မန္တလေး ၁၉ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ်၊ ဒေါနဘွားရပ်ကွက် ၊ ၆၂လမ်း ၊ မဟာအတုလဝိဇယာရာမတိုက်ရွှေနန်းတော်ကျောင်းအနီးတွင် ရောင်းချလျက်ရှိသည့် ဓားခြစ်ပန်းချီကားများကို ပြည်ပခရီးသွားများ စိတ်ဝင်တစား ကြည့်ရှုဝယ်ယူမှု များပြားလျက်ရှိကြောင်း ပန်းချီဆရာဦးဆန်းကျော်ထံမှ သိရသည်။
တောင်သမန်အင်း ၊ အင်းလေး ၊ ပုပ္ပါးတောင် ၊ မန္တလေးတောင် ၊ ဧရာဝတီမြစ် ၊ ဘုရားစေတီပုံ ၊ သံဃာတော်များ ဆွမ်းခံကြွနေပုံစသည့် မြန်မာ့ရှုခင်းနှင့် အထင်ကရနေရာများ ၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုသဘာဝများ ၊ နေ့စဉ်ဘဝ ဖြတ်သန်းမှုဘဝများကို သရုပ်ဖော်ရေးဆွဲရောင်းချနေသည့် ဓားခြစ်ပန်းချီဆိုင်လေးမှာ ရွှေနန်းတော်ကျောင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများအတွက် စိတ်ဝင်စားစရာနေရာတစ်ခုဖြစ်နေခဲ့သည်။
“ထိုင်းက ဝယ်တယ်။ ပြင်သစ်ဝယ်တယ်။ သူတို့ကတော့ အများဆုံးဝယ်တယ်။ တစ်ခါတစ်လေတော့ ဂျာမန်တွေ ဝယ်တယ်။ လာလည်တာကတော့ တရုတ်တွေ အလာများတယ်။ တရုတ်တွေ ၊ ဂျပန်တွေက မဝယ်ဘူး။ ငါးခွဲရှစ်လက်မဆိုဒ် တစ်ပုံကို နှစ်ထောင် ၊ တစ်ဆယ့်ငါးလက်မ ဆိုဒ်တစ်ပုံကို ခုနှစ်ထောင် ၊ နှစ်ပုံယူရင်တော့ တစ်သောင်းပေါ့။ ပုံမှန်တော့မရှိဘူး ဧည့်သည်ကျရင်တော့ တစ်ခါတစ်လေတော့ သုံးသောင်းဖိုးလောက် ရောင်းရတယ်။
တစ်ရက်ကို တစ်သောင်း၊ တစ်သောင်းခွဲ လောက်တော့ တွက်လို့ရမှာပေါ့ ” ဟု အသက် (၅၅)နှစ်ဝန်းကျင်ခန့်ရှိ ပန်းချီဆရာဦးဆန်းကျော်က ပြောသည်။
ကလေးများစာမေးပွဲဖြေသည့်အခါ အောက်ခံအဖြစ်သုံးသည့် သစ်သားဖလက်ပြားပေါ်တွင် ပန်းချီစာရွက်ကို ကလစ်ဖြင့်ညှပ်ကာ ဆီဆေးအနက်ကို အောက်ခံသုတ်ရကြောင်း ၊ ရေးဆွဲမည့်စိတ်ကူးအတိုင်း စုတ်တံအတုံးဖြင့် အရာလေးများပေးကာ ဆေးသားများကို ဘရိတ်ဓါးဖြင့်ခြစ်ပြီး ပုံဖော်ကြောင်း ၊ ဆေးခြောက်အောင်စောင့်ဆိုင်းရသည့် အချိန်အနည်းငယ်မှအပ ပုံတစ်ပုံလျှင် အနုစိတ်မှုအလိုက် တစ်မိနစ်မှ ငါးမိနစ်ခန့်သာကြာရှိကြောင်း ပန်းချီဆရာက ရှင်းပြသည်။
ဇေယျတု(မကွေး)