မန္တလေး၂၄ သြဂုတ်
ရွှေနန်းတော်ကျောင်း (ရွှေကျောင်းကြီး)ကို ကုန်းဘောင်ခေတ်လက်ရာတွေအတိုင်း ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းနေကြောင်း ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းမှုတွင် Volunteer အဖြစ်ဆောင်ရွက်ပေးနေသည့် နည်းပညာတက္ကသိုလ်(မန္တလေး)၊ ဗိသုကာဌာနမှ ကျောင်းသူဖြစ်သူ မငြိမ်းဆုလှိုင်ကပြောသည်။
၂၀၁၄ ခုနှစ်ကစပြီး ရွှေကျောင်းကြီးအားရှေးမူမပျက်ပြုပြင်ထိန်းသိမ်းမှုများအား ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ကမ္ဘာ့အထိမ်းအမှတ် အဆောက်အဦးများရံပုံငွေ အဖွဲ့တို့ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုအခါ လူမှုကွန်ယက်စာမျက်နှာများတွင် ရွှေကျောင်းကြီး၏ တောင်ဘက်မှ ကြမ်းခင်းနှင့်လက်ရန်း ပြုပြင်ထိန်းသိမ်းမှုနှင့်ပတ်သက်ပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လက်ရာများ ပျက်စီးသွားမည်ကို စိုးရိမ်နေကြသည်။
‘ညီမတို့ရဲ့ ရည်မှန်းချက်က ကုန်းဘောင်ခေတ်က လက်ရာအတိုင်းဖြစ်ဖို့ဆိုရင် ကျွန်းသစ်ကိုတကယ်သုံးမယ်။ အဲဒီခေတ်မှာ အသုံးပြုခဲ့တဲ့လက်မ ၊ ဒုထည်အတိုင်းပဲသုံးမယ်။ ပြီးရင် ကြမ်းခင်းက အလျားလိုက်ဆို အလျားလိုက် အဲဒီခေတ်က လက်ရာအတိုင်းပဲသွားမှာဖြစ်တယ်။ အခုဟာတွေက ကုန်းဘောင်ခေတ်ရဲ့ လက်ရာအမှန်တွေဖြစ်တယ်’ဟု မငြိမ်းဆုလှိုင်ကပြောသည်။
ရွှေကျောင်းကြီးကို လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်က ပြန်လည်ပြုပြင်ရာမှာ ပျဉ်းကတိုးသားများဖြင့်အစားထိုးပြုပြင်ခဲ့ပြီး အဆိုပါအသားများသည် ခံနိုင်ရည်အားနည်းခြင်း ၊ ပြုပြင်မှုတွင်မူလပုံစံအတိုင်း မမှီကြောင်းသိရသည်။ ယခုအခါ နှစ်ပေါင်း ၅၀ ခန့်က အစားထိုးပြုပြင်ထားသည့် ပျဉ်းကတိုးသားတွေအစာ ကျွန်းသစ်ဖြင့် အစားထိုးပြုပြင် ထိန်းသိမ်းထားသည်။
အရင်တုန်းကရှိခဲ့တာကကြတော့ ကျွန်းသစ်တွေဖြစ်တယ်။ နောက်ပိုင်းမှာပြင်လိုက်တဲ့ နှစ် ၅၀ လောက်က အစားထိုးပြင်ခဲ့တာက ပျဉ်းကတိုးသားတွေဖြစ်နေတယ်။ ပျဉ်းကတိုးသားတွေက အရွယ်အစားကလည်း မူလပုံအတိုင်းမမှီသလို သူရဲ့ခံနိုင်က အရမ်းကိုခံနိုင်ရည်နိမ့်တယ်။ အဆောက်အဦးအားလုံးထဲမှာ သူ့ရဲ့ဒဏ်ခံရဆုံးက အဲဒီကြမ်းခင်းပဲ ၊ ကြမ်းခင်းဆိုတော့ လူတွေအများကြီးတက်လာလေလေ ၊ ဝိတ်က လွယ်လွယ်နဲ့ကျိုးသွားနိုင်တယ်။ တကယ်လို့သာ အဲဒီဟာတွေကိုမလဲချင်ဘူး ဆိုရင် လူတွေတက်တဲ့အရေအတွက်ကို ကန့်သတ်လိုက်တာမျိုဖြစ်သင့်တယ်။ အကုန်လုံးတက်ကြမယ်ဆိုရင် ဒါတွေကလဲမှဖြစ်မယ်’ဟု မငြိမ်းဆုလှိုင်ကပြောသည်။
ယခုထိန်းသိမ်းပြုပြင်ရာတွင် ကုန်းဘောင်ခေတ်လက်ရာအတိုင်းပြုပြင်ခြင်းဖြစ်ပြီး ပြည်ပကိုပို့မည့် အေအဆင့် ၊ ဘီအဆင့်ရှိသည့် ကျွန်းသစ်များကို အသုံးပြုထားသည်ဟုသိရသည်။
အိမို့မို့ခိုင်