၁ ဇူလိုင်


ရေနံထွက်ကုန်တွေ လျှော့ချမယ့်အရေးနဲ့ပတ်သက်ပြီး  ရေနံတင်ပို့နိုင်ငံများအဖွဲ့   (OPEC) နဲ့    ချုပ်ဆိုထားတဲ့    စာချုပ်ကို    ခြောက်လကနေ  ကိုးလအထိ  အချိန်ဆိုင်းထားဖို့  ရုရှားနိုင်ငံက  ဆော်ဒီအာရေဗျနဲ့  သဘောတူညီလိုက်ပြီဖြစ်တယ်လို့  ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပါတယ်။ အမေရိကန်ရဲ့ ရောင်းလိုအားမြင့်တက်လာမှုနဲ့ ကမ္ဘာ့စီးပွားရေးနှောင့်နှေးမှုတွေကြောင့် ရေနံဈေးနှုန်းဟာ အသစ်တစ်ဖန်ပြန်ဖြစ်လာတဲ့ ဖိအားတွေရဲ့အောက် ကျရောက်လျက်ရှိပါတယ်။

 

ကိုးလအချိန်ဆိုင်းပေးနိုင်


ဆော်ဒီစွမ်းအင်ဝန်ကြီး ခါလစ်  အယ်လ် ဖရစ်က  ဒီကိစ္စနဲ့ပတ်သက်ပြီးတော့    အိုပက်နဲ့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ  အဖြစ်နိုင်ဆုံးကတော့ နောက်ထပ်ကိုးလလောက်    အချိန်ထပ်ဆိုင်း ပေးဖို့ရှိနိုင်ပြီး    ဒီ့ထက်ပိုပြီး   လျှော့ပေါ့ပေးဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။ ဆော်ဒီတော်ဝင် အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်နဲ့ ဆွေးနွေးပွဲတွေပြုလုပ်ပြီးနောက်  သမ္မတပူတင် က    ဇွန်  ၃၀  ရက်မှာ  သက်တမ်းကုန်ဆုံးမယ့်  အဲဒီ စာချုပ်ဟာ သှူရဲ့လက်ရှိ ဖွဲ့စည်းမှုအတွင်းမှာ တူညီတဲ့ ပမာဏနဲ့အတူ  အချိန်ဆိုင်းပေးလိမ့် မယ်လို့  သတင်းစာရှင်းလင်းပွဲမှာ  ပြောကြားခဲ့ပါတယ်။

 

ရေနံတင်ပို့နိုင်ငံများ အဖွဲ့၊  ရုရှားနဲ့  တခြား ရေနံထုတ်လုပ်တဲ့နိုင်ငံတွေ၊ အိုပက် ပလပ်စ် လို့ခေါ်တဲ့ မဟာမိတ်အဖွဲ့တွေဟာ စာချုပ်ကိစ္စကို ဆွေးနွေးဖို့  ဇူလိုင် ၁ ရက်နဲ့   ၂ ရက်တို့မှာ တွေ့ဆုံသွားကြဖို့ရှိနေပါတယ်။    စာချုပ်ထဲမှာ  ရေနံထွက်ကုန်တွေကို  တစ်ရက်မှာ  စည်ပေါင်း ၁    ဒသမ ၂ သန်းအထိ    လျှော့ချမယ့်ကိစ္စပါဝင် ပါတယ်။

 

ပါဝင်ခြင်းမရှိ


ကမ္ဘာ့ရေနံထုတ်လုပ်မှုအကြီးဆုံးအဖြစ် ရုရှားနဲ့ ဆော်ဒီကိုဦးဆောင်နေတဲ့    အမေရိကန်ပြည်ထောင်စုကတော့ အဲဒီစာချုပ်ထဲမှာ ပါဝင်ခြင်းမရှိပါဘူး။   ကျွန်ုပ်တို့အနေနဲ့က  အချိန်ရွှေ့ဆိုင်းမှုကို အားပေးထောက်ခံတယ်လို့ ရုရှားနဲ့ ဆော်ဒီအာရေဗျက  ပြောကြားပါတယ်။ရွှေ့ဆိုင်းမယ့် အချိန်အတိုင်းအတာနဲ့ ပတ်သက်ပြီးတော့ ကျွန်ုပ်တို့အနေနဲ့ ခြောက်လ ဖြစ်မလား၊ ကိုးလဖြစ်မလားဆိုတာကို ဆုံးဖြတ်ချက်ချရတော့မယ်။ ဒါက   ကိုးလလည်းဖြစ်   ကောင်းဖြစ်နိုင်တယ်လို့ ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ ဂျီ ၂၀ ထိပ်သီးအစည်းအဝေးပြင်ပမှာ ဆော်ဒီ အိမ်ရှေ့မင်းသားနဲ့ တွေ့ဆုံမှုပြုလုပ်ခဲ့တဲ့ သမ္မတ ပူတင်က ပြောကြားခဲ့ပါတယ်။

