတ်မြဲ။ လွမ်းမက်ဖွယ်သောတေးကို ရင်ကွဲမတတ် သီကြွေးတတ်မြဲ ဖြစ်သည်။
ဥသြငှက်ကိုမြင်ရလေတိုင်း  မိမိကိုယ် နှင့် နှိုင်းစာရင်မောရသည်။
နွေ၏ အပြင်အလျာသည် ခြောက်သွေ့ နွမ်းနယ်သည်ချည်း၊ ပူလောင်ပြင်းပြသည် ချည်းပင်။ သစ်ပင်တို့သည် မိမိကိုယ်မှာ ဆင်မြန်းထားသော ရွက်ကျင်ရွက်ဝါများ ကို စွန့်ပစ်နေသည်။ ကြည့်လေရာရာ အရိုးပြိုင်းပြိုင်း အကိုင်းသွယ်သွယ် ဖြစ်နေသည်။ 
စင်စစ်    တင်တင်ရီ၏ဘဝမှာလည်း နွေ၏အပြင်အလျာနှင့် မည်သို့မျှမခြား နား။  နွေနှယ်ပင်  ပူပြင်းသည်၊ ခြောက် သွေ့သည်၊ သာယာချမ်းမြေ့ရခြင်းဟူ သမျှ ရွက်ကြွေတောမှ ရွက်ဝါကျင်များ နှယ် သူ့ကို စွန့်ခွာသွားတတ်ကြသည်။
သည်အတွင်းမှာပင် သတင်းတစ်ခုကို တင်တင်ရီကြားရသည်။
ခင်မောင်စိုးက သူ့အား လက်ထပ်လို သည်ဆိုသောသတင်း။
တင်တင်ရီတုန်လှုပ်သွားသည်။ အံ့သြ သွားသည်။  ခံပြင်းခြင်းကိုလည်း ခံစားရ သည်။
သတင်းကိုပြောပြသူမှာ မအေးမြ။
 မအေးမြကိုယ်တိုင်က ယင်းသို့ပြော လာနိုင်ခြင်းကို တင်တင်ရီနားမလည်နိုင်။ 
“ညည်းကို တို့များက တက္ကသိုလ်တွေ ဘာတွေအထိ    ပို့နိုင်လိမ့်မယ်မထင်နဲ့ တင်တင်ရီ။ ဒီအခြေအနေနဲ့ ကျောင်း မှာ ဒီလောက်ထားနိုင်တာကိုပဲ ကျေးဇူး တင်ဦး။ ဒီတော့ ညည်းလုပ်ဖို့အကောင်း ဆုံးက    လက်ထပ်ဖို့ပဲ။    ယောက်ျား ယူလိုက်ဖို့ပဲ။ ဒါဆိုရင် ညည်းရဲ့ဘဝကို ညည်းဘာသာ ဖန်တီးလို့ရလာမှာပဲ”
မအေးမြက    ယင်းသို့လည်း   ဖြား ယောင်းလာသည်။
“လက်မထပ်ဘဲနဲ့ ကျွန်တော့်ဘဝကို ဖန်တီးလို့မရနိုင်ဘူးထင်သလား မေမေ”
တင်တင်ရီမေးမိသည်။
“ဒီလိုတော့မဟုတ်ဘူးပေါ့အေ။ ဒါပေမဲ့ တို့များဘက်ကိုလည်း   ထည့်တွက်ဦးမှ ပေါ့။ သဘောက တို့များအနေနဲ့ ညည်း ကို ဆက်ပြီး တာဝန်မယူနိုင်တာလည်း ပါပါတယ်”
မအေးမြ၏စကားကို    တင်တင်ရီ နာကြည်းစွာ ရယ်ပစ်လိုက်မိသည်။
“ရှင်းရှင်းပြောစမ်းပါမေမေ။ ကျွန်တော့် ကို မေမေအလိုမရှိတော့ဘူး မဟုတ် လား။ ဒီအိမ်မှာ မနေစေချင်တော့ဘူး မဟုတ်လား” 
မအေးမြ စကားမပြန်။
“ကျွန်တော့်အမေအရင်းသာဆိုရင် ကျွန်တော့်ကို ဒီလိုပြောမှာမဟုတ်ဘူး”
တင်တင်ရီသည်   တစ်ကိုယ်တည်း ပြောသလိုပြောလိုက်သည်။ လေသံမျှ သောအသံဖြင့်   ပြောလိုက်မိခြင်းဖြစ် သည်။   ထို့ကြောင့်  သူ၏စကားကို မအေးမြ နားမလည်လိုက်။
“မောင်စိုးဟာ   အသက်နည်းနည်း ကွာတာကလွဲလို့ ညည်းနဲ့အသင့်တော် ဆုံးလူတစ်ယောက်ပဲ တင်တင်ရီ”
“ဗျာ၊  ကျွန်တော်လက်ထပ်ရမှာက ကိုခင်မောင်စိုးလား”
“ဟုတ်တယ်၊ ငါတော့ သူနဲ့ပဲမှန်းထား တယ်”
ဆက်လက်ဖော်ပြပါမည်။