ပန်းတောင်း  ၇ ဇွန်

 

ရေနံတွင်းတူးဖော်ခြင်းလုပ်ငန်းတွင် ပါဝင်သွားသည့် တောင်သူများ၏ မြေယာနှင့် သီးနှံစိုက်ခင်းများအတွက် လျော်ကြေးငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။

 

ထိုသို့ပေးအပ်ရာတွင် ပန်းတောင်းမြို့နယ် ကုန်းတွင်းရေနံလုပ်ကွက်အမှတ် Block EP4 အတွင်း ရေနံတွင်း တူးဖော်ခြင်းလုပ်ငန်း၌ ပါဝင်သွားသည့် တောင်သူ(၃)ဦး၏ မြေဧရိယာ ၈ ဧကနှင့် တောင်သူ ၂၁ ဦး၏ လမ်းဧရိယာ ၂ ဒသမ ၇၈၇ ဧက စုစုပေါင်း တောင်သူ ၂၄ ဦး၏ မြေယာနှင့် သီးနှံများအတွက် နစ်နာကြေး စုစုပေါင်း ငွေကျပ် ၄၈၈၆၂၆၆၀ ကို ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် တာဝန်ရှိသူများက တောင်သူများထံ ပေးအပ်ခဲ့သည်။

 

mdn

 

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်၊ ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသက်ထွန်း၊ BASHNEFT International B.V ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)