 

လျှော့ချဖို့မလို


အိုပက် ပလပ်စ်ဆွေးနွေးပွဲတွေအတွက် ဗီယင်နာကို  ရောက်ရှိနေတဲ့ ခါလစ်က ဆော်ဒီဘက်က  သဘောထားနဲ့ပတ်သက်လို့ မေးမြန်းတဲ့အခါမှာ  ၎င်းအနေနဲ့ ကိုးလအချိန် ထပ်ဆိုင်းပေးဖို့အဖြစ်နိုင်ဆုံးလို့   ထင်တယ်လို့ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

 

ဒီထက်ပိုပြီး လျှော့ချသွားဖို့နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ခါလစ်က    ဈေးကွက်အနေနဲ့ အဲဒီလောက်ထိလျှော့ချဖို့        လိုအပ်မယ်လို့ ကျွန်တော်မထင်ဘူးလို့    ၎င်းက  ပြောပါတယ်။ ဝယ်လိုအား  အနည်းငယ်လျော့ကျနေတယ်     ဆိုပေမယ့် ဒါကအခြေအနေကောင်းနေသေး တယ်လို့  ကျွန်တော်ထင်တယ်လို့ ၎င်းက ဆိုခဲ့ပြီး လာမယ့်     ခြောက်လကနေ ကိုးလအတွင်းမှာ ဈေးကွက်တည်ငြိမ်မှုရရှိဖို့ ၎င်းအနေနဲ့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

 

ဆွေးနွေးမှုအဆင်ပြေနိုင်


ကိုးလအချိန်ဆိုင်းတယ်ဆိုတဲ့သဘောက စာချုပ်ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်မတ်လမှာ သက်တမ်းကုန်ဆုံးမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။  ရုရှားဘက်က  သဘောတူလိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်က   အကယ်၍  အိုပက်အဖွဲ့ရဲ့  တတိယအကြီးဆုံး နိုင်ငံဖြစ်တဲ့ အီရန်ကပါ အဲဒီအစီအစဉ်ကို ထောက်ခံမယ်ဆိုရင် အိုပက် ပလပ်စ်အဖွဲ့အနေနဲ့  အဆင်ပြေချောမွေ့တဲ့ ဆွေးနွေးပွဲဖြစ်တစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

 

ပိတ်ဆို့မှုတွေတရားမဝင်


အီရန်အပေါ်  အမေရိကန်ကချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုအသစ်တွေကြောင့်    အီရန်ရဲ့ ရေနံတင်ပို့မှုဟာ     လျော့ကျသွားခဲ့ပြီဖြစ်ပါတယ်။ အီရန်နိုင်ငံအတွင်းမှာ အကျင့်ပျက်ခြစားတဲ့ အုပ်ချုပ်မှုစနစ်ကို   ပြောင်းလဲပစ်ဖို့    ကြိုးပမ်းတဲ့ အရေးယူပိတ်ဆို့မှုလို့ ဝါရှင်တန်ကတော့ ခေါင်းစဉ် ပေးထားပါတယ်။   သို့သော်လည်း    အီရန်ဘက် ကတော့ အမေရိကန်ကချမှတ်တဲ့     အရေးယူပိတ်ဆို့မှုတွေကို  တရားမဝင်ဘူးလို့ဆိုနေသလို  အိမ်ဖြူတော်ဟာ ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာအရ နောက်ကောက်ကျသွားစေတဲ့နည်းနဲ့ ဆက်သွားနေတယ်လို့ ပြောခဲ့ပါတယ်။

 


dkပက်ပလပ်စ်အဖွဲ့အတွင်း    မဟာဗျူဟာ ကျတဲ့  ရင်းနှီးဆက်ဆံမှုဟာ ရေနံဈေးကွက် တည်ငြိမ်မှုဆီ ဦးတည်စေခဲ့ပြီး ဈေးကွက် ဝယ်လို အား အခြေအနေတွေအပေါ်မူတည်တဲ့ ထုတ်လုပ်မှု လျှော့ချဖို့နဲ့ တိုးမြှင့်ဖို့ နှစ်ခုစလုံးကို ခွင့်ပြုပေးလျက် ရှိတယ်လို့  ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမှုဆောင်ချုပ် ဒီမစ်ထရိဗ်က ပြောပါတယ်။ ၂၀၁၉ ခုနှစ်စတင်ချိန်ကစပြီး  ရေနံစိမ်း ဈေးနှုန်းဟာ  ၂၅ ရာခိုင်နှုန်းမက      ခုန်တက်ခဲ့ပါတယ်။    ဒါပေမယ့် က္ဘာ့စီးပွားရေးနှေးကွေးမှုက ဝယ်လိုအားနဲ့ ဈေးကွက်အတွင်း  အမေရိကန်ရေနံ  လွှမ်းမိုးမှုကို  ဖိအားပေးလျက်ရှိပါတယ်။

 

လှုံ့ဆော်နိုင်


သဘောတူစာချုပ်အသစ်ဟာ ကမ္ဘာလုံးဆိုင်ရာ    ရေနံစတော့ဈေးကွက်ကို   လျှော့ချဖို့ ကူညီပေးနိုင်ပြီး  ဈေးကွက်ကို ညီမျှစေတဲ့အပြင် လာမယ့်အနာဂတ် စွမ်းအင်ထောက်ပံ့မှုတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေပိုများလာအောင်      လှုံ့ဆော် ပေးနိုင်လိမ့်မယ်လို့  ခါလစ်က  ပြောကြားပါတယ်။ဆော်ဒီ - ရုရှား ရင်းနှီးဆက်ဆံမှုဟာ ထုတ်လုပ်သူ တွေနဲ့   သုံးစွဲသူတွေရဲ့  အကျိုးစီးပွာနဲ့  ကမ္ဘာ့စီးပွားရေးအဆက်မပြတ်  တိုးတက်စေဖို့အတွက် အာမခံပေးနိုင်မယ့်  စင်္ကြံတစ်ခုအဖြစ် ဆောင်ကြဉ်းပေးခဲ့တယ်လို့  ခါလစ်က တွစ်တာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။

 

ဒေါသထွက်စေနိုင်


ရုရှားနဲ့ ဆော်ဒီအာရေဗျတို့ဟာ အိုပက်အဖွဲ့တွေ မစုဝေးကြခင်ကတည်းက သဘောတူညီမှုနဲ့ ပတ်သက်ပြီး ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒီကြေညာမှုက အိုပက်အဖွဲ့ ကြီးမှာပါဝင်တဲ့ သေးငယ်တဲ့အဖွဲ့ဝင်တွေကို  ဒေါသထွက်ကောင်း ထွက်စေနိုင်ပါတယ်။ ရုရှား - ဆော်ဒီ ဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာတဲ့ ခေါင်းကြီးသတင်းတွေကို  ကြည့်ရှုပြီးသွားတဲ့နောက်မှာ  ကိုယ်စားလှယ်တစ်ဦးက  အိုပက်အစည်းအဝေးကို    ဘယ်သူလိုအပ်လဲလို့ ပြောပါတယ်။ ကိုယ်စားလှယ်အချို့ကတော့  အီရန် ဟာ    ဇူလိုင်  ၁  ရက်မှာ  ဒါကို  ဆန့်ကျင်ကောင်း   ဆန့်ကျင်နိုင်သေးတယ်လို့ ဆိုကြပါတယ်။

 

ပါးနပ်စွာဖြေရှင်းမှု


ရုရှားစွမ်းအင်ဝန်ကြီး အလက်ဇန်းဒါး နိုဗက်က အီရန်အပါအဝင် အိုပက်အဖွဲ့ဝင်နိ်ုင်ငံ အများစုဟာ  ရေနံထွက်ကုန်လျှော့ချရေးစာချုပ် အချိန်ဆိုင်းဖို့  ထောက်ခံကြောင်း  ဖော်ပြခဲ့ပြီး ဖြစ်တယ်လို့ ၎င်းအနေနဲ့        ယုံကြည်တယ်။  ဝယ်လိုအားလျော့ကျနေတဲ့      အချိန်အတောအတွင်း      ရေနံထွက်ကုန်တွေကို      လျှော့ချဖို့ အချိန်ဆိုင်းမှုကို ခြောက်လထက် ကိုးလရွှေ့ဆိုင်း တာက လိမ္မာပါးနပ်စွာ ဖြေရှင်းလိုက်တာဖြစ်နိုင် ယ်လို့ ၎င်းက မှတ်ချက်ချခဲ့ပါတယ်။

 

ကလျာမိုးမြင့်
ကိုးကား- သည်ဂါဒီယန